လာမယ့်ဇူလိုင်လကနေစတင်ပြီး ရန်ကုန်အပါအဝင်မြို့ကြီးသုံးမြို့မှာ ပေါ်ဆန်းမွှေးဆန်တွေကို အိမ်အရောက်ပို့စနစ်နဲ့ ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published_ 26 June 2024
#ပေါ်ဆန်းမွှေးဆန် #အိမ်အရောက်ပို့ရောင်းချ
#YMG NN #Yangon_Times
#Local_News
Published 26 June 2024
▪️ မန္တလေး၊ အမရပူရမြို့နယ်၊ စစ်ကိုင်း - မြစ်ငယ်ဖြတ်လမ်း(ဒွေးလမ်း)ကမ္ဘဲ့ကျေးရွာအနီး တွင် Light Truck ယာဉ်တစ်စီးအရှိန်လွန်ကာ လမ်းဘေးသစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)ထံမှ သိရသည်။
▪️ ဇွန်လ ၂၆ မနက် ၉နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ကာ ယာဉ်တိုက်မှုကြောင့် ခေါင်းခန်းတွင်ယာဉ်မောင်းအမျိုးသားမှာ ညှပ်မိနေကြောင်း သိရသည်။
▪️ အဆိုပါ ယာဉ်ပေါ်တွင်ညှပ်မိနေသူကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှအရေးပေါ် ရှာဖွေကယ်ဆယ်ရေးယာဉ် သွားရောက်ကူညီခဲ့ရာ ၉နာရီ ၅၀ မိနစ် တွင် လူနာအား Hydraulic စံနစ်သုံး ကယ်ဆယ်ရေးပစ္စည်းများအသုံးပြုကာ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#World_News
Published 26 June 2024
▪️ ကင်ညာနိုင်ငံမှာ အခွန်တိုးမြှင့်ကောက်ခံရေး ဥပဒေကြမ်းကို ဆန္ဒပြကြရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ကြပြီးနောက် တိုင်းပြည်လုံခြုံရေးကသာ ပထမဦးစားပေးဖြစ်တယ်လို့ ကင်ညာသမ္မတ ဝီလျံရူတိုက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
▪️ လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်သောင်းကျန်းဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ရာမှ အနည်းဆုံးလူ ၅ ဦးသေဆုံးခဲ့ပါတယ်။
▪️ မြို့တော်နိုင်ရိုဘီမှာ ဆူပူကြမ်းရမ်းမှုတွေ ဖြစ်ပျက်ခဲ့ပြီး ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့အင်အားထက် ပိုမိုများပြားခဲ့ကာ ရဲတွေနောက်ကနေလိုက်ရင်း လွှတ်တော်ဝန်းထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပုံတွေ၊ အဆောက်အအုံအတွင်း အချို့နေရာမှာ မီးလောင်ကျွမ်းသဖြင့် ထိခိုက်ပျက်စီးထားပုံတွေကို Citizen TV ရုပ်သံမှ ပြသခဲ့ပါတယ်။
▪️ နိုင်ငံအနှံ့ အခြားမြို့တွေမှာလည်း ဆန္ဒပြမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိခဲ့ပြီး လူအများအပြားက အခွန်တိုးမြှင့်ကောက်ခံခြင်းကို ဆန့်ကျင်ဖော်ထုတ်ကြသလို သမ္မတရူတိုကိုလည်း ရာထူးမှနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
▪️ ဒီလိုမျိုး ပုန်ကန်တဲ့ လုပ်ရပ်တွေကို အမြန်ဆုံးတုန့်ပြန်သွားမယ်လို့ ရူတိုက အသေအချာ ပြောကြားသွားပါတယ်။
ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲဖို့ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်တဲ့နောက် သေနတ်ပစ်ခတ်ခဲ့ပါတယ်။
▪️ ဆန္ဒပြသူတွေကို လွှတ်တော်အဆောက်အအုံကနေ တဖြည်းဖြည်း ရှင်းထုတ်နိုင်ခဲ့ပြီး လွှတ်တော်အမတ်တွေလည်း မြေအောက်လှိုဏ်ခေါင်းကနေ လွတ်မြောက်သွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာက ဆိုပါတယ်။
