Published 4 Sept 2022
လေကြောင်းလိုင်းတွေနှင့် လေယာဉ်အမှုထမ်းတွေ ခရီးသည်တွေကို လေယာဉ်ပေါ်တက်ဖို့ ထပ်ထပ်ခေါ်နေရတာတွေဟာ ဒီနှစ်နွေရာသီမှာတော့ သိပ်များများစားစားမရှိပေမယ့် ဒီတစ်ပတ်ထဲမှာတော့ မိသားစုတစ်စုအတွက် လေယာဉ်မှူးတစ်ဦးက တကယ့်ကို မှန်ကန်တဲ့ အလုပ်ကို လုပ်ဆောင်ပေးခဲ့ပါတယ်။
ခရီးသည်တင်ဂျက်လေယာဉ်ကြီးဟာ ပြေးလမ်းမပေါ်မှာ ပျံတက်မယ့်ဆဲဆဲမှာ လေယာဉ်မှူးဟာ လေယာဉ်ကို ပြန်လှည့်ပြီး ဂိတ်ဆီသို့ ပြန်မောင်းလာခဲ့ပါတယ်။ အကြောင်းကတော့ သမီးငယ်ဖြစ်သူ လေယာဉ်ပေါ်တက်ခါနီးမှ ပတ်စ်ပို့ ပျောက်သွားလို့ အဖေရောသမီးပါ ဒီလေယာဉ်နှင့် လိုက်လို့မရဖြစ်ခဲ့တဲ့ အဲဒီအဖေနှင့်သမီးကို ခေါ်တင်ဖို့ဖြစ်ပါတယ်တဲ့။
အင်္ဂလန်နိုင်ငံ နော်တင်းဟမ်အနီးက လီကက်စတွန်က အသက် ၃၈နှစ်အရွယ်ရှိ အင်ဒရူးယန်အင်စလေနှင့် သူ့ရဲ့ ခုနှစ်အရွယ်သမီး ကလေးဟာ ကာနာရီကျွန်း တင်နာရိုင်းဖ်ကနေ အရှေ့မစ်ဒ်လန်းလေဆိပ်ကို ပျံသန်းမယ့် Tui လေယာဉ်ခရီးစဉ်နှင့် လိုက်ပါဖို့ တားမြစ်ခံခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီးငယ်ရဲ့ပတ်စ်ပို့ကို ရှာမတွေ့လို့ဖြစ်ပါတယ်လို့ မိသားစုက အိုင်တီဗွီသတင်းဌာနကိုပြောပါတယ်။
အဲဒါကြောင့် အင်စလေရဲ့ ဇနီးနှင့် အခြားကလေးသုံးယောက်နှင့် မိဘတွေက လေယာဉ်နှင့်ပါသွားပြီး အဖေနှင့်သမီးက လေဆိပ်မှာကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ပတ်စ်ပို့ကို အကောက်ခွန်မဲ့ဈေးဝယ်အိတ်ထဲမှာ ပြန်ရှာတွေ့တဲ့အချိန် လေယာဉ်က ဂိတ်ကနေ ထွက်ခွာသွားခဲ့ပါပြီလို့ အိုင်တီဗွီက ပြောပါတယ်။
လေယာဉ်ပေါ်က လေယာဉ်မောင်မယ်တွေပြောတာကတော့ သူတို့နှစ်ဦးဟာ မန်ချက်စတာကိုထွက်ခွာမယ့် နောက်လေယာဉ် တစ်စီးနှင့် လိုက်လို့ရအောင်ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် လေယာဉ်မှူးကို အကူအညီတောင်းတဲ့အခါ လေယာဉ်မှူးက သူတို့နှစ်ယောက်ကို ဂိတ်မှာ ပြန်ခေါ်ပေးဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ အင်ဒရီယန်ရဲ့ မိခင်ဖြစ်တဲ့ အသက်၆၀ အရွယ်ရှာရွန်က အိုင်တီဗွီသတင်းဌာနကိုပြောပါတယ်။
“ အဲဒီအချိန်မှာ လေယာဉ်က ပြေးလမ်းမပေါ်ရောက်နေပြီး ပျံတက်ဖို့အဆင်သင့်ဖြစ်နေပြီ” လို့ ရှာရွန်ကပြောပါတယ်။ ကျွန်မ ကြက်သေသေမိသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မလေယာဉ်တွေစီးလာတာ ကြာလှပြီ။ ဒီလို ကျန်ခဲ့တဲ့ ခရီးသည်ကို ပြန်လှည့်ခေါ်တာမျိုး မကြုံဖူးလို့လေ” လို့လည်း သူမကပြောပါတယ်။
