#LocalNews
Published - 18 April 2022
မြန်မာနိုင်ငံတွင် ပဋိပက္ခတွေချုပ်ငြိမ်းပါစေလို့ ဗြိတိန် ဝေလမင်းသား ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဒါ့အပြင် ပြည်သူတွေနဲ့ ထိုက်တန်တဲ့ တောက်ပတဲ့အနာဂတ်တွေ ရရှိပါစေလို့လည်း မြန်မာနှစ်သစ်ကူးအတွက် ဝေလမင်းသားက ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။
အဆိုပါ ဆုမွန်ကောင်းတောင်းလွှာတွင် "ရဲစွမ်းသတ္တိပြည့်၀တဲ့ မြန်မာပြည်သူတွေရဲ့ အတာသင်္ကြန်ပွဲတော်နဲ့ မြန်မာ့နှစ်သစ်ကူးအခါသမယကို ရောက်ရှိလာတာနဲ့အမျှ မြန်မာနိုင်ငံအနှံ့က မိတ်ဆွေတွေ၊ လူ့ဘောင်အဖွဲ့အစည်းအသီးသီးက လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့အတွက် လုပ်ဆောင်နေကြတဲ့ ပြည်သူအားလုံးနဲ့အတူ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီများရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြသူတွေအားလုံးကို သတိရမိပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ပြည်သူတွေနဲ့ ထိုက်တန်တဲ့ တောက်ပတဲ့အနာဂတ်တွေ ရရှိပါစေလို့မျှော်လင့်ရင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မြန်မာပြည်သူတွေကို မမေ့လျော့ဘဲ တစ်သားတည်းအမြဲအတူရှိနေပါတယ်"လို့ ဗြိတိန်ဝေလမင်းသား၏ ဆုမွန်ကောင်းတောင်း လွှာမှာ ဖော်ပြထားတာပါ။
မြန်မာနှစ်သစ်ကူးအတွက် ဗြိတိန်နိုင်ငံ ဝေလမင်းသားထံမှ ဆုမွန်ကောင်းတောင်းလွှာကို UK in Myanmar က မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 18 April 2022
ယနေ့ ဧပြီ ၁၈ ရက်မှ စတင်ပြီး ရန်ကုန်တိုင်း အပါအ၀င် ကျန်တိုင်းနှင့်ပြည်နယ်တချို့တွင် လျှပ်စစ်မီးဖြန့်ဝေမှုအား အလှည့်ကျစနစ်ဖြင့်သာ ပြန်လည်ပေးဝေဖြန့်ဖြူးပေးလျက်ရှိတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရပါတယ်။
မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း လျှပ်စစ်မီးဖြန့်ဝေမှုအား ပုံမှန်အတိုင်းပေးဝေခဲ့သော်လည်း ယခုအခါတွင် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ လျှပ်စစ်မီးအား အလှည့်ကျစနစ်ဖြင့် ပြန်လည်ပေးဝေခြင်းဖြစ်တယ်လို့ (YESC) ရန်ကင်းမြို့နယ်၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးဖော်ပြထားပါတယ်။
ထို့အတူ အလုံမြို့နယ် (YESC)လူမှုကွန်ရက်စာမျက်နှာတွင်လည်း ရန်ကုန်တွင် ၄ နာရီခြားတစ်ကြိမ် လျှပ်စစ်မီးပေးမည်ဟု အသိပေးကြေညာထားပါတယ်။