▪️ ကင်ညာဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ အဆိုအရ အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပြီး ၃၁ ဦးဒဏ်ရာရခဲ့ကြောင်း၊ ကျည်ဆံအစစ် ၁၃ ချက်နဲ့ ရော်ဘာကျည် ၄ ချက် တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
▪️ ကင်ညာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဘေး၊ ယူကရိန်းစစ်ပွဲဘေး၊ ၂ နှစ်ဆက်တိုက် မိုးခေါင်ရေရှားမှုဘေး၊ တိုင်းပြည်ငွေကြေးတန်ဖိုး ကျဆင်းမှုဘေးတို့ ကြုံတွေ့နေရကာ စီးပွားရေးအလွန်ကြပ်တည်းနေပါတယ်။
▪️ တိုင်းပြည်ရဲ့ အကြွေးတွေကို လျှော့ချရန် ရည်ရွယ်ကာ ဒေါ်လာ ၂.၇ ဘီလီယံကို အခွန်အဖြစ် ကောက်ခံသွားဖို့ ဥပဒေကြမ်းကို အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်က ကင်ညာရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။
▪️ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားနဲ့ ညီမတော်စပ်ပြီး ကင်ညာနိုင်ငံရေး လှုပ်ရှားသူ အူမာအိုဘားမားလည်း မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခံရတဲ့ ဆန္ဒပြသူတွေထဲ ပါဝင်ခဲ့တယ်လို့ CNN အင်တာဗျူးမှာ မြင်တွေ့ရပါတယ်။
▪️ ပါလီမန်လွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုလိုက်ပြီး ဥပဒေပြဌာန်းနိုင်ဖို့အတွက် သမ္မတလက်မှတ် ရေးထိုးဖို့သာ ကျန်ပါတော့တယ်။
#Source: Reuters
#Local_News
Published 26 June 2024
▪️ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ လိုင်စင်မရှိဘဲဆိပ်ကမ်းနှင့် လေဆိပ်များသို့ဝင်ရောက်နေသည့် ကုမ္ပဏီများအား လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ကုန်သွယ်ရေးဦးစီးဌာနမှဇူလိုင်၂၆ရက် နေ့၌ ထပ်မံအသိပေးလိုက်ကြောင်း သိရသည်။
▪️ ဇူလိုင်၁ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက်မရှိ သေးဘဲဆိပ်ကမ်းလေဆိပ်များသို့ သွင်းကုန်များကြိုတင်ရောက်ရှိကြောင်းစီစစ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေဖြင့်အရေးယူသွားမည်ဖြစ်ကြောင်း၂၀၂၄ခုနှစ် မေ၃၀ရက်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ ၃/၂၀၂၄ ဖြင့် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ခွင့်ပြုချက်မရရှိသေးသည့် ကုန်ပစ္စည်းများကို ကြိုတင်တင်သွင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ထို့ကြောင့် ထုတ်ပြန်ထားသောဥပဒေနှင့်စည်းကမ်းများကို အလေးအနက်ထားလိုက်နာရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင်ပါမစ် ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့်လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် ထပ်မံအသိပေးတိုက်တွန်းနှိုးဆော်လိုက်ကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
#
+++++++++++++++++++++++++++++++++++++
Published_ 26 June 2024
▪️ (၁၉)ကြိမ်မြောက် အေစီဒီနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်စဉ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် ထိုင်း၊ နီပေါနှင့် ကာတာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် တီဟီရန်မြို့၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