အစပိုင်းက မဖြစ်နိုင်ဘူးလို့ပြောထားတဲ့ သားဖြစ်သူရဲ့ ခရီးဆောင်အိတ်ကိုတောင် လေကြောင်းလိုင်းက လေယာဉ်ပေါ် တင်ပေးလိုက်သေးတယ်လို့ သူမကဆက်ပြောပါတယ်။
ကမ္ဘာအနှံ့မှာ နွေရာသီ ခရီးသွားတော်တော်များများ စိတ်ဒုက္ခတွေရောက်နေကြရချိန်မှာ ဒီအဖြစ်အပျက်ကလေးက အပြုသဘော ဆောင်တဲ့ဇာတ်လမ်းကလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဝန်ထမ်းမလုံလောက်မှုနှင့် ကပ်ဘေးကြောင့် ပိုမိုဆိုးရွားမှုတွေ ဖြစ်နေရတာကြောင့် လေကြောင်းလိုင်းတွေနှင့် လေဆိပ်တွေဟာ ခရီးသွားလုပ်ငန်းတွေပြန်ဖြစ်လာတဲ့အပေါ် အတော် ရုန်းကန် နေကြရတာဖြစ်ပါတယ်။ အဲဒီပြဿနာတွေကြောင့် လေယာဉ်ခရီးစဉ်တွေဖျက်သိမ်းရတာတို့၊နာရီနှင့်ချီနောက်ကျရတာတို့၊ ခရီးဆောင်အိတ်တွေပျောက်ဆုံးရတာတို့တွေဖြစ်နေကြရတာပါ။
အဲဒီနေ့က ဩဂုတ် ၂၆ရက်ဖြစ်ပြီး ယူကေရဲ့ ရက်သတ္တပတ်ရုံးပိတ်ရက်ဖြစ်ပါတယ်။ သူတို့စီးတဲ့လေယာဉ်က ထွက်ခွာချိန်ကိုက နောက်ကျနေခဲ့တာပါ။ လေဆိပ်ဟာ ဗြိတိန်ကိုပျံသန်းမယ့် လေယာဉ်သုံးစီးအတွက် အလုပ်များနေတယ်လို့လည်း သူမက ပြောပါတယ်။
Tuiလေကြောင်းက Business Insider ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
ရှာရွန်က သူမဟာ လေကြောင်းလိုင်းကို ကျေးဇူးတင်ကြောင်းပြောဖို့ကြိုးစားပေမယ့် အဆင်မပြေတာတိုင်တန်းလို့ရတဲ့ ဝက်ဘ်ဆိုက်ပဲတွေ့တယ်လို့ ဆက်ပြောပါတယ်။
Source: Insider
#Tui_Airlines
#Tenerife
#Air_Travel
Published. 4 Sept 2022
အိန္ဒိယနို်ငံဟာ ကမ္ဘာ့ နံပါတ်(၅) စီးပွားရေးနိုင်ငံအဖြစ်ရောက်ရှိလာပြီး ဗြိတိန်ဟာ နံပါတ်(၆)နိုင်ငံအဖြစ် အိန္ဒိယရဲ့ နောက်ကိုရောက်ရှိသွားကာ နေရာဖယ်ပေးလိုက်ရတယ်လို့ ဘလွန်းဘတ်သတင်းဌာနက သတင်းဖော်ပြလိုက်ပါတယ်။
ဒါဟာလူနေမှုစရိတ်တွေကြောက်စဖွယ်ကြီးမြင့်လာနေတဲ့ ဗြိတိန်မှာ အစိုးရအတွက် ထိုးနှက်မှု တစ်ခုဖြစ်လာပါတယ်။
ယခင်ကဗြိတိန်ရဲ့ ကိုလိုနီဖြစ်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံဟာ ၂၀၂၁ ခုနှစ် နောက်ဆုံးသုံးလမှာ ဗြိတိန်ကိုကျော်တက်သွားပြီး ကမ္ဘာ့နံပါတ်(၅)မြောက်အင်အားကြီးနိုင်ငံဖြစ်လာခဲ့တာပါ။ တွက်ချက်မှုကို အမေရိကန်ဒေါ်လာအခြေခံခဲ့တာဖြစ်ပြီး နိင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ရရှိတဲ့ ဂျီဒီပီ ကိန်းဂဏန်းတွေအရ ယခုနှစ် ပထမလေးလပတ်မှာလည်း အိန္ဒိယဟာ ဆက်လက် ဦးဆောင်နေပါတယ်။
