#Local_News
Published 14 January 2025
▪️ ကိုဗစ်နှင့် HMPV ရောဂါပိုးအပါအဝင် ဆောင်းရာသီတွင်ဖြစ်ပွားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှအသိပေးလိုက်သည်။
▪️ ဆောင်းရာသီကာလမှာ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားစေသည့် ရာသီတုပ်ကွေးရောဂါပိုးများ ၊ ကိုဗစ်-၁၉ ရောဂါပိုး၊ HMPVရောဂါပိုး စသည့် အဏုဇီဝရောဂါပိုးများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် အသိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။
▪️ အဆိုပါ ရောဂါပိုးများမှာ ဆောင်းရာသီတွင်ကူးစက်ဖြစ်ပွားမှုမြင့်တက်လေ့ရှိပြီး ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအားစနစ်ကျဆင်းနေသူများတွင် ရောဂါပိုမိုပြင်းထန်စွာခံစားရနိုင်ကြောင်း သိရသည်။
▪️ ယင်းရောဂါလက္ခဏာများ အနေဖြင့် ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရောဂါပြင်းထန်ပါက လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းများဖြစ်နိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် ရောဂါကူးစက်ပုံနည်းလမ်းများမှာ ရောဂါပိုးကူးစက်ခံစားနေရသူ၏ ချောင်းဆိုး၊ နှာချေခြင်းကြောင့်ထွက်သည့် အစက်အမှုန်များမှတစ်ဆင့်ကူးစက်ခြင်း၊ ရောဂါပိုးကူးစက်ခံစားနေရသူနှင့် အနီးကပ်ထိတွေ့ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းမှ တစ်ဆင့်ကူးစက်ခြင်း၊ ရောဂါပိုးကပ်တင်နေသည့် အရာဝတ္ထုပစ္စည်းများ၊ မျက်နှာပြင်များကို လက်ဖြင့် ထိမိပြီး ပါးစပ်၊ နှာခေါင်းနှင့်မျက်စိများကို ထပ်ဆင့်ထိမိရာမှ တစ်ဆင့် ကူးစက်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း ဖော်ပြထားသည်။
▪️ ထို့ကြောင့် ရောဂါသံသယလက္ခဏာများ ခံစားရပါက ပါးစပ်၊နှာခေါင်းစည်း(Mask)တပ်ခြင်း၊ ဆပ်ပြာနှင့် ရေ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်း၊ နှာချေ၊ ချောင်းဆိုးပါက နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံစွာဖုံးအုပ်ခြင်း၊ အခြားသူများနှင့် ခပ်ခွာခွာနေခြင်းစသည့် ကာကွယ်ရေးနည်းလမ်းများကိုလုပ်ဆောင်ရန် လိုအပ်ကြောင်း အသိပေးထားသည်။
▪️ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှုမြင့်တက်နေသည့် ပြည်ပနိုင်ငံများကို သွားရာက်မည့်သူများအနေဖြင့် ရောဂါပိုးကူးစက်ခံရမှုမရှိစေရေး သတိပြုကာကွယ်ကြရန်၊ မိမိနိုင်ငံကို ပြန်လည်ရောက်ရှိပြီးနောက် ရောဂါသံသယလက္ခဏာများ ပေါ်ပေါက်လာပါကလည်း နီးစပ်ရာကျန်းမာရေးဌာနမျာကို စောစီးစွာ သွားရောက်ပြသပြီး ကုသမှုခံယူကြရန် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 January 2025