▪️ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့်ထိုင်းနိုင်ငံတို့ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အေစီဒီ၊ အာဆီယံနှင့်ဘင်းမ်စတက်တို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြပါတယ်။
▪️ ဦးသန်းဆွေ က လာမည့် ၂၀၂၅ ခုနှစ်တွင် အေစီဒီဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းထမ်းဆောင်မည့် ထိုင်းနိုင်ငံ၏ အရေးပါသည့်အခန်းကဏ္ဍအပေါ် ကြိုဆိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
▪️ နီပေါဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနှင့်နီပေါနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြားယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နိုင်ငံတကာ မျက်နှာစာ တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
ထို့ပြင် ကာတာ State Minister of Foreign Affairs နှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။
▪️ ထိုသို့တွေ့ဆုံရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသည့် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
#Ymg_mnn #Yangon_Media_Group
၂၆ ဇွန် ၂၀၂၄
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးတစ်ဦးဖြစ်တဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ကရစ်တင်ဘရစ်သည် မြန်မာ့တပ်မတော်၊ ရေတပ်အကြီးတန်းအရာရှိကြီး တစ်ဦးနှင့် ပြီးခဲ့တဲ့အပတ်က ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့တော်တွင်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ The Diplomat သတင်းဌာနက သတင်းဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အာရှနှင့်ပစိဖတ်ရေးရာတာဝန်ယူရတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီ ယယ်ကရင်တင်ဘရစ်သည် မြန်မာ့တပ်မတော်(ရေ)ရဲ့ တိုင်းမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ကျော်လင်းဇော်နှင့်တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ တွေ့ဆုံမှုကိုသိသူတစ်ဦးက The Diplomat သတင်းဌာနကိုအတည်ပြုပြောကြားပါတယ်။
ကရစ်တင်ဘရစ်သည် ရုရှားသမ္မတပူတင် ဗီယက်နမ်ခရီးပြီးဆုံးပြီးသိပ်မကြာ ဇွန် ၂၁ရက်နေ့မှာ ဟနွိုင်းမြို့တော်သို့ တရားဝင် ခရီးလာရောက်ခဲ့တာဖြစ်ပါတယ်။
မြန်မာ တပ်မတော်(ရေ) မှ ဗိုလ်မှူးချုပ် ကျော်လင်းဇော်နှင့် တွေ့ဆုံရာသို့ ကရစ်တင်ဘရစ်နှင့်အတူ အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး ပီတာ လိုမန်နှင့် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးရဲ့ သံရုံးယာယီတာဝန်ခံ ဆူဆန်စတီဗင်ဆန်တို့ လည်းတက်ရောက်ခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဟနွိုင်းမှာရှိတဲ့အမေရိကန်သံရုံးကတော့ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်ပြီး သတင်းဌာနရဲ့မေးမြန်းချက်ကို ဘာမှပြန်မပြောဘူး လို့သိရပါတယ်။
ကရစ်တန်ဘရစ်နှင့် ဗိုလ်မှူးချုပ်ကျော်လင်းဇော်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အဖြေရလဒ်တစ်ခုမထွက်ပေါ်ခဲ့ပေမယ့် သူတို့ကပြော ဆိုဆက်သွယ်မှုတွေ တိုးတက်ဖြစ်ထွန်းစေဖို့ ရည်ရွယ်ကာ မကြာမီ နောက်တစ်ကြိမ်ပြန်တွေလိမ့်ဦးမယ်လို့ The Diplomat သတင်းဌာနကို အဆိုပါသတင်းအရင်းအမြစ်က ထုတ်ဖော်ပြောကြားပါတယ်။