"သင်္ကြန်ရုံးပိတ်ရက် ကာလတုန်းက မီးအပြည့်အဝပေးတာ တွေ့ရတယ်။ ဒါပေမယ့် ဒီနေ့ကစပြီး သူတို့ရဲ့ မူလအစီအစဥ်အတိုင်း လျှပ်စစ်မီးတွေကို ပြန်ပေးနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ ဒီကနေ့ မွန်းလွဲ ၁ နာရီကစပြီး မီးပျက်သွားပါပြီ။ အရင်သူတို့ ထုတ်ပြန်ထားတဲ့ အချိန်ဇယားအတိုင်း ပြန်ဖြစ်သွားပါပြီ"လို့ ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက YMG
ကို ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လမှစ၍ လေးနာရီခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေပေးခဲ့ပြီး ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များကိုမူ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့ နံနက် ၅ နာရီအချိန်မှ စတင်ပြီး ယခင် မီးပေးနေသည့် အုပ်စုဇယား(A,B) အတိုင်းသာ အလှည့်ကျ ဓာတ်အားပေးသွားမှာဖြစ်တယ်လို့လည်း မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့် ဝေရေးရုံးတွေက အသိပေးကြေညာထားပါတယ်။
ymg/kg
#Yangon_Media_Group
#WorldPolitics
Published 18 April 2022
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က အရှေ့တောင်အာရှနိုင်ငံများအဖွဲအစည်း(ASEAN)မှခေါင်းဆောင်များနဲ့ မေလလယ်မှာ လက်ခံတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ဧပြီ(၁၆)ရက်နေ့က ကြေညာလိုက်ပါတယ်။
အစည်းအဝေးပွဲမှာ ဦးစားပေးဆွေးနွေးသွားနိုင်မယ့်အကြောင်းအရာတွေက အရှေ့တောင်အာရှဒေသအတွင်း တရုတ်အင်အားချဲ့ထွင်လာမှုအကြောင်း၊ အာဆီယံအပေါ် အမေရိကန်ရဲ့အလေးထားဂရုစိုက်မှုအကြောင်း၊ အမေရိကန်အစိုးရက အာဆီယံအတွက်ယုံကြည်စိတ်ချအားကိုးရဖို့ ဦးစားပေးဆောင်ရွက်ချက်အကြောင်းတွေ ပါဝင်နိုင်တယ်လို့ အိမ်ဖြူတော်စာနယ်ဇင်းတာဝန်ခံ'ယန်ဆာကီ'က ထုတ်နုတ်ဖော်ပြထားပါတယ်။
ဒီအစည်းအဝေးပွဲဟာ မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ပြုလုပ်သွားဖို့ အစကစီစဉ်ခဲ့ပေမယ့် နှောင့်နှေးမှုများရှိခဲ့ရာ ယခုအခါ မေလ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ယူကရိန်းစစ်ရေးအခြေအနေဆိုးရွားလာခြင်းနဲ့ ပဋိပက္ခတွေကြောင့် အာဆီယံခေါင်းဆောင်အချို့ အချိန်မီတက်ရောက်နိုင်ဖို့ အခက်အခဲရှိလာနိုင်ကြောင်း အကြောင်းကြားခဲ့ကြပြီး အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြပါတယ်။
အာရှနဲ့ဆက်ဆံရေးရင်းနှီးကောင်းမွန်ဖို့က နိုင်ငံခြားရေးဦးစားပေးမူဝါဒဖြစ်ကြောင်း အမေရိကန်တို့က ယခင်ကတည်းကအစဉ်တစိုက်ပြောကြားလာခဲ့ပါတယ်။
မတ်လ ၂၉ ရက်နေ့က 'ဘိုင်ဒန်'ဟာ စင်ကာပူဝန်ကြီးချုပ်'လီရှန်လောင်'နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ရာမှာ နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တရုတ်တို့အင်အားချဲ့ထွင်ပြီး ခြယ်လှယ်လာဖို့ကြိုးပမ်းနေကြတယ်လို့ ထင်မြင်မိတဲ့အတွက် အာဆီယံဒေသအတွင်း လွတ်လပ်ပွင့်လင်းစွာလုပ်ကိုင်တည်မြဲနိုင်ရေးကို လိုလားကြောင်း 'ဘိုင်ဒန်'ကပြောကြားခဲ့ပါတယ်။
