Published 25 Sept 2022
ဖို့ဒ်ကားကုမ္ပဏီရဲ့ ရုချ် လျှပ်စစ်ကားထုတ်လုပ်ရေးဌာနဟာ မီချီဂန်ပြည်နယ် ဒီယာဘွန်းမြို့က ကုမ္ပဏီရဲ့ ယခင် ရာစုနှစ် သက်တမ်းရှိပြီဖြစ်တဲ့ စက်ရုံအတွင်းထဲမှာရှိပါတယ်။ အဲဒီစက်ရုံကနေ ယခု ဖို့ဒ်ရဲ့ အလုံးစုံလျှပ်စစ်ပထမဆုံးထရပ်ကား F-150 Lightning ကားတွေကို ထုတ်လုပ်နေပါတယ်။
“ကျွန်တော်တို့မျှော်လင့်ထားတာထက် ဝယ်လိုအားက ပိုများနေတယ်” လို့ တိုးချဲ့ လျှပ်စစ်ကားစက်ရုံရဲ့ ဝါရင့် လုပ်ငန်းလည်ပတ်ရေး မန်နေဂျာတစ်ဦးဖြစ်တဲ့ ခရစ် စကက်ခ်က ပြောပါတယ်။
“ ကျွန်တော်တို့ကို ကြိုမှာထားတာ အစီး နှစ်သိန်းရှိနေပါတယ်။ အဲဒါတွေ အချိန်မီရရှိအောင် ကျွန်တော်တို့ ခပ်မြန်မြန်ထုတ်လုပ်နေပါတယ်” လို့လည်း သူကပြောပါတယ်၊
အခုဆို ကျွန်တော်တို့ထုတ်လုပ်မှုစွမ်းရည်ကို နှစ်ဆတိုးထုတ်နေတာကို ကြေညာထားပါတယ်။ ဒီနှုန်းနှင့်ဆို တစ်နှစ်ကို ကားပေါင်း တစ်သိန်းခွဲထုတ်လုပ်နိုင်မှာပါ လို့လည်းသူကပြောပါတယ်။
“ အဲဒါကြောင့် ကျွန်တော်တို့ အလုပ်ရုံတွေ အများကြီးထပ်တိုးထားတယ်။ လူတွေထပ်တိုးထားတယ်။ဝယ်ယူသူတွေရဲ့ လိုလားမှုတွေပြည့်မီစေဖို့အတွက် လိုင်းတွေမှာ ထုတ်လုပ်မှုနှုန်းတွေတိုးမြှင့်နိုင်ပါတယ်။ အဲဒီအပြင် တင်နက်ဆီမှာ နောက်ထပ် စက်ရုံတစ်ရုံဆောက်နေတယ်။ အဲဒီမှာ လျှပ်စစ်ကားတွေ ပိုကောင်းကောင်းထုတ်နိုင်မယ်” လို့ သူကပြောပါတယ်။
ဒီထူးခြားတဲ့အခြေအနေကြောင့် အခြေခံအားဖြင့် တစ်နှစ်အတွက် ထုတ်လုပ်မှုလေးဆတိုးရမယ်။ ကျွန်တော်တို့ ခပ်မြန်မြန်တုန့်ပြန်နေပါတယ်။ ကျွန်တော်တို့ဟာ ထရပ်ကားကျွမ်းကျင်သူတွေပါ။ ကျွန်တော်တို့ဘယ်လိုအတိုင်းအတာတိုးမြှင့်ရမယ်ဆိုတာနှင့် ဝယ်သူရဲ့လိုအပ်ချက်ကို ဘယ်လိုပြည့်မီအောင်လုပ်ရမယ်ဆိုတာ သိပါတယ် လို့လည်း သူကဆက်ပြောပါတယ်။
ဒီအခြေအနေမရောက်ခင် ကျွန်တော်အငြိမ်းစားယူရမယ် ထင်ထားတာ။ လုပ်ငန်းက ခပ်မြန်မြန်ကြီးပြောင်းလဲနေတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းကြိုခန့်မှန်းနိုင်မယ်လို့ မထင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အမြန် တုန့်ပြန်ပြီး ဘက်ထရီတွေတည်ဆောက်ဖို့ မှန်ကန်တဲ့အရင်းအမြစ်တွေကို ရယူနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝယ်လိုအားကိုထုတ်နိုင်အောင် ကျွန်တော်တို့ လုပ်ငန်းအတိုင်းအတာကိုတိုးမြှင့်နေပါတယ် လို့ သူကပြောကြားခဲ့ပါတယ်။
အဲဒီစက်ရုံနှင့်ကပ်လျက်မှာ ဒီယာဘွန် ထရပ်ကားစက်ရုံရှိပါတယ်။ အဲဒီမှာတော့ ဓာတ်ဆီထရပ်ကားတွေ ထုတ်လုပ်နေတုန်းဖြစ်ပါတယ်။ အဲဒီမှာ ၅၃စက္ကန့်တိုင်းမှာ ပစ်ကားကာတစ်စီထွက်ရှိနေတာဖြစ်ပါတယ်။
Source AFP
#Ford’s_All_Electric_truck
#F-150_Lightning
#Battery_Electric_Vehicles