အမေရိကန်နိုင်ငံဟာ ပဋိပက္ခတည်ငြိမ်သွားပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ကာ မြန်မာစစ်တပ်နှင့် ဆွေးနွေးဖို့လမ်းကြောင်း တွေဖွင့်ဖို့ကြိုးစားနေတယ်လို့လည်း The Diplomat ကသတင်းရေးသားပါတယ်။
“ ဒါပေမယ့် စစ်တပ်အထဲမှာ သိသာတဲ့ မတူညီမှုတွေကျန်ရှိနေသေးတယ်။ လိုအပ်ချက်တွေကို အပြည့်အဝလိုက်နာဖို့ထက် အစိတ်အပိုင်းတစ်ခုခုကိုသာ လက်ခံလိုတဲ့သဘောရှိနေတယ်” လို့ အဆိုပါအရင်းအမြစ်ကဆက်ပြောပါတယ်။
ကရစ်တန်ဘရစ်ရဲ့ တွေ့ဆုံမှုဟာ ဒေသအတွင်းလျို့ဝှက်လုပ်တာမဟုတ်ဘူးလို့လည်း အဲဒီသတင်းအရင်းအမြစ်ကပြော ပါတယ်။ ဗီယက်နမ်၊ စင်္ကာပူ၊အင်ဒိုနီးရှားနှင့်ထိုင်းနိုင်ငံတို့အပါအဝင်ဒေသတွင်းနိုင်ငံတွေကို အသိပေးပြီးတွေ့တာလို့ ဆိုပါတယ်။ အဲဒါကြောင့် အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ဘုံသဘောတူညီချက်ငါးရပ်နှင့်အတူ အမေရိကန်ရဲ့ ပိုမို တက်ကြွစွာပါဝင်မှုကို ကြိုဆိုလိုကြပုံရတယ်လို့ သတင်းမှာရေးသားပါတယ်။ဒီတွေ့ဆုံမှုဟာ တရုတ်နိုင်ငံရဲ့ သဘောတူညီမှုပါ ရရှိခဲ့တယ်လို့ မြန်မာကိုအာရုံစိုက်အလုပ်လုပ်နေတဲ့ သတင်းဆရာတစ်ဦးကပြောပါတယ်။
( မူရင်း သတင်းတွင် ဗိုလ်မှူးချုပ် ကျော်လင်းဇော်၏ တပ်မတော်ရာထူးကိုဖော်ပြမထားပါ။ မြန်မာနိုင်ငံ၏ သတင်းများတွင် သူနှင့် ပတ်သက်၍ နောက်ဆုံးသတင်းထုတ်ပြန်ချက်များ၌ သူသည် ရေတပ်စခန်းဌာနချုပ် ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးခ ျုပ်ကျော်လင်းဇော် ဟု ဖော်ပြထားမှုကိုကိုးကားအသုံးပြုပါသည်။ အယ်ဒီတာ)
Source The Diplomats
#Local_News
Published_ 26 June 2024
▪️ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးများကို(၄၀)ကြိမ်အထိ ဆောင်ရွက်နိုင်ခဲ့သလို တစ်နှစ်တာအတွင်းမူးယစ်ဆေးစွဲလူနာ(၃) သောင်းနီးပါးအားကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
▪️ ယင်းကဲ့သို့ဆောင်ရွက်နိုင်ခဲ့ကြောင်းကို ဇွန်လ(၂၆) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ပေးပို့သည့် နစကအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဌ၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၏သဝဏ်လွှာ၏ ဖော်ပြချက်အရသိရခြင်း ဖြစ်သည်။
▪️ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။
▪️ ၂၀၂၃ ခုနှစ်အတွင်း Operation 39 အထူးစစ်ဆင်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို အောင်မြင်စွာဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်တွင်လည်း Operation 39/24 အထူးစစ်ဆင်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
▪️ ၂၀၂၃ ခုနှစ်အတွင်း မူးယစ်ဆေးစွဲလူနာ ၂၆၅၉၅ ဦးအား ကုသပေးနိုင်ခဲ့ပြီး ၂၃၈၇၅ ဦးအား မက်သာဒုံးတိုက်ကျွေးနိုင်ခဲ့ကြောင်းနှင့်
▪️ မူးယစ်ဆေးစွဲလူနာများ ကုသရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် ဆေးကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၆ ခုနှင့် မက်သာဒုံးဆေးခန်း ၉၀ ခုတို့ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာ မူးယစ်ဆေးဖြတ်ပြီးသူများ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြန်လည် ထူထောင်ရေးစခန်းများ ၁၄ ခုကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးလျက်ရှိသည်ဟု ဖော်ပြပါရှိသည်။