'ဘိုင်ဒန်'ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကလည်း အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးကို အွန်လိုင်းဗီဒီယိုကနေ ပြုလုပ်ခဲ့ပါသေးတယ်။
ထိုအစည်းအဝေးပွဲတုန်းက ကိုဗစ်ကပ်ရောဂါကိစ္စ၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြားကိစ္စတွေအကြောင်းဆွေးနွေးခဲ့ကြကာ အမေရိကန်နဲ့အာဆီယံတို့ကြား ထိတွေ့လုပ်ကိုင်ရေးတိုးချဲ့ဖို့ ကနဦးလုပ်ဆောင်ချက်များကို ကြေညာသွားခဲ့ပါတယ်။
အမေရိကန်တို့အနေနဲ့ အာဖဂန်နစ္စတန်မှတပ်ဆုတ်လာမှုနဲ့ ယူကရိန်းစစ်ပွဲအရေးတွေရှိနေတဲ့အပြင် တရုတ်နဲ့ယှဉ်ပြိုင်နေရခြင်းကလည်း အမေရိကန်အတွက်အကြီးမားဆုံးနိုင်ငံခြားရေးဝါဒစိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။
အာဆီယံအဖွဲ့ဝင်တွေထဲမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပြီး တော်တော်များများက တရုတ်နဲ့တင်းမာမှုတွေရှိနေပါတယ်။
Source: CNA
#Yangon_Media_Group
#DailyNews
Published -18 April 2022
၁။ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုဂံဒေသသို့ ပြည်တွင်းခရီးသွားများ စံချိန်တင်ဝင်ရောက်ခဲ့။
၂။ သွင်းအားစုဓာတ်မြေသြဇာ တစ်အိတ် ၉၀,၀၀၀ ကျော်အထိ ဈေးမြင့်တက်နေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အသက်(၇၀)အရွယ်အဖွားကို ကိုယ်ဟန်ပြမော်ဒယ်လ်အဖြစ် ဓာတ်ပုံရိုက်လုပ်ကိုင်လျက်ရှိသည့် တရုတ်ဓာတ်ပုံဆရာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_18 April 2022
ထွန်းဖောင်ဒေးရှင်းနှင့် ထွန်းဖောင်ဒေးရှင်းစာပေဆုအလှူရှင်လည်းဖြစ် ၊ ထွန်းကော်မာရှယ်ဘဏ်တည်ထောင်သူလည်းဖြစ်သော ဦးသိန်းထွန်းသည် ဧပြီလ ၁၈ ရက် နံနက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ယင်း၏ မိသားစုဝင်များထံမှ သိရသည်။
ဦးသိန်းထွန်းသည် မြန်မာ့ရွှေကြယ်စင်တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်များနှောင်းပိုင်းတွင် စီးပွားရေးချဲ့ထွင်ကျယ်ပြန့်လာကာ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဖြန့်ဖြူးရေး၊ အိမ်ခြံမြေ၊ မီဒီယာနှင့် ဘဏ်လုပ်ငန်းနှင့် အဖျော်ယမကာလုပ်ငန်းများကိုလည်း လုပ်ကိုင်နေသူ ဖြစ်သည်။
၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံဈေးကွက်သို့ Pepsi စတင် မိတ်ဆက်ဖြန့်ဖြူးခဲ့သူဖြစ်သောကြောင့် သူ့ကို Pepsi ဦးသိန်းထွန်း ဟု ပညတ်ခေါ်ဝေါ်ကြကာ မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်အဖြစ် လူသိများသူ ဖြစ်သည်။