Published 24 Sept 2022
တရုတ်နိုင်ငံရဲ့ နယ်စပ်ဖြတ်ကျော် တရုတ်ယွမ်ငွေ သုံးစွဲမှုဟာ ၂၀၂၁ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅.၂၄ ထရီလီယံနှင့် ညီမျှတဲ့ တရုတ်ယွမ်ငွေ ၃၆.၆၁ ထရီလီယံအထိရှိခဲ့ပြီး ယမန်နှစ်ထက် ၂၉ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ တရုတ် ဗဟိုဘဏ်က ကြေညာပါတယ်။
အဲဒီတန်ဖိုးတွေထဲမှာ လက်ခံရရှိတာက ၁၈.၅၁ ထရီလီယံ ယွမ်ဖြစ်ပြီး ပေးချေတာက ၁၈.၁ ထရီလီယံ ယွမ်ဖြစ်တယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ တရုတ်ဗဟိုဘဏ်ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်က နယ်စပ်ဖြတ်ကျော် အသားတင် စာရင်းရှင်းလင်း စီးဆင်းဝင်ရောက်ဟာ ၄၀၄.၄၇ ဘီလျံ ယွမ် ရှိခဲ့ပြီး အဲဒီမတိုင်ခင်နှစ်က ယွမ်ငွေ အပြင်သို့စီးဆင်းမှုဟာ ၁၈၅. ၇၉ ဘီလျံယွမ်ငွေရှိတယ်လို့လည်း နှိုင်းယှဉ်ဖော်ပြထားပါတယ်။
၂၀၂၁ခုနှစ်မှာ နယ်စပ်ဖြတ်ကျော် ယွမ်ငွေဖြင့်စာရင်းရှင်းမှုတွေဟာ နယ်စပ်ဖြတ်ကျော် ပြည်တွင်းသုံးငွေနှင့် နိုင်ငံခြားငွေတွေ စာရင်းရှင်းလင်းမှုအားလုံးရဲ့ ၄၇.၄ ရာခိုင်နှုန်းရှိပြီး ၁.၂ ရာခိုင်နှုန်းမြင့်တက်လာပါတယ်။
၂၀၂၂ခုနှစ်ရဲ့ ပထမခြောက်လပတမှာ နယ်စပ်ဖြတ်ကျော် ယွမ်ငွေအသုံးပြုမှုဟာ ၂၀.၃၂ ထရီလီယံရှိခဲ့ပါတယ်။ မနှစ်က ထက် ၁၅.၇ ရာခိုင်နှုန်းထပ်မံတိုးတက်လာပါတယ်။ ဒါဟာ နယ်စပ်ဖြတ်ကျော်ပြီး ယွမ်ငွေနှင့် အခြာနိုင်ငံခြားငွေတွေ အသုံးပြုမှုအားလုံးရဲ့ ၄၉.၁ ရာခိုင်နှုန်းဖြစ်ပါတယ်။
ယွမ်ငွေပိုင်ဆိုင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှပ်နှံသူတွေကို ဆက်လက်ပြီး မြင့်မားစွာဆွဲဆောင်ထားဆဲဖြစ်ပြီး လုံခြုရေးရင်းနှီးမြှပ်နှံမှုဟာလည်း နယ်စပ်ဖြတ်ကျော် ယွမ်ငွေဖြင့် လက်ခံပေးချေမှု အသားတင်စီးဆင်းမှုဟာလည်း စံချိန်တင်မြင့်မားနေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
၂၀၂၁ နှစ်ကုန်မှာ နိုင်ငံခြားကုမ္ပဏီတွေက ပြည်တွင်းယွမ်ငွေကို စတော့၊စာချုပ်၊ချေးငွေနှင့် စုဆောင်းမှုတွေဟာ ၁၀.၈၃ ထရီလီယွမ်အထိရှိနေပြီး ပြီးခဲ့တဲ့နှစ်ထက် ၂၀.၅ ရာခိုင်နှုန်းတက်လာတာဖြစ်ပါတယ်။
ယွမ်ငွေရဲ့ နိုင်ငံခြားမှတ်ပုံတင်လုပ်ငန်းဈေးကွက်ဟာလည်း ပိုပြီး အသုံးပြုကုန်သွယ်မှုတွေရှိလာနေပါတယ်။ ၂၀၂၁ခုနှစ် နှစ်ကုန်အထိ အဲဒီ အဓိက ေဈေးကွက်တွေဟာ ယွမ်ငွေစုဆောင်းမှု ၁.၅ ထရီလီယံအထိရှိလာနေတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