▪️ နိုင်ငံခြားငွေကြေးစျေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၂၅သန်းကို ယမန်နေ့က ထုတ်ရောင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါကဲ့သို့ ရောင်းချရာတွင် ငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာကို ၃၅၉၂ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးများကိုယခုနှစ်ဆန်း၌ ဆက်တိုက် ဆက်လက် ထုတ်ရောင်းပေးနေကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ငွေလဲနှုန်း ၃၅၈၈ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ငွေလဲနှုန်း ၅၃၈ ကျပ်ဖြင့် တရုတ်ယွမ် ၆၇၈၃၅၄ ၊ ငွေလဲနှုန်း ၁၂၉.၉ ကျပ်ဖြင့် ထိုင်းဘတ် ၂.၄ သန်းကိုလည်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ဇန်နဝါရီလ ၆ ရက်နေ့တွင် ငွေလဲနှုန်း ၃၅၉၁ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ငွေလဲနှုန်း ၁၃၀.၃ ကျပ်ဖြင့် ထိုင်းဘတ် ၂.၈ သန်းများ ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း ငွေလဲနှုန်း ၅၃၉.၆ ကျပ်နှင့် တရုတ်ယွမ် ၇၁၄,၈၅၃ ကို ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 January 2025
▪️ CHID Bank တွင် စုဆောင်းငွေပြည့်မီသူများ အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် သီလဝါအိမ်ရာမှာခန်းများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်က ယနေ့ထုတ်ပြန်ကြေညာထားသည်။
▪️ CHID Bank ၏ အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) တွင် ၃၁-၁၂-၂၀၂၃ ရက်နေ့အထိ သတ်မှတ်ပမာဏပြည့်မီအောင် စုဆောင်းထားရှိသူများ အနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချမည့် သီလဝါအိမ်ရာတွင် ကျန်ရှိသော ၆ ခန်းတွဲ ၅ ထပ် (၆၁)ခန်း၊ ၈ ခန်းတွဲ ၅ ထပ် (၂၇) ခန်း၊ စုစုပေါင်း (၈၈) ခန်းကို အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် လျှောက်ထားရန် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ “DUHD Sale Housing” Facebook Page Messenger တွင် အဆိုပြု စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း၊၃၁-၁၂-၂၀၂၃ ရက်နေ့အထိ အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) တွင် သတ်မှတ်ပမာဏ ပြည့်မီစွာ စုဆောင်းထားရှိသူများစာရင်းကိုလည်း "DUHD Sale Housing" Facebook Page” တွင် ပူးတွဲဖော်ပြထားကြောင်း သိရသည်။
▪️ ရောင်းချမည့်အိမ်ရာ၏ အချက်အလက်များနှင့် စာရင်းပေးသွင်းရမည့်အစီအစဉ်ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ “DUHD Sale Housing” Facebook Page” တွင်အသေးစိတ် ဖော်ပြထားပြီး အခန်းဝယ်ယူလိုကြောင်း အဆိုပြုစာရင်းပေးသွင်းပြီးပါက တန်းစီဇယားအမှတ်စဉ် (Seniority List) အလိုက် ဝယ်ယူခွင့် ရရှိသူများ၏စာရင်းကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှပြန်လည်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မြန်မာနိုင်ငံရဲ့တစ်ခုထဲသော စာဆိုဗိမာန်အတွက်စာပေအနု သုခုမလက်ရာ ပစ္စည်းတွေလှူဒါန်းနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 14 January 2025
#စာဆိုဗိမာန် #သုခုမလက်ရာ ပစ္စည်း
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်ငါးခုမှာအခု ဇန်နဝါရီလကနေ စတင်ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးစီမံချက် တွေဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 14 January 2025