ဦးသိန်းထွန်းကို ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မြို့တွင် မွေးဖွားခဲ့ကာ ဇနီး ဒေါ်နယ်လီသန်းနှင့် အကြောင်းပါပြီး ဦးသန့်ဇင်ထွန်း၊ ဦးထွန်းထွန်း ၊သမီး မီမီထွန်းတို့အား ထွန်းကားခဲ့သည်။
လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် Myanmar Consolidated Media (Myanmar Times) ၏ အစုရှယ်ယာအများစုကို လက်ရှိအချိန်ထိ လွှဲပြောင်းရယူခဲ့သူလည်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ်အရွယ်ရှိပြီ ဖြစ်သည်။
ymg/mt
#Yangon_Media_Group
Published 18 April 2022
ဝိုင်ကလေးတစ်ခွက်နှင့် ညတစ်ညကို လှပအေးချမ်းစွာ ကုန်ဆုံးချင်ပါသလား။
ဝိုင်ဟာ လူတော်တော်များများရဲ့ ပုံမှန်ဘဝအလုပ်တွေနှင့်ခွဲမရတဲ့ အပိုင်းတစ်ပိုင်းဖြစ်နေပါတယ်။
သုသေတနတစ်ခုအရ အမေရိကန်မှာ အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်နှစ်ကို ဝို် ၂.၉၅ ဂါလံသောက်သုံးကြတယ်လို့ တွေ့ရှိရပါတယ်။
ဒါပေမယ့် ဝိုင်က လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ဝိုင်ရဲ့အရသာ မကြိုက်လို့ မသောက်ကြသူတွေတင်မကပါဘူး နှစ်သက်လျှက်နှင့် မသောက်သင့်တဲ့သူတွေရှိနေပါတယ်။
ဘယ်လိုလူတွေ ဝိုင်မသောက်သင့်ပါသလဲ။
၁။ ဆီးချိုရှိသူတွေ
သင့်မှာ ဆီးချိုရှိနေရင် ဝိုင်မသောက်ဖို့ သတိထားတာ အကောင်းဆုံးပါပဲ။ အင်ဗီဂါမယ်ဒီကယ်လ်က ဆရာဝန်တစ်ဦးဖြစ်တဲ့ လင်းန်ပေါ့စတွန်ရဲ့အဆိုအရ ဝိုင်ဟာ သွေးထဲကသကြားဓာတ်ကို အကြီးအကျယ်သက်ရောက်မှုရှိတယ်လို့သိရပါတယ်။ အထူးသဖြင့် ဗိုက်ထဲမှာ အဆာမရှိဘဲ သောက်ရင် ပိုဆိုးပါတယ်။
“ ဝိုင်သောက်တဲ့အခါ ဆီးချိုရှိတဲ့သူတွေ အထူးသတိထားသောက်သုံးသင့်တယ်” လို့ ပေါ့စတွန်က ပြောပါတယ်။ “ အစာမရှိတဲ့အချိန် အယ်လ်ကိုဟော သောက်သုံးရင် သွေးထဲကသကြားဓာတ်ကို သိသိသာသာ လျှော့ချပစ်လိုက်ပြီး အဲဒါက ဆိုးရွားတဲ့ သွေးချိုကျတာမျိုးဖြစ်တတ်တယ်။ အဲဒါက ဆီးချိုကိုမာကို ဦးတည်သွားစေနိုင်တယ်” လို့ သူကပြောပါတယ်။
၂။စိတ်ငြိမ်ဆေး သို့မဟုတ် အကိုက်အခဲပျောက်ဆေးသုံးနေတဲ့သူတွေ
သင့်ဟာ စိတ်ငြိမ်ဆေးတစ်မျိုးမျိုး ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးသုံးနေရင် ဝိုင်သောက်တာဟာ အန္တရာယ် ရှိတဲ့ အနေအထားဖြစ်ပါတယ်။
“ စိတ်ငြိမ်ဆေးတို့ အကိုက်အခဲပျောက်ဆေးတို့ဆိုတာ စိတ်ကိုထိုင်းမှိုင်းစေတယ်။ ဆိုလိုတာက ဦးနှောက်လှုပ်ရှားမှုကို နှေးကွေးစေတယ်။ အယ်လ်ကိုဟောကလည်း အလားတူပဲဖြစ်တယ်” လို့ ပေါ့စတွန်ကပြောပါတယ်။