▪️ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNODC (United Nations Office on Drugs and Crime) ၊ AFP (Australian Federal Police) ၊ DEA (Drug Enforcement Administration) ၊ NNCC (National Narcotics Control Commission) ၊ ONCB (Office of Narcotics Control Board) တို့နှင့်လည်း ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
▪️ ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း (၂၄) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးအားလည်းကောင်း၊ (၄၄) ကြိမ်မြောက် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးအားလည်းကောင်း၊ ၂၀၂၄ ခုနှစ်အတွင်း (၇) ကြိမ်မြောက် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးအားလည်းကောင်း၊ ASOD (The ASEAN Senior Officials Meeting on Drug Matters) တာဝန်ခံများ၏ အာဆီယံစီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအားလည်းကောင်း၊ (၁၆)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းကွန်ရက် အစည်းအဝေးအားလည်းကောင်း မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာနှင့် မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊
▪️ သို့ဖြစ်၍ ယခုနှစ် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ ပေးပို့သည့်ဆောင်ပုဒ် “ The Evidence is clear : invest in Prevention” “ မူးယစ်အန္တရာယ်ကင်းစင်ရေး၊ ဘက်စုံကြိုတင်ကာကွယ်ပေး” ဆိုသည့်အတိုင်း နိုင်ငံတိုင်းအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 26 June 2024
▪️ ပဲခူးမြို့နယ်၊ မယင်းကျေးရွာ အဝင်လမ်းတွင်ဇွန် ၂၅ ညပိုင်းက ခွေးဘီလူးယာဉ်တစ်စီးအရှိန်ပြင်းစွာ မောင်းနှင်၍ ချိုးကွေခဲ့ရာမှ ယာဉ်ပေါ်လိုက်ပါစီးနင်းလာသူ အမျိုးသမီးတစ်ဦးလွင့်စင်ပြုတ်ကျပြီး အခင်းဖြစ်ရပ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူတွေထံက သိရသည်။
▪️ ယမန့်နေ့ညပိုင်းက ဘုရားကြီးမြို့ဘက်မှ ပဲခူးမြို့ဘက်သို့ ကြံတိုင်းအောင် (ဘုရားကြီး-အင်းတကော်)ယာဉ်လိုင်း) BGO-11 9F/5511 MAZADA SCRUM အမျိုးအစား၊ အဖြူရောင်ယာဉ်အား ယာဥ်မောင်း ရဲရင့်ဖြိုးမောင်းနှင်လာပြီး ယာဉ်ရှေ့ခန်းတွင်အောင်မျိုးဝေ၊ ယာဉ်နောက်ခန်းတွင် ဇော်မင်းနိုင်၊ ဒေါ်နွေးနွေးလင်း (၃၀)နှစ်၊ တို့လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
▪️ ထိုသို့စီးနင်းလာစဉ် ယာဉ်မှာအရှိန်ပြင်းစွာ မောင်းနှင်၍ ချိုးကွေခဲ့ရာမှယာဉ်နောက်ခင်းတွင် စီးနင်းလာသူဒေါ်နွေးနွေးလင်းမှာ လွင့်စင်ပြုတ်ကျခဲ့ပြီး အခင်းဖြစ်ရပ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
▪️ သေဆုံးသူမှာလ/ထ(မူပြ)အလက(ခွဲ) ကင်းချောင်း၊ ပေပင်ချောင်ကျေးရွာမှ ကျောင်းဆရာမတစ်ဦးဖြစ်ကာ ပဲခူးမြို့နယ်နေသူဖြစ်ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 26 June 2024