#လေပြင်းဘေးကြိုတင်ပြင်ဆင် #တိုင်းနှင့်ပြည်နယ်ငါးခု
#YMG/NN #Yangon_Times
ပြည်ပဈေးကွက်ဝင်နှမ်းနက်တွေ ပစ္စည်းပြတ်လို့ တရုတ်ဝယ်လက်တွေ ကိုယ်တိုင်ဒေသတွင်းကို ဆင်းဝယ်လာတာကြောင့် ဈေးနှုန်းနှစ်ဆအထိ မြင့်တက်လာတယ်လို့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ ၊(မကွေး )က သိရပါတယ်။
#Local_News
Published 14 January 2025
#မြန်မာ့နှမ်းနက် #ဈေးနှစ်ဆမြင့်တက်
#YMG/NN #Yangon_Times
လာအိုကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက တဆင့်သိရပါတယ်။
#Local_News
Published 14 January 2025
#မြန်မာရွှေ့ပြောင်းလုပ်သား #သက်သေခံလက်မှတ်ထုတ်ပေး
#YMG/SW #Yangon_Times
#Local_News
Published 14 January 2025
▪️ MSME လုပ်ငန်းများ၏ စားသောက်ကုန်များ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေများကို စမ်းသပ်စစ်ဆေးပေးနိုင်ရန်အတွက် ဓာတ်ခွဲခန်းတစ်ခုကို ပြင်ဦးလွင်မြို့မှာဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
▪️ ဓာတ်ခွဲခန်းဖွင့်လှစ်မည့် အဆောက်အအုံကို ကောင်းမွန်သော ဓာတ်ခွဲခန်းအလေ့အကျင့် (GLP) များနှင့်အညီ တိတိကျကျလိုက်နာအကောင်အထည် ဖော်ဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းကို MSME များ ဖွံ့ဖြိုးတိုးတက်စေရေး အထောက် အကူဖြစ်စေရန်၊ ဓာတ်ခွဲခန်းအတွက် လိုအပ်သောစက်ပစ္စည်းကိရိယာများအား အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးရန်တို့ကို ဇန်နဝါရီ ၁၂ရက်တွင်အဆိုပါ နေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။
▪️ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်လျက်ရှိသဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင်စီမံဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်နေစဉ် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်းတင်ပြရန်တို့ကို လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 14 January 2025
▪️ အမေရိကန်ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်က လာမယ့်သီတင်းပတ် သမ္မတရာထူး စတင်တာဝန်ယူပြီးတဲ့အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမြန်ဆုံးတွေ့ဆုံသွားမယ်လို့ တနင်္လာနေ့က ပြောပါတယ်။
▪️ တွေ့ဆုံဆွေးနွေးမယ့် အချိန်အတိအကျကို မပြောထားဘဲ ဒါဟာ ၂၀၂၂ ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲနောက်ပိုင်း ထိုခေါင်းဆောင်နှစ်ဦးကြား ပထမဆုံးတွေ့ဆုံမှု ဖြစ်လာမှာပါ။
▪️ Newsmaxက စစ်ပွဲအဆုံးသတ်ရေး ဗျူဟာအကြောင်း မေးမြန်းရာမှာ ထရမ့်က "ဒီအတွက် ဗျူဟာတစ်ခုတည်းသာရှိပြီး ပူတင်အပေါ်သာ မူတည်ပါတယ်။ သူ့အတွက်လည်း သိပ်ပြီးအဆင်ချောမနေတာကြောင့် စစ်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေမှာ သေချာပါတယ်" လို့ ပြောသွားပါတယ်။