၂၀၁၄ခုနှစ်မှာ စီဒီစီရဲ့ သုတေသနပြုချက်အရ opioid အကိုက်အခဲပျောက်ဆေးနှင့်ဆက်စပ်ပြီး အရေးပေါ်အခန်း ရောက်လာသူတွေရဲ့ ၁၈.၅ ရာခိုင်နှုန်းနှင့် သေဆုံးသူတွေရဲ့ ၂၂.၁ ရာခိုင်နှုန်းဟာ အယ်လ်ကိုဟောနှင့်ဆက်စပ်နေတာတွေ့ကြ ရပါတယ်။
၃။ Disulfiram သုံးနေရသူတွေ
အရက်စွဲနေတဲ့သူတွေကိုကုသရာမှာ သုံးတဲ့ disulfiram ဆေးဟာ ဝိုင်နှင့်ပေါင်းလိုက်လျှင် စိုးရိမ်ရတဲ့ ဘေးထွက်ဆိုးကျိုးကို ဖြစ်စေပါတယ်။
“ အဲဒီဆေးသောက်ထားတုန်း ခင်ဗျား အယ်လ်ကိုဟောသောက်သုံးရင် ခေါင်းကိုက်တာ၊ပျို့အန်တာ၊မအီမသာဖြစ်တာ၊ အားနည်းတာ၊ အသက်ရှုတာနှင့်နှလုံးခုန်နှုန်းပြောင်းသွားတာတွေ ဖြစ်လာနိုင်ပါတယ်” လို့ ပေါ့စတွန်ကပြောပါတယ်။
၄။ ပန်းနာရင်ကြပ်ရောဂါရှိသူတွေ
သင့်မှာပန်းနာရှိနေရင် ဝိုင်တစ်ခွက် နှစ်ခွက်လောက်သောက်လိုက်ရုံမျှနှင့် ပန်းနာရောဂါချက်ခြင်းဆိုးရွားလာတာ ဖြစ်လာနိုင်ပါတယ်။
“ ဝိုင်မှာပါတဲ့ sulfite ရဲ့ တုန့်ပြန်လွယ်မှုကြောင့် ပန်းနာသည်တွေမှာ ဆန့်ကျင်ဖက်တုန့်ပြန်မှုတွေ ဖြစ်လာစေတတ်ပါတယ်” လို့ အော့ပ်တီမေးလ်ရဲ့ ဆေးဝါးညွန်ကြားရေးမှူး ဆရာဝန် ခရစ်အဲရေးက ပြောပါတယ်။
Source Eat_This
#LocalNews
Published -18 Apr 2022
ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာဖြစ်သူကို သေနတ်ဖြင့်ပစ်ခတ်သွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သတင်းများအရသိပါတယ်။
ဖြစ်စဥ်မှာယနေ့ နံနက် ၈နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၉) ရပ်ကွက်၊ မောင်းမကန်လမ်း၊ ကမ္ဘာ့ရတနာဘဏ်ရှေ့တွင် ဘဏ်မန်နေဂျာကို သေနတ်ဖြင့် ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
"ဖြစ်စဥ်အရ ယာဥ်တစ်စီးပေါ်ကနေပစ်ခတ်သွားတာပါ ဆေးကုသမှုခံယူနေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
ဖြစ်စဥ်သတင်းအရ ဘဏ်မန်နေဂျာဦးစောမိုးဝင်းမှာ ဘဏ်သို့လာရောက်စဥ် ဘဏ်ရှေ့ကားပေါ်မှအဆင်းတွင် နောက်မှလိုက်ပါလာတဲ့ ဟွန်ဒါဖစ်ခဲရောင်ကားပေါ်မှ သေနတ်ဖြင့်ပစ်ခတ်တာကြောင့် ဝမ်းဗိုက်ယာဘက်တွင်ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိပြီး ဆေးကုသမှုခံယူရန်ဆေးရုံသို့ ပို့ဆောင်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldHealth
Published 18 April 2022
အိုမီခရွန်မျိုးကွဲကို သီးခြားပစ်မှတ်ထားပြီး ဖော်စပ်ထားပြီး ဆီနိုဖမ်နှင့်ဆီနိုဗက်တို့က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးအသစ်ကို ဟောင်ကောင်က ဆေးခန်းသုံးစမ်းသပ်ဖို့ အတည်ပြုပေးလိုက်ပြီလို့ ကုမ္ပဏီတွေက ပြောပါတယ်။
ကိုဗစ်မျိုးဗီဇကွဲအဟောင်းတွေကို အခြေခံပြီးထုတ်လုပ်ခဲ့တဲ့ ကာကွယ်ဆေးအဟောင်းတွေဟာ ကူးစက်မှုသိပ်မြန်တဲ့ အိုမီခရွန်ကိုချေဖျက်ဖို့ အားနည်းတာကိုတွေ့ကြရပြီးနောက် ကမ္ဘာတစ်လွှားက သိပ္ပံပညာရှင်တွေဟာ အိုမီခရွန်ကိုတွန်းလှန်နိုင်တဲ့ ဆေးတွေကိုအပြိုင်အဆိုင်လေ့လာနေကြပါတယ်။