နိုင်ငံတကာအဆင့်သတ်မှတ်ချက်တစ်ခုမှာ ဗြိတိန်လျောကျရတာဟာ ဗြိတိန်ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့်သူအတွက် ကြိုဆိုလက်ခံစရာ မရှိတဲ့ နောက်ခံတစ်ခုဖြစ်လာပါတယ်။လာမယ့်တနင်္လာနေ့မှာ ကွန်ဆာဗေးတစ်ပါတီဝင်တွေဟာ ဘောရစ်ဂျွန်ဆန် ကိုဆက်ခံမယ့်သူကို ရွေးချယ်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး လစ်ထရပ်စ်ဟာ အကြီးတန်း ဝန်ကြီးဟောင်း ရီရှီဆူနက်ကို အနိုင်ယူအရွေးချယ်ခံရလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့်သူဟာ ဆယ်စုနှစ်လေးစုအတွင်း အလျင်အမြန်ဆုံး ငွေကြေးဖောင်းပွမှုတွေကြုံနေရပြီး စီးပွားရေးကျဆင်းမှုကြုံရဖွယ်ရှိတယ်လို့ အင်္ဂလန်ဘဏ်က သတိပေးထားရတဲ့ ဗြိတိန်နိုင်ငံကို တာဝန်လွှဲ ယူရမှာဖြစ်ပါတယ်။
ဗြိတိန်နှင့်ခြားနားစွာပဲ အိန္ဒိယစီးပွားရေးဟာ ဒီနှစ်မှာ ၇ ရာခိုင်နှုန်းတိုးတက်ဖို့ရှိနေပါတယ်။ တူညီတဲ့ လေးလပတ်နောက်ဆုံးရက်မှာရှိတဲ့ ဒေါ်လာလဲလှယ်နှုန်းကို အသုံးပြုပြီး တွက်ချက်ကြည့်တဲ့အခါ အိန္ဒိယ စီးပွားရေး အရွယ်အစား ဟာ မတ်လ အထိ အမေရိကန်ဒေါ်လာ ၈၅၄.၇ ဘီလျံဖြစ်လာပါတယ်။ အခြေခံနည်း စနစ်အတူတူနှင့်တွက်ချက်ကြည့်တဲ့ အခါ ဗြိတိန်စီးပွားရေး အရွယ်အစားက ဒေါ်လာ ၈၁၆ ဘီလျံပဲရှိတယ်လို့ စီးပွားရေး သတင်းမီဒီယာကြီးဖြစ်တဲ့ ဘလွန်းဘတ်က ရေးသားပါတယ်။
ဒီတွက်ချက်မှုတွေကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကိန်းဂဏန်းတွေနှင့် ဘလွန်းဘတ်တာမင်နယ်ရဲ့ သမိုင်းဝင် ငွေကြေးလဲလှယ်နှုန်းတွေကို အသုံးပြုထားတာဖြစ်တယ်လို့ဆိုပါတယ်။
ဗြိတိန်ဟာ ဆက်လက်ပြီးကျဆင်းဖို့ရှိနေပါတယ်။
အိန္ဒိယဟာ ဗြိတိန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့နံပါတ်(၅)အဆင့်စီးပွားရေးတက်လှမ်းသွားတာကြောင့် အိန္ဒိယရဲ့ရှေ့မှာ အမေရိကန်၊တရုတ်၊ဂျပန်နှင့် ဂျာမနီတို့ပဲရှိတော့မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကတော့ အိန္ဒိယဟာ ကမ္ဘာ့စီးပွားရေးမှာ အဆင့် ၁၁သာရှိခဲ့ပြီး အဲဒီတုန်းက ဗြိတိန်က အဆင့် (၅)မှာရှိခဲ့ပါတယ်။
Source Bloomberg
#India_Economy
#The_fifth_largest_world-economy