▪️ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့သည် ဇွန်လ ၂၄ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့သို့သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
▪️ သံအမတ်ကြီး Mr. Chen Hai သည် မော်လမြိုင်ရှိ တရုတ်နွယ်ဖွားများနှင့်လည်း တွေ့ဆုံခဲ့ပြီး မော်လမြိုင်မြို့သည် တရုတ်နွယ်ဖွားအများအပြား ခရီးဝေးနှင်ကာ မြန်မာနိုင်ငံသို့လာရောက်သည့် ပထမဆုံးနေရာဖြစ်ကြောင်း၊ မျိုးဆက်သစ် တရုတ်နွယ်ဖွားလောကမှ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်ကို လက်ဆင့်ကမ်းကာ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်သွားရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
▪️ သံရုံး အနေဖြင့် တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဖြစ်သည့် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မြို့နှင့် တရုတ်နွယ်ဖွားများက ထူထောင်ထားသည့် စိုက်ပျိုးရေးသင်တန်းကျောင်းသစ်ထံသို့ စာရေးကိရိယာနှင့် ပညာသင်ထောက်ကူပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်ဟု ဆိုသည်။
▪️ ခရီးစဉ်အတွင်း သံအမတ်ကြီး Mr. Chen Hai သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တွေ့ဆုံခဲ့ပြီး နုကျန်းမြစ်-သံလွင်မြစ်၏ ပင်လယ်ထွက်ပေါက်ဖြစ်သည့် မော်လမြိုင်မြို့သည် တရုတ်-မြန်မာနှစ်နိုင်ငံက တစ်မြစ်တွင်းရေ အတူသောက်သုံးကာ ကံကြမ္မာချင်းချိတ်ဆက်သည့် အရေးပါပြယုဂ်ဖြစ်ကြောင်း၊
▪️ ဝန်ကြီးချုပ် ချူအင်လိုင်းသည် ၁၉၆၁ ခုနှစ်တွင် ကိုယ်စားလှယ်အဖွဲ့ဦးဆောင်၍ မော်လမြိုင်မြို့သို့ လာရောက်ခဲ့ဖူးကြောင်း၊
▪️ ယခုအကြိမ် သံရုံးအဖွဲ့က ဝန်ကြီးချုပ် ချူအင်လိုင်း၏ခြေရာအတိုင်း မော်လမြိုင်မြို့သို့လာရောက်ရာတွင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်ကို လက်ဆင့်ကမ်း၍ သမ္မတရှီကျင့်ဖျင်၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို စဉ်ဆက်မပြတ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊
▪️ မွန်ပြည်နယ်နှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်သည့်ရလဒ်များဖြင့် မြန်မာပြည်သူများအား ပိုမိုများပြားစွာနှင့်ကောင်းမွန်စွာ အကျိုးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#World_Science
Published 26 June 2024
▪️ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၇ သန်းခန့် ထရိုင်ယေဆစ်ခေတ်မှာ နေထိုင်ခဲ့တဲ့ မိကျောင်းလိုမျိုး ရှေးခေတ်တွားသွားသတ္တဝါ မျိုးစိတ်အသစ်တစ်မျိုးကို ရှေးဟောင်းလေ့လာရေး သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ ထိုကျောက်ဖြစ်ရုပ်ကြွင်းတွေကို ဘရာဇီးလ်တောင်ပိုင်း လင်ညာဗာဇီယာ ၂ အရပ်ဒေသမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ ဒါတွေကို Parvosuchus aurelioi လို့အမည်ပေးလိုက်ကာ အမဲလိုက်တွားသွားသတ္တဝါ ရှေးဟောင်းမျိုးစိတ်အသစ် ဖြစ်လာပါတယ်။
▪️ ဒါ့အပြင် မျိုးသုဥ်းသွားပြီဖြစ်တဲ့ pseudosuchian ရဲ့ မျိုးစိတ်ဝင်လည်း ဖြစ်တယ်လို့ သုတေသနပြုစုသူ ရိုဒရီဂိုမူလာက ဆိုပါတယ်။