တရုတ်အမျိုးသား ဘိုင်အိုတက်ခ်အုပ်စုရဲ့လုပ်ငန်းခွဲ ဆီနိုဖမ်နှင့် ဆီနိုဗက်တို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးနှစ်မျိုးဟာ ယခင်တရုတ်နိုင်ငံနှင့် ပင်လယ်ရပ်ခြားကို ထောက်ပံ့နေတဲ့ ကာကွယ်ဆေးတွေလိုပဲ သက်မဲ့ကိုရိုနာဗိုင်းရပ်စ်တွေကို အသုံးပြုဖော်စပ်ထားတာဖြစ်ပါတယ်လို့ ကုမ္ပဏီတွေက သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ဆေးနှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိုးထားပြီးသူတွေအတွက် ဆီနိုဖမ်ရဲ့ ကာကွယ်ဆေးကို အားမြှင့်ဆေးအဖြစ် လူကြီးတွေထိုးနှံနိုင်မယ်လို့ စီအင်န်ဘီဂျီကုမ္ပဏီကပြောပါတယ်။ အားမြှင့်ဆေး စမ်းသပ်မထိုးခင် ယခင်ထိုးထားပြီး ကာကွယ်ဆေးတွေက ဘာတွေဖြစ်ရမယ်ဆိုတာကိုတော့ သတ်မှတ်မထားပါဘူး။
ထပ်မံပေါ်ပေါက်လာနေတဲ့ ကိုဗစ်မျိုးဗီဇကွဲတွေကို လက်ရှိကိုဗစ်ကာကွယ်ဆေးတွေက ဘယ်လိုကာကွယ်နိုင်သလဲဆိုတာကိုလည်း ဆက်လက်လေ့လာနေတယ်လို့ ဆီနိုဗက်ကပြောပါတယ်။
အိုမီခရွန်အပေါ် လက်ရှိ BBIBP-CorV ဆီနိုဖမ်ကိုဗစ်ကာကွယ်ဆေးက ဆေးနှစ်လုံးထိုးပြီးတဲ့နောက် တတိယမြောက်အားမြှင့်ကာကွယ်ဆေးထိုးအပြီး ခြောက်လအကြာမှာ ကိုယ်ခံအားအဆင့်ကို သိသိသာသာ တိုးမြှင့်ပေးနိုင်တာမတွေ့ရဘူးလို့ တရုတ်သုတေသနပြုချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
တတိယဆေးအပြီး စတုတ္ထအားမြှင့်ကာကွယ်ဆေးထိုးတဲ့အခါမှာတော့ ခုခံအားဟာ ထိပ်ဆုံး ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကာကွယ်ဆေးအသစ်ဟာ အနာဂတ်အားမြှင့်ဆေးအဖြစ် ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုရရှိလိမ့်မယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။
Source: Reuters
#Yangon_Media_Group
Published 17 April 2022
ပထမဆုံး ကမ္ဘာ့ဖလား အမျိုးသမီးပိုလိုပြိုင်ပွဲကို အာဂျင်းတီးနားနိုင်ငံ။မြို့တော်ဗျူနိုးစ်အေရီးစ်က ပိုလိုကစားကွင်းကြီးထဲမှာ ဧပြီ (၁၆)ရက်က ကျင်းပခဲ့ပါတယ်
အာဂျင်တီးနား အမျိုးသမီးပိုလိုအသင်းဟာ စနေနေ့ကကျင်းပတဲ့ ဗိုလ်လုပွဲမှာ အမေရိကန်ကို အနိုင်ရပြီး ပထမဆုံး အမျိုးသမီး ကမ္ဘာ့ဖလား ပိုလိုချန်ပီယံဖြစ်သွားပါတယ်။
နည်းပြ မီလိုဖာနန်ဒေးအာရူဂျိုဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ အမေရိကန်ကို ၆-၂ နှင့် အနိုင်ယူခဲ့တာပါ။
တတိယနေရာလုပွဲကိုတော့ အင်္ဂလန်နှင့် အီတလီတို့ ယှဉ်ပြိုင်ပြီး အင်္ဂလန်က ၆-၅.၅ နှင့် အမှတ်တစ်ဝက်နှင့် အနိုင်ယူသွားခဲ့ပါတယ်။
ပထမဆုံး အမျိုးသမီး ကမ္ဘာ့ဖလားပိုလိုပြိုင်ပွဲကို ဧပြီ(၉)ရက်က စတင်ကျင်းပခဲ့ပြီး အာဂျင်တီးနား၊အမေရိကန်၊အီတလီ၊ အင်္ဂလန်၊ဘရာဇီးနှင့် အိုင်ယာလန်က အမျိုးသမီးအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
Source AFP
Published 17 April 2022
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံခြားသား ၄၂ ဦးအပါအဝင် အကျဉ်းသား ၁၆၁၉ ဦးကို ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ နစက,က ဧပြီလ (၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အဲဒီအတွက် ရန်ကုန်မြို့က အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ ဆွေမျိုးသားချင်းတွေက လွတ်မြောက်လာနိုင်မယ့် သူတွေကို သွားရောက်မျှော်လင့်စောင့်ဆိုင်းခဲ့ကြပါတယ်။
ဒါပေမယ့် ယခုထက်ထိတော့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်သေးဘူးလို့ အေအက်ဖ်ပီက ပြောပါတယ်။
Video: AFP
Published 17 April 2022
သူခိုးဂိုဏ်းတစ်ဂိုဏ်းဟာအိန္ဒိယအရှေ့မြောက်ပိုင်းက ပေ ၆၀ရှည်လျားပြီး တန်ချိန်၅၅၀ရှိတဲ့ တံတားတစ်စင်းကို တန်ဖိုးများလှတဲ့ သံတိုသံစတွေအတွက် ခိုးယူခဲ့ကြတယ်လို့ အိန္ဒိယသတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ အေအင်န်အိုင်က ရေးသားလိုက်ပါတယ်။
ရဲတွေက တံတားတစ်စင်းလုံးခိုးမှုနှင့် အမျိုးသား (၈)ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက နှစ်ဦးဟာ အစိုးရ ဝန်ထမ်းတွေဖြစ်ကြတယ်လို့ ရဲအရာရှိတစ်ဦးက အေအင်န်အိုင်ကိုပြောပါတယ်။
“ ကျွန်တော်တို့ လူ(၈)ဦးကို ဖမ်းဆီးမိပါတယ်။ အဲဒီအထဲမှာ သူခိုးတွေနှင့် အချိတ်အဆက်ရှိတဲ့ ရေအရင်းအမြစ်ဌာနက ဒေသခွဲအရာရှိနှစ်ဦးလည်း ပါဝင်ပါတယ်”လို့ ရိုတက်စ်ရဲဌာန ရဲအုပ်အာရှစ်ဘာတီကပြောပါတယ်။
“ သူခိုးတွေက တံတားကိုခိုးတဲ့အခါ အဲဒီအရာရှိနှစ်ဦးက မသိချင်ယောင်ဆောင်ပေးကြတယ်။ ကျွန်တော်တို့ JCB တစ်စီး၊ အလေးချိန်၂၄၇ ကီလိုရှိတဲ့ iron channels တွေနှင့် အခြားပစ္စည်းတွေပြန်သိမ်းဆည်းရမိပါတယ်” လို့ ဘာတီက ပြောပါတယ်။
အဲဒီသံတံတားဟာ ဘီဟာက အာရာဆုန်းတူးမြောင်းကို ဖြတ်ဆောက်ထားတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၀ပြည့်နှစ်စောစောပိုင်းနှစ်တွေကစပြီး အဲဒီတံတားကို မသုံးဖြစ်ခဲ့တဲ့နောက် တံတားဟာ ပြုပြင်ဖို့လိုအပ်နေတဲ့ အခြေအနေ မှာရှိသွားခဲ့ပါတယ်။အဲဒီတံတားကို ဧပြီ(၃)ရက်ကစပြီး (၃)ရက်တိုင် ဖြုတ်ခဲ့ကြတာဖြစ်တယ်လို့လည်း ဘီဘီစီက သတင်းရေးသားပါတယ်။
အာမီယာဗာ ရွာသားတွေကတော့ သူခိုးတွေကိုမြင်ပါတယ်။ ဒါပေမယ့် တံတားကိုလာဖြုတ်ခိုးယူနေကြတယ်လို့ တစ်ယောက် ကမျှ သံသယမရှိခဲ့ဘူးလို့ ဒေသဆိုင်ရာ သတင်းဌာနတစ်ခုက သတင်းရေးပါတယ်။