#India_overtake_Britain
Published 31 Aug 2022
တရုတ်နိုင်ငံ အရှေ့ပိုင်းက သားသတ်ရုံတစ်ခုမှာ ကြောင်ကလေးတွေ အကောင် ၁၅၀ခန့်ကို တရုတ်ရဲတွေက ကယ်ဆယ်လိုက်ရတယ်လို့ နိုင်ငံတကာတိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တစ်ခုက ပြောပါတယ်။
တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ် အရှေ့ပိုင်းမြို့ဖြစ်တဲ့ ကျင်းနန်မြို့မှာ အဲဒီကြောင်ကလေးတွေကို သံချေးတွေတက်နေတဲ့ လှောင်အိမ်တွေထဲ သိပ်ထည့်ထားတာကို ရဲတွေက တွေ့ရှိခဲ့ကြပါတယ်လို့ Humane Society International (ဟူမိန်း ဆိုဆိုင်းတီးအင်တာနေရှင်နယ်) အဖွဲ့က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
အဲဒီဂိုဏ်းဟာ စာကလေးတွေကို လှောင်အိမ်တွေထဲ ထောင်ချောင်အဖြစ်ထည့်ထားပြီး ကြောင်ကလေးတွေဝင်လာတာနှင့် အဝေးထိန်းခလုတ်နှင့် လှောင်အိမ်တံခါးတွေကို ပိတ်ပစ်ကြတာဖြစ်တယ်လို့ ပြည်တွင်းက တိရိစ္ဆာန်အခွင့်အရေးအဖွဲ့ ဗွီရှိုင်းက ပြောပါတယ်။
“သူတို့ အခြေအနေက တုန်လှုပ်စရာပါ။ ကြောင်ကလေးတွေအများစုဟာ ပိန်ချုံးချည့်နဲ့နေပြီး အော်မြည်နေကြရှတယ်” လို့ ဟွမ်လို့ခေါ်တဲ့ လှုပ်ရှားတက်ကြွသူတစ်ဦးက အိတ်ချ်အက်စ်အမ်အဖွဲ့ကို ပြောထားပါတယ်။
“ ကြောင်တွေကို မျှားပြီး ထောင်ချောက်ဆင်ထားတဲ့ စာကလေးအရှင် ဒါဇင်တော်တော်များများ ကျွန်တော်တို့တွေ့ရတာလည်း တုန်လှုပ်စရာပဲ” လို့ သတင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ကယ်တင်လိုက်ရတဲ့ ကြောင်ကလေးတွေထဲက အများစုဟာ အိမ်မွေးကြောင်ကလေးတွေဖြစ်ပြီး သူတို့ကို တိရိစ္ဆာန်ဂေဟာကို ပို့ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
ကြောင်ကလေးတွေနှင့်အတူတွေ့ရတဲ့ စာကလေး ၃၁ကောင်ကိုလည်း လွှတ်ပေးခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှာ နှစ်စဉ် ခွေးအကောင်ရေး၁၀သန်းနှင့် ကြောင်အကောင်ရေ ၄သန်းခန့်ဟာ လူတွေစားသုံးဖို့ နှစ်စဉ် အသတ်ခံနေကြရတယ်လို့ HIS ရဲ့ သတင်းအချက်များအရသိရပါတယ်။
ခွေးသားနှင့်ကြောင်သားတွေကို တရုတ်နိုင်ငံ အချို့အစိတ်အပိုင်းတွေမှာ အရသာရှိတဲ့ ဟင်းလျာအဖြစ် စားသုံးကြပါတယ်။ ဒါပေမယ့် အိမ်မွေးတိရိစ္ဆာန်မွေးသူတွေ များလာတဲ့အတွက်အဲဒီအလေ့အထဟာ တဖြည်းဖြည်းချင်းတော့ လျော့ပါးလာနေပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၀ပြည့်နှစ်မှာ သားရိုင်းတိရစ္ဆာန်တွေကို စားသုံးခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတားမြစ်ထားပါတယ်။