▪️ "သူတွေ့ဆုံချင်တာ သိနေသလို ကျွန်ုပ်ကလည်း အမြန်ဆုံး တွေ့ဆုံချင်ပါတယ်။ စောစောတွေ့ချင်ပေမယ့် သမ္မတရာထူး အရင်ယူရဦးမှာပါ။ အချို့သော အရာတွေအတွက် သမ္မတနေရာ ရောက်ရှိနေမှဖြစ်ပါမယ်" လို့ ပြောခဲ့ပါတယ်။
▪️ နိုင်ငံတော်လုံခြုံရေးအကြံပေး ဖြစ်လာတဲ့ လွှတ်တော်အမတ် မိုက်ခ်ဝေါ့ဇ်က ထရမ့်နဲ့ ပူတင်တို့ လာမယ့်ရက်သတ္တပတ်များအတွင်း ဖုန်းပြောဆိုသွားနိုင်ရန် မျှော်လင့်ရတယ်လို့ တနင်္ဂနွေနေ့က ဆိုပါတယ်။
▪️ ယူကရိန်းကို ရုရှားကျူးကျော်ထားရာမှာ လူသောင်းနဲ့ချီ သေဆုံးထားပြီး သန်းပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရသလို ၁၉၆၂ ကျူးဘားဒုံးကျည်ပြဿနာနောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံကြား ဆက်ဆံရေးအထိခိုက်ဆုံး ဖြစ်လာပါတယ်။
#Source: Reuters
#World_Science
Published 14 January 2025
▪️ အဆိပ်သင့်သုတ်ရည်ပါဝင်လာအောင် မျိုးဗီဇပြုပြင်ထားတဲ့ ခြင်တွေကို ဩစတြေးလျ သိပ္ပံပညာရှင်များ ထုတ်လုပ်လိုက်ပါတယ်။
▪️ ဒီနည်းလမ်းဖြင့် ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးတို့လို ရောဂါများပျံ့ပွားမှုအတွက် လက်နက်သစ် ဖြစ်လာနိုင်ပါတယ်။
▪️ ဒီနည်းလမ်းဟာ ခြင်တွေရဲ့ သုတ်ရည်ထဲမှာ အဆိပ်သင့်ပရိုတိန်းများ ဖြစ်လာအောင် မွေးထုတ်တာဖြစ်ပါတယ်။
▪️ ဒီလိုမျိုး မျိုးဗီဇပြုပြင်ထားတဲ့ ခြင်ထီးတွေကို လူတွေမှာရောဂါပျံ့ပွားစေတဲ့ ခြင်မတွေနဲ့ မိတ်လိုက်စေပြီး အဆိပ်သင့်ပရိုတိန်းတွေကြောင့် ခြင်မများ သေဆုံးစေပါတယ်။
▪️ လူတွေမှာ အသက်အန္တရာယ်ဖြစ်စေတဲ့ ရောဂါများအတွက် အဓိကတရားခံဖြစ်တဲ့ ခြင်မတွေကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။
▪️ ပိုးမွှားတွေကို ထိန်းချုပ်ပြီး ပိုမိုကျန်းမာတဲ့ လူ့အဖွဲ့အစည်း ရရှိနိုင်ဖို့ ဒီနည်းလမ်းသစ်က အကူအညီဖြစ်စေနိုင်တယ်လို့ မက်ကွာရီတက္ကသိုလ်မှ သိပ္ပံပညာရှင် ဆမ်ဘိချ်က ပြောပါတယ်။
▪️ ရောဂါကာကွယ်ရေးနဲ့ ပိုးမွှားထိန်းချုပ်ရေးအတွက် ဒီသုတေသနက အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ပြည်သူ့ကျန်းမာရေးအတွက် အပြောင်းအလဲ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။
▪️ ကနဦးစမ်းသပ်ချက်တွေမှာ အသီးတွေစားသုံးတဲ့ ယင်ကောင်တွေနဲ့ စမ်းသပ်ခဲ့ပြီး အဆိပ်သင့်ယင်ထီးတွေက ယင်မတွေနဲ့ မိတ်လိုက်ရာမှာ ယင်မတွေရဲ့သက်တမ်း သိသိသာသာ လျော့နည်းခဲ့တာကြောင့် ခြင်တွေမှာပါ စမ်းသပ်ဖို့ စီစဉ်လာကြပါတယ်။
▪️ ဒါပေမဲ့ မျိုးဗီဇပြုပြင်ထားတဲ့ ခြင်တွေကို အပြင်သို့မလွှတ်ခင်မှာ ဘေးကင်းစိတ်ချစွာ စမ်းသပ်ဖို့တော့ အရေးကြီးနေပါတယ်။
▪️ ခြင်တွေကြောင့်ဖြစ်တဲ့ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးတို့ကနေ ကမ္ဘာပေါ်မှ နှစ်စဉ်လူသန်းနဲ့ချီ သေဆုံးကြရတာကြောင့် ရောဂါသယ်ဆောင်လာကြတဲ့ ခြင်တွေကို ပစ်မှတ်ထားတဲ့ နည်းလမ်းသစ်ဖြင့် ပိုမိုကျန်းမာရေး လူ့အသိုင်းအဝိုင်းရရှိရန် မျှော်လင့်ရပါတယ်။
#Source: WION
#Local_News
Published_14 Jan 2025
▪️ PDF အဖွဲ့သို့ ငွေကြေးထောက်ပံ့ပေးရန် ကမ္ဘောဇဘဏ်(၃၇) ကို ဝင်ရောက်ပစ်ခတ်လုယက်ခဲ့သူကို ဘဏ်ဝန်ထမ်းများ ဝိုင်းဖမ်းဆီးရာလက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။