အဲဒီအစား မသုံးတော့တဲ့ တံတားကြီးမရှိတော့လို့ အချို့ရွာသားတွေက ပျော်တောင်ပျော်ကြတယ်လို့ အဲဒီသတင်းက ဆက်ရေး သားထားပါတယ်။
ဧပြီ(၅)ရက်နေ့မှာတော့ ဆည်မြောင်းဌာနကို အနီးရွာတစ်ရွာက ပါဝန်ကူမားဆိုသူက ဖုန်းဆက်ပါတယ်။ သူက တံတား တစ်စီးလုံးဖယ်ပစ်တာကို ဘာကြောင့် ဒေသအရာရှိတွေက လုပ်ထုံးလုပ်နည်းအတိုင်းမလုပ်ကြတာလဲလို့ မေးတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒါဟာမှုခင်းတစ်ခုဖြစ်မယ်လို့ ရဲတွေက အလန့်တကြားဖြစ်သွားခဲ့ပါတယ်လို့ ဘီဘီစီကရေးပါတယ်။
အဲဒီနောက် ရဲတွေက စတင်စုံစမ်းမှုတွေလုပ်ပါတော့တယ်။ အာဏာပိုင်တွေက တံတားဖြတ်ပစ်ဖို့ အမိန့်မထုတ်ထားဘူးဆိုတာ ကိုသိရတာနှင့် ရဲတွေက စီးနင်းမှုတွေ လုပ်ခဲ့ရပါတယ်။
အဲဒီနောက် လူ(၈)ဦးကိုဖမ်းမိခဲ့ပါတယ်။ အစိုးရဝန်ထမ်းတွေနှင့် အရပ်ထဲက နိုင်ငံရေးသမားတစ်ဦးကိုပါ ဖမ်းမိခဲ့ပါတယ်။
ရာဒီရှန်ဆင်းမ်ဆိုတဲ့ ဒေသခွဲအရာရှိတစ်ဦးကိုဖမ်းခဲ့တယ်လို့ တိုင်းမ်အော့ဖ်အိန္ဒိယသတင်းစာကရေးပါတယ်။ နောက်တစ်ဦးက ဆည်မြောင်းဌာနက အချိန်ပိုင်းဝန်ထမ်း အာဗင်းကူမားဖြစ်ပါတယ်။ သူက ဖြတ်သန်းသွားလာနေတဲ့ရွာသားတွေကိုတောင် ဒါဟာ တရားဝင်အမိန့်နှင့်လုပ်နေတာလို့တောင်ပြောခဲ့တယ်လို့ ဘီဘီစီကရေးပါတယ်။
နောက်တစ်ဦးကတော့ အိန္ဒိယဆိုရှယ်လစ်ပါတီ Rashtriya Janata Dal က အောက်ခြေခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရှီကာလျန် ဘတ်ဝတ်ချ်ဖြစ်တယ်လို့ တိုင်းမ်အော့အိန္ဒိယရဲ့ သတင်းထဲမှာဖော်ပြထားပါတယ်။
ဖမ်းမိတဲ့အထဲက လေးဦးဟာ သံတိုသံစလုပ်ငန်းတွေမှာ အလုပ်လုပ်နေသူတွေဖြစ်ပါတယ်။ သံတိုသံစတွေကို တရားမဝင် စက်ရုံတွေကို ရောင်းချတာဟာ အိန္ဒိယမှာ ဝင်ငွေကောင်းတဲ့ စီးပွားရေးလို့ ရိုက်တာက ရေးပါတယ်။
Source Insider
#LocalNews
Published - 17 Apr 2022
စင်ကာပူနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုတဲ့မြန်မာနိုင်ငံသားများ နဲ့ နိုင်ငံခြားသားများကို ဧပြီလ ၁၇ရက် ယနေ့ ဒေသစံတော်ချိန် ၁၂ နာရီ ၃၉ မိနစ်တွင် ပထမဦးဆုံးအကြိမ် Commercial Flight အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines – MNA) ပျံသန်းအမှတ် UB 1002 သည် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်ပြေးဆွဲတဲ့ Commercial Flight တွင် ခရီးသည် စုစုပေါင်း (၁၂၄)ဦး လိုက်ပါလာကြပြီး ပထမဦးဆုံးအဖြစ် ယနေ့ ပြန်လည်ပြေးဆွဲသည့် Commercial Flight တွင် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများက ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1335 of 1451