ဒီနှစ် ဧပြီလမှာ ကွမ်တုံပြည်နယ်က ရှန်ဇင်းနှင့် ဇူဟိုင်းမြို့တွေမှာ ခွေးသားနှင့်ကြောင်သားတွေ စားသုံးခြင်းကို တားမြစ်လိုက်ပြီး တရုတ်နိုင်ငံမှာ ဒါဟာ ပထမဆုံးတားမြစ်လိုက်ခြင်းပဲဖြစ်ပါတယ်။
Source AFP
#Cat_dog_meat
#China_cat_meat
#China_rescue_cats
Published_ 31 Aug 2022
မြန်မာအလုပ်သမားခေါ်ယူမည့် Quota ဦးရေ တိုးမြှင့်သတ်မှတ်ပေးရန် ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ကိုရီးယားနိုင်ငံ၊ Gyeongnam ပြည်နယ်၊ Changwon မြို့၌ ဩဂုတ် ၂၉ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ “2022 EPS Conference” မှာ ပြောကြားခဲ့ပါတယ်။
သံအမတ်ကြီးသည် ကိုရီးယားနိုင်ငံသို့ Employment Permit System – EPS စနစ် ဖြင့် တရားဝင်အလုပ်သမား စေလွှတ်လျက်ရှိသည့် အခြား (၁၅) နိုင်ငံမှ သံအမတ်ကြီး များ၊ သံရုံးအကြီးအကဲများနှင့် အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဆွေးနွေးပွဲတွင် အိမ်ရှင်ကိုရီးယားနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမား ရေးရာဝန်ကြီးဌာနအောက်ရှိ HRD-Korea ၏ ဥက္ကဋ္ဌ Mr. Soobong Uh က မိန့်ခွန်း ပြောကြားခဲ့ပြီး ကိုရီးယားနိုင်ငံအနေဖြင့် EPS စနစ်ဖြင့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ တရားဝင် အလုပ်သမားများအားခေါ်ယူ၍ အလုပ်အကိုင်များ တိုးမြှင့်ဖန်တီးပေးနေမှု၊ အလုပ်သမား များ လုပ်ငန်းခွင်အန္တရာယ် ကာကွယ်ရေးကဏ္ဍတွင် အလုပ်ရှင်၊ အလုပ် သမားများအား အသိပညာပေးမှု တိုးမြှင့်ဆောင်ရွက်နေမှု၊ ကျွမ်းကျင်အလုပ်သမားများ ပိုမိုလိုအပ်နေမှု တို့ကို ဆွေးနွေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ တရားဝင်မြန်မာ အလုပ်သမားများကို ၂၀၁၁ ခုနှစ်က စတင်စေလွှတ်လျက်ရှိရာ ယနေ့အထိ (၄၄၄၇၂) ဦး စေလွှတ်ပြီးပါတယ်။၊ ကိုဗစ်-၁၉ ကာလအတွင်း ကိုရီးယားနိုင်ငံဘက်မှ မြန်မာအလုပ်သမားများ၏ တန်းစီဇယား သက်တမ်းကို (၁) နှစ် တိုးပေးခဲ့ခြင်းနှင့် Certificate for Confirmation of Visa Issuance (CCVI) သက်တမ်းကို ၃ လ မှ ၆ လ သို့လည်းကောင်း၊ ၆ လမှ ၁ နှစ်အထိ လည်းကောင်း တိုးမြှင့်ပေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါအစည်းအဝေးတွင် HRD-Korea ဥက္ကဋ္ဌ၊ Korea Occupational Safety and Health Agency ဥက္ကဋ္ဌ နှင့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ သံရုံးအကြီးအကဲတို့က E-9 အလုပ် သမားများ လုပ်ငန်းခွင် အန္တရာယ်တားဆီးကာကွယ်ရေးအတွက် စိတ်အားထက်သန်မှုကို ဖော်ပြသည့် စာချွန်လွှာ Letter of Intent for the Prevention of Industrial Accidents for Foreign Workers (E-9) အား လက်မှတ်ရေးထိုး၍ လဲလှယ်နိုင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Published 30 Aug 2022
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်းပြည်နယ်က စမတ်လယ်ယာတွေဟာ အင်တာနက်အသုံးချနည်းပညာတွေ သုံးတဲ့အတွက် လယ်ယာထွက်ကုန်ထုတ်လုပ်မှုစွမ်းရည်တွေ တိုးတက်မှုရှိနေကြပါတယ်။
ဟိုင်းယန်စီရင်စုကရွာတစ်ရွာမှာ လယ်သမားတွေဟာ သူတို့ရဲ့ အရွယ်အစားအမျိုးမျိုးရှိတဲ့ လယ်ယာတွေကို လွယ်လွယ်ကူကူ စီမံခန့်ခွဲနိုင်ကြပါတယ်။ အဲဒီအထဲမှာ ရှုဟွာလန်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။
ရှုရဲ့ ၃၃ ဟက်တာရှိတဲ့လယ်ထဲမှာ အင်တာနက်အခြေခံနည်းပညာတွေနှင့် အာရုံခံကိရိယာတွေ တပ်ဆင်ပြီး အပင်တွေ ဖွံ့ဖြိုးကြီးထွားလာတဲ့ ဝန်းကျင်ကို စမ်းသပ်တာ၊သတိပေးတာ၊ခွဲခြမ်းစိတ်ဖြာတာနှင့်ချိန်ညှိတာတွေ ဆောင်ရွက်နေပါတယ်။ အဲဒါကြောင့် ရေနှင့် ဓာတ်မြေဩဇာကို ချွေတာသုံးစွဲနိုင်ပြီး အလုပ်သမားခတွေကိုလည်း သက်သာစေပါတယ်။
ရှုက သတင်းထောက်ကို ပြောပြနေစဉ်မှာပဲ သူ့ရဲ့ ဂရင်းဟောက်စ်ပန်ကာတွေက အလိုလို စတင် လည်ပတ်ပါတော့တယ်။
“ ပန်ကာတွေက အလိုအလျောက်အဖွင့်အပိတ်လုပ်တာ။ အခန်းတွင်း အပူချိန်က ၃၀ ဒီဂရီဆဲဆိယတ်စ်ရောက်ရင် ပန်ကာတွေက အလိုလိုလည်ပတ်လာပြီး ၂၅ ဒီဂရီဆဲဆိယတ်စ်ရောက်တာနှင့် အလိုလိုပြန်ပိတ်သွားတယ်” လို့ ရှုက ပြောပါတယ်။
ထူးခြားတဲ့ သစ်သီးတွေနှင့် ဟင်းသီးဟင်းရွက်တွေအားလုံး ကျွန်တော့် ဂရင်းဟောက်စ်ထဲ တွေ့နိုင်တယ်။ အဲဒါတွေအားလုံးကို အင်တာနက်ရဲ့ အိုင်အိုတီစနစ်နှင့် ဒစ်ဂျစ်တယ်နည်းအရ စီမံထိန်းကျောင်းပေးနေတာဖြစ်တယ် လို့လည်း သူကပြောပါတယ်။