▪️ ဇန်နဝါရီလ ၁၁ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ် စဉ်ရပ်ကွက်၊ လမ်း ၄၀ ၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇)အတွင်းသို့ ပြောက်ကျားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် အနက်ရောင်ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးက ငွေလွှဲ၊ငွေထုတ်ပြုလုပ်ဟန် ဆောင် ကာ ဝင်ရောက်လာပြီး ဘဏ်ကောင်တာအမှတ်(၄)ရှေ့အရောက်အသင့်ယူဆောင်လာသည့် သေနတ်ဖြင့် ဘဏ်ဝန်ထမ်းများအား ချိန်ရွယ်ခြိမ်းခြောက်၍ ၎င်းလွယ်လာသည့် ကျောပိုးအိတ်အတွင်း ငွေများကို ထည့်ခိုင်းကာ လုယက်ယူဆောင်၍ ဘဏ်အတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
▪️ ယင်းသို့ထွက်ခွာစဉ် ဘဏ်ဝန်ထမ်းများ နှင့် တာဝန်သိပြည်သူများက လုယက်သူအမျိုးသားအား ဝင်ရောက်လုံး ထွေးဖမ်းဆီးရာ ၎င်းမှ သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သဖြင့် ဒုမန်နေဂျာဖြစ်သူ ဦးလမင်းကိုကို၏ ဝဲဘက်လက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လုယက်မှုကျူးလွန်သူ တရားခံအောင်ပြည့်ဖြိုး(ခ) ရောင်နီ (၃၂)နှစ်၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့နယ်နေသူအား လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကျူးလွန်သူ တရားခံ အောင်ပြည့်ဖြိုး(ခ) ရောင်နီအား မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစ ခန်း ၌ (ပ)၁၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၃၀၇ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးခဲ့ရာ ဇန်နဝါရီလ ၁၁ ရက် ည ၆ နာရီ ၅ မိနစ်တွင် ၎င်း၏မိဘနေထိုင်ရာ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ရှိ အိမ်သာအမိုးကြားမှ လက်လုပ်သေနတ်အတို ၂ လက်၊ ဂျင်ကလိ ၁၈ ချောင်း၊ တီရှပ်အင်္ကျီ ၁ ထည်တို့ကိုလည်းကောင်း၊ ည ၆ နာရီ ၂၀ မိနစ်တွင် ၎င်းငှားရမ်းနေထိုင်သည့် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ နေ အိမ်ကို သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ၉ မမကျည် ၁၈ တောင့်၊ MDY 1W/59983 စူပါကတ်အမျိုးအစားဆိုင်ကယ် ၁ စီးတို့ကိုလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
▪️ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ၆ လပိုင်းခန့်က ခင်မင်ရင်းနှီးသူ ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာ(စိစစ်ဆဲ)နှင့်အတူ စဉ့် ကိုင် မြို့နယ်၊ တဘတ်စွဲကျေးရွာအနီးရှိ သရက်ခြံအတွင်း ဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်း တက် ရောက်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် နေအိမ် များ၌ ထပ်မံရှာ ဖွေသိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများကို ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာထံမှ ဖုန်းဖြင့် ချိတ်ဆက် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာ ထံဖုန်းဖြင့် ဆက်သွယ်၍ PDF အ မည်ခံ အကြမ်းဖက်အဖွဲ့ သို့ ငွေများကိုအကြိမ်ကြိမ်ထောက်ပံ့ခဲ့ ကြောင်းနှင့် အကြမ်းဖက်အဖွဲ့ သို့ ထပ်မံငွေ ကြေးထောက်ပံ့ပေးရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ်(၃၇) ကို ဝင်ရောက်ပစ်ခတ်လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင် ၎င်းအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