▪️ ကျောက်ဖြစ်ရုပ်ကြွင်း စာရင်းထဲမှာ Gracilisuchidae က ရှားပါးဖြစ်ပြီး ယခုအချိန်အထိ တရုတ်မှာ ၂ မျိုးနဲ့ အာဂျင်တီးနားမှာ ၁ မျိုးသာ မြင်တွေ့ရသေးကြောင်း၊ ယခုဘရာဇီးလ်မှာ တွေ့တာနဲ့ဆိုရင် ၄ မျိုးရှိပြီဖြစ်ကြောင်း ပြောပြပါတယ်။
▪️ ကမ္ဘာ့ဆင့်ကဲပြောင်းလဲခြင်းသမိုင်းမှာ ဒိုင်နိုဆောတွေ ပေါ်လာပြီးနောက်မှာ Gracilisuchidae တွေ လုံးဝပျောက်ကွယ်သွားပြီး နောက်ပိုင်းမှာတော့ မိကျောင်းမျိုးစိတ်တွေ ဖြစ်လာပါတယ်။
▪️ တွေ့ရှိချိန်တုန်းက ကျောက်သားတွေဖြင့် ဖုံးအုပ်နေပြီး အရိုးစအနည်းငယ်သာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
မူလာရဲ့ခန့်မှန်းချက်အရ ထိုသတ္တဝါဟာ ၆ ပေခွဲရှည်လျားပြီး အမြီးရှည်ပါတယ်။
▪️ ခြေ ၄ ချောင်းရှိပြီး ဓားသွားကဲ့သို့ ချွန်မြနေတဲ့ အစွယ်များရှိပါတယ်။
#Source: WION
#World_Health
Published 26 June 2024
▪️ ညဥ့်နက် ၁ နာရီလောက်မှ အိပ်ရာဝင်လေ့ရှိသူတွေဟာ စိတ်ဓာတ်ကျခြင်းနဲ့ သောကရောက်ခြင်းတို့လို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေများစေတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ယူကေမှ လူပေါင်း ၇၄၀၀၀ ရဲ့ အိပ်နေကျ အိပ်ချိန်ဇယားနဲ့ တကယ့်လက်တွေ့ အိပ်ချိန်တို့ကို နှိုင်းယှဥ်ခဲ့ကြပါတယ်။
▪️ ဒါပေမဲ့ အိပ်နေကျအချိန်အတိုင်း အိပ်တာက သိပ်ပြီးအရေးမပါဘဲ ညဥ့်နက်မှအိပ်တာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ စတန်းဖို့ဒ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျေမီဇစ်ဇာက ဖော်ပြခဲ့ပါတယ်။
▪️ ညဥ့်နက်အိပ်ချိန်အတိုင်း အိပ်တဲ့သူတွေဟာ စိတ်ကျန်းမာရေး ပြဿနာဖြစ်နိုင်ခြေ ၂၀-၄၀ ရာခိုင်နှုန်းပိုများတယ်လို့ သုတေသီများ ကောက်ချက်ချခဲ့ပါတယ်။
▪️ နေထွက်တဲ့အချိန် အိပ်ရာထတဲ့သူတွေက စိတ်ကျန်းမာရေး အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။
▪️ နံနက်ပိုင်း နောက်ကျမှ အိပ်ရာထသူတွေဟာ ဦးနှောက်က ပုံမှန်သိပ်မလုပ်ဘဲ ဆုံးဖြတ်ချက်အမှားတွေ ပြုလုပ်နိုင်တယ်လို့ ဇစ်ဇာက ဆိုပါတယ်။
▪️ တစ်ညကို အိပ်ချိန် ၇ နာရီမှ ၉ နာရီကြားရှိသင့်တယ်လို့ ပညာရှင်များက အကြံပြုထားပါတယ်။
▪️ ပုံမှန်အိပ်နေကျအချိန်ကို ပြောင်းလဲရန် ခက်ခဲပေမယ့် စောစီးစွာအိပ်တတ်တဲ့အကျင့် လုပ်ယူဖို့ ဇစ်ဇာက အကြံပေးလိုက်ပါတယ်။
▪️ စမ်းသပ်ခံသူအများအပြားက လူဖြူများနဲ့ သက်လတ်ပိုင်း သက်ကြီးပိုင်းတွေဖြစ်ပြီး မေးခွန်းများ မေးမြန်းပြီးတော့သာ အိပ်ချိန်ပုံစံကို ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။
#Source: New York Post
ဂျာမနီရှိအမေရိကန်လေတပ်စခန်းပိတ်သိမ်းပေးရန်နှင့် ရုရှား-ယူကရိန်းအရေးငြိမ်းချမ်းရေးဆွေးနွေးကြရန် ကိုင်ဆာလော့စတန်တွင်ဆန္ဒပြ
ဂျာမနီ၊ ဩစတြီးယား၊ ပြင်သစ်တို့မှ ဆန္ဒပြသူတွေဟာ ဂျာမနီကိုင်ဆာလော့စတန်မြို့မှာ စနေနေ့က စုဝေးခဲ့ကြပြီး အနီးနားရှိ အမေရိကန်လေတပ်ရဲ့ ရမ်စတိုင်းလေတပ် အခြေစိုက်စခန်း ပိတ်သိမ်းပေးဖို့ အလိုရှိနေကြကာ ရုရှား-ယူကရိန်းအရေးမှာ ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းကြဖို့ အနောက်တိုင်းနိုင်ငံတွေကို တိုက်တွန်းနေကြပါတယ်။
#World_News
Published_ 26 June 2024
#ကိုင်ဆာလော့စတန်တွင်ဆန္ဒပြ #ရုရှား-ယူကရိန်း
#YMG #Yangon_Times #Yangon_Media_Group
Page 135 of 1457