အိုင်အိုတီစနစ်နှင့် ဒီဥယျဉ်ထဲက ယာခင်းတွေအားလုံး စီမံလုပ်ဆောင်နေပါတယ်။ ပန်ကာတွေ၊ရေလိုက်ကာ တွေနှင့် နေကာပိုက်တွေ၊ ပြီးတော့ ဂရင်းဟောက်စ်ရဲ့ အပူချိန်နှင့် စိုထိုင်းဆတွေကို အဲဒီနည်းပညာနှင့် ထိန်းသိမ်းစီမံနေပါတယ်” လို့ သူကဆက်ပြောပါတယ်။
အဲဒီအတွက် ရင်းနှီးမြှပ်နှံစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၆.၃သန်းနှင့်ညီမျှတဲ့ တရုတ်ယွမ်ငွေ ၁၁၃သန်းရှိပြီး သူဟာ ဒစ်ဂျစ်တယ်စမတ်ဂရင်းဟောက်စ်ပေါင်း ၁၉ ခုတည်ဆောက်ထားပါတယ်။ အဲဒီဂရင်းဟောက်စ်တွေက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပါတယ်။
“ ကျွန်တော်တို့အပင်တွေကြီးထွားလာတာကို အချိန်နှင့်တပြေးညီစီမံလုပ်ဆာင်နိုင်ပါတယ်။ ရောဂါတွေ၊ပိုးမွှားကောင်တွေနှင့် အမြင့်မားဆုံး ကြီးထွားမှုဝန်းကျင်ရရှိအောင် အမြဲစောင့်ကြည့်နိုင်ကြပါတယ်”လို့လည်းသူကပြောပါတယ်။
“ ပဲနို့နှင့် ကြက်၌တွေကိုအသုံးပြုပြီး အော်ဂဲနစ်မြေဩဇာ ကျွန်တော်တို့လုပ်ပါတယ်။ အဲဒီနောက် အစက်ချစနစ်သုံးပြီး အပင်တွေကို လိုအပ်တဲ့ အဟာရပမာဏကိုတိတိကျကျပေးနိုင်တယ်” လို့ သူကပြောပါတယ်။
အဲဒီဒေသမှာ နည်းပညာအသစ်တွေက လယ်ယာထွက်ကုန်တွေကို ဈေးကွက်မှာ လူကြိုက်များစေပါတယ်။
အလုပ်အများဆုံးရာသီမှာ အလုပ်သမားတွေဟာ ယာထဲနေ့တိုင်းလာပြီး သစ်သီးဝလံဟင်းသီးဟင်းရွက်တွေကို ဖြန့်ဖြူးရောင်းချဖို့ ထုတ်ပိုးကြပါတယ်။ သူတို့ရဲ့ ဝင်ငွေက သတိထားမိစရာဖြစ်လို့ အနီးအနားရွာတွေကလူတော်တော်များများ အလုပ်လုပ်ဖို့ ဆွဲဆောင်ပေးနေပါတယ်။
“ လယ်ယာစိုက်ပျိုးရေး ပုံစံသစ်က လယ်ယာထွက်ကုန်စွမ်းဆောင်ရည်တိုးတက်စေတယ်။ လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေကို အဲသလို ကုမ္ပဏီတွေကို အငှားချပေးတဲ့အတွက် အဲဒီကနေဝင်ငွေရတဲ့အပြင် အားလပ်တဲ့အချိန်မှာ အဲဒီမှာ ဝင်လုပ်ကိုင်တဲ့အတွက် ပိုက်ဆံတွေပိုရတယ်” လို့ ရွာရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ချေးဟွေးကျားက ပြောပါတယ်။
Source: CCTVPlus
#Smart_farms
#China_modern-agriculture
#Internet-of-the-things
Published 30 Aug 2022
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မစ္စတာဂေါတမ်အက်ဒါနီကို ပြင်ပက လူအနည်းငယ်လောက်ပဲသိကြတာပါ။