#Yangon_Times/PP
#World_Health
Published 14 January 2025
▪️ လူသားတွေ အိပ်စက်စဉ်မှာ ဦးနှောက်ထဲစုပြုံနေတဲ့ အဆိပ်အတောက်တွေ ရှင်းထုတ်ပေးတဲ့ ဂလင်ဖာတစ်စနစ်ကို ဒိန်းမတ်သိပ္ပံပညာရှင်တွေ လေ့လာခဲ့ကြပါတယ်။
▪️ ဒီစနစ်ဟာ ဦးနှောက်လုပ်ဆောင်ချက် ကောင်းမွန်ဖို့ မရှိမဖြစ် လိုအပ်ပြီး အယ်လ်ဇိုင်းမားလိုမျိုး ရောဂါတွေကို ကာကွယ်နိုင်မယ့် စနစ်ဖြစ်ပေမယ့် လူသုံးများတဲ့ အိပ်ဆေးတစ်ခုကြောင့် အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရပါတယ်။
▪️ ဂလင်ဖာတစ်စနစ်က အိပ်တဲ့အချိန်မှာ ဦးနှောက်ကိုဆေးကြောပေးပြီး ဦးနှောက်လန်းဆန်းစွာ နိုးထလာစေနိုင်တယ်လို့ ရိုချက်စတာနဲ့ ကိုပင်ဟေဂင်တက္ကသိုလ်တို့မှ ဦးဆောင်သုတေသီ မိုင်ကင်နက်ဒါဂတ်က ပြောသွားပါတယ်။
▪️ နက်ဒါဂတ်နဲ့အဖွဲ့က ကြွက်တွေအိပ်နေစဉ် သူတို့ဦးနှောက်ထဲမှာ ဘာတွေဖြစ်လဲဆိုတာကို လေ့လာခဲ့ရာမှာ စက္ကန့် ၅၀ နေတိုင်း ဦးနှောက်ပင်မစတမ်ကနေ နော်အက်ပီနက်ဖရင်းမော်လီကျူး လှိုင်းငယ်လေးတွေ ထုတ်လွှတ်ခဲ့တာကို တွေ့ခဲ့ကြပါတယ်။
▪️ သွေးကြောတွေ ကျဉ်းစေပြီး ခန္ဓာကိုယ်က တုံ့ပြန်မှုတွေ လှုံ့ဆော်ပေးကာ ဦးနှောက်ကနေ အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။
▪️ သွေးကြောတွေ ကျုံ့ခြင်းနဲ့ ဖြေလျှော့ခြင်းတို့ကို အလိုက်သင့်ထိန်းညှိပေးပြီး ဦးနှောက်ကျောရိုးရည်ကနေ စွန့်ထုတ်ပေးတယ်လို့ နောက်ထပ်ဦးဆောင်သုတေသီ နာတယ်လီဟော့ဂ်လန်းက ပြောပါတယ်။
▪️ ဒီနောက် Ambienအမှတ်တံဆိပ်ဖြင့် ရောင်းချနေတဲ့ အိပ်ဆေး zolpidemကို ကြွက်တွေမှာ အသုံးပြုစေခဲ့ပါတယ်။
▪️ zolpidemကြောင့် ကြွက်တွေ လျင်မြန်စွာ အိပ်ပျော်စေပေမယ့် နော်အက်ပီနက်ဖရင်း လှိုင်းလှုပ်ရှားမှုကတော့ တဝက်လောက်သာ ရှိခဲ့ပြီး ဦးနှောက်ထဲသို့ အရည်ပို့ဆောင်မှု ၃၀ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။
▪️ ဒါကြောင့် အိပ်ဆေးအာနိသင်က အိပ်နေစဉ် ဦးနှောက်ဆေးကြောခြင်းစနစ်ကို နှောင့်ယှက်စေတယ်လို့ ယူဆရပါတယ်။
▪️ အိပ်ဆေးအသုံးပြုသူတွေအနေနဲ့ ဒါကိုသတိပြုသင့်ပြီး လူတွေဟာ အိပ်စက်ခြင်းအကျိုးကျေးဇူး လုံလောက်စွာ မရပါက ဆုံးဖြတ်ချက်အမှားတွေ ပြုလုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
▪️ ဒါကိုအတည်ပြုနိုင်ဖို့ လူသားတွေမှာပါ အလားတူစမ်းသပ်ချက်များ ပြုလုပ်သွားဖွယ်ရှိပြီး အိပ်ဆေးကို အတတ်နိုင်ဆုံး ရှောင်ရှားဖို့ဖြစ်လာလိမ့်မယ်လို့ နော့သ်ဝဲလ်ဟဲ့လ်စတေတင်ကျွန်း တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ သောမတ်စ်ကီလ်ကင်နီက ပြောသွားပါတယ်။
#Source: New York Post
Page 100 of 1618