ယခု အိန္ဒိယသူဋ္ဌေးကြီးဖြစ်နေတဲ့သူဟာ ကောလိပ်ကျောင်းမပြီးခင်ထွက်ခဲ့ရသူဖြစ်ပါတယ်။ သူဟာ ပထမဆုံး စိန်ကုန်သည် အဖြစ် သူ့ကံတရားကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ ကျောက်မီးသွေး,,။ အဲဒီနောက် တဖြည်းဖြည်းနှင့် အကြီးဆုံး လုပ်ငန်းစုကြီးတွေထဲက တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ အဲဒီသူဟာ အခု ကမ္ဘာပေါ်မှာ တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။
ဒါဟာ အာရှမှာ ပထမဆုံးအဖြစ် အာရှသားတစ်ဦးဟာ ဘလွမ်းဘတ်ရဲ့ ထိပ်တန်းဘီလျံနာ(၃)ဦးစာရင်းဝင်ဖြစ်လာတာပါ။ ရီလိုင်းယင့်စ် အင်ဒတ်စထရီက မစ္စတာ မူကက်ရှ် အမ်ဘာနီနှင့် အလီဘာဘာပူးတွဲတည်ထောင်သူ ဂျက်မာတို့တောင် အဲဒီ အဆင့်မရောက်ခဲ့ကြပါဘူး။
အမေရိကန်ဒေါ်လ၁၃၇.၄ ဘီလျံချမ်းသာကြွယ်ဝတဲ့ မစ္စတာ အက်ဒါနီဟာ LVMH ဥက္ကဋ္ဌ ဘားနတ် အာနော့တ်ကို ကျော်ဖြတ် ပြီး တတိယနေရာ ရောက်သွားတာဖြစ်ပါတယ်။ သူ့ရှေ့မှာ တက်စ်လာ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်နှင့် အမေဇုန်ဒေါ့ကွမ်းတည်ထောင်သူ ဂျက်ဘီဇော့တို့ပဲရှိပါတော့တယ်။
အသက် (၆၀)ရှိပြီဖြစ်တဲ့ မစ္စတာ အက်ဒါနီဟာ ကျောက်မီးသွေးမှသည် ဆိပ်ကမ်းတွေအထိပါတဲ့ သူ့ရဲ့လုပ်ငန်းစုကြီးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ချဲ့ထွင်ခဲ့တာပါ။ အဲဒါကြောင့် ဒေတာစင်တာမှသည် ဘိလပ်မြေလုပ်ငန်း၊မီဒီယာနှင့် အလျူမီနီယမ်တွေအထို လုပ်ငန်းစုံလှပါတယ်။
သူ့ရဲ့လုပ်ငန်းအုပ်စုဟာ အခုဆို အိန္ဒိယရဲ့ အကြီးဆုံးပုဂ္ဂလိက ဆိပ်ကမ်းလုပ်ငန်းများလုပ်ကိုင်နေပြီး လေဆိပ်တွေစီမံခန့်ခွဲသူ၊ မြို့ဓာတ်ငွေ့ဖြန့်ချိသူနှင့် ကျောက်မီးသွေးသတ္တုတွင်းတွေအထိ ပိုင်ဆိုင်ထားပါတယ်။ ဩစတြေလျက ကာမိုက်ကယ်သတ္တုမိုင်း ဆိုရင် ပတ်ဝန်းကျင်ဝါဒီတွေရဲ့ ဝေဖန်ပြစ်တင်ခြင်းခံနေရပါတယ်။ သူဟာ နိုဝင်ဘာလတုန်းက အစိမ်းရောင်စီးပွားရေးအတွက် ဒေါ်လာ ၇၀ဘီလျံရင်းနှီးမြှပ်နှံမှုလုပ်မယ်လို့ ကတိပေးခဲ့တဲ့အတွက် ကမ္ဘာ့အကြီးဆုံးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်သူ ဖြစ်လာပါလိမ့်မယ်။
မစ္စတာအက်ဒါနီဟာ အခြားသူဋ္ဌေးကြီးတွေလိုပဲ ပရဟိတလုပ်ငန်းတွေအတွက်လည်း လှူဒါန်းဖို့ရှိပါတယ်။ သူဟာ သူ့ရဲ့ အသက်(၆၀) ပြည့်မွေးနေ့အဖြစ် လူမှုရေးလုပ်ငန်းတွေကို ဒေါ်လာ ၇.၇ဘီလျံလှူဒါန်းမယ်လို့ ကတိပြုထားပါတယ်။
Source: Reuters
#Mr_Gautam_Adani
#world's_3rd_richest_person
#Indian_tycoon_Guatam_Adani
Page 39 of 61