နိုင်ငံတကာငွေပေးချေမှုမှာ ယွမ်ငွေနှင့်ပေးချေမှုအချိုးအစားဟာ ၂၀၂၁ ဒီဇင်ဘာမှာ ၂.၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ ပါတယ်။ ဒါဟာ ဂျပန်ယန်းငွေဖြင့်ပေးချေတာကို ကျော်ဖြတ်ပြီး ကမ္ဘာ့ငွေကြေးပေးချေမှုမှာ စတုတ္ထအဆင့်ရောက်ရှိလာတာပါ။ ၂၀၂၂ ဇန်နဝါရီမှာ ၃.၂ ရာခိုင်နှုန်းအထိထပ်မံမြင့်တက်လာပြီး ဒါဟာ စံချိန်တင်သွားတာဖြစ်တယ်လို့ ကမ္ဘာအနှံ့ ဘဏ်အချင်းချင်း ဘဏ္ဍာရေးဆိုင်ရာ တယ်လီဖုန်းဆက်သွယ်မှု အသင်း SWIFT ( ဆွစ်) ရဲ့ ကိန်းဂဏန်းအချက်အလက်များ အရသိရပါတယ်။
Source CCTV+
#Cross-border_RMB
#Yuan_Use
#China_Economy
Published 20 Sept 2022
ထရပ်ဘီလူးကြီးတစ်စီးက ကားလေးတွေအပေါ် တက်နင်းကြိတ်ချေပြနေတဲ့မြင်ကွင်းကို ဒက်ထရွိုက် ကားပြပွဲမှာ ပရိဿတ်တွေက အကြိုက်တွေ့နေကြပါတယ်။ Bigfoot 20 လို့အမည်ပေးထားတဲ့ အဲဒီထရပ်ဘီလူးကြီးဟာ ကမ္ဘာ့ ပထမဆုံး လျှပ်စစ်နှင့်မောင်းနှင်တဲ့ ဧရာမ ထရပ်ကားဖြစ်ပါတယ်။ အဲဒီကားဘီလူးကြီးဟာ အလေးချိန်ပေါင်တစ်သောင်းတစ်ထောင် ရှိပြီး ယခုနှစ်မှာ ထုတ်လုပ်မှု ၁၀နှစ်ပြည့်ပြီဖြစ်ပါတယ်။ အဲဒီအပြင် ဘက်ထရီအားသုံး လျှပ်စစ်မော်တာနှင့်မောင်းနှင်တဲ့ တစ်ခုတည်းသော ထရပ်ဘီလူးကြီးပါ။
Source AFP
#Electric_monster_truck
#Bigfoot_20
#Detroit_Auto_Show
Published 19 Sept 2022
၁၉ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကြီးကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ သောကြာနေ့မှ တနင်္လာနေ့အထိ ကျင်းပခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၅၉.၀၂ ဘီလျံနှင့်ညီမျှတဲ့ တရုတ်ယွမ်ငွေ ၄၁၃ ဘီလျံတန်ဖိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပေါင်း ၂၆၇ ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
“ RCEP အခွင့်အလမ်းသစ်တွေမျှဝေ၊ တရုတ်-အာဆီယံလွတ်လပ်ကုန်သွယ်ဒေသဗားရှင်း-၃ တည်ဆောက်” ဆိုတဲ့ အာဘော်နှင့် ပြသတဲ့ ဒီနှစ်ကုန်စည်ပြပွဲကြီးဟာ ၂၀၂၁ခုနှစ် ပြည့်စုံကျယ်ပြန့်သော မဟာဗျူဟောမိတ်ဖက်ပြုခြင်းနှင့် ဒေသဆိုင်ရာ ကျယ်ပြန့်သောစီးပွားမိတ်ဖက် RCEP အစီအစဉ်များကြေညာအပြီး ပထမဆုံးကျင်းပတဲ့ကုန်စည်ပြပွဲဖြစ်ပါတယ်။
အဲဒါကြောင့် တရုတ်-အာဆီယံ လွတ်လပ်ကုန်သွယ်ဧရိယာနှင့် RCEP ပြခန်းကို ပထမဆုံးပြသထားပါတယ်။ တရုတ်နို်ငံနှင့် အာဆီယံတို့အကြား ပို့ကုန်နှင့်သွင်းကုန်ပမာဏတွေဟာ ဒီနှစ်ပထမ(၈)လအတွင်း ၁၄ရာခိုင်နှုန်းနှင့် ၇.၅ ရာခိုင်နှုန်းစီ အသီးသီးတိုးတက်လာတယ်လို့ တရုတ် အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာန ရဲ့ ကိန်းဂဏန်းအချက်အလက်များအရ သိရပါတယ်။
RCEP ရဲမူဘောင်အောက်မှာ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖိုရှန်းမြို့ကနေ အာဆီယံနိုင်ငံတွေအကြား ပို့ကုန်သွင်းကုန်တန်ဖိုးဟာ ၁၄.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
“ဇန်နဝါရီကနေ ဩဂုတ်အထိ ဖိုရှန်းအကောက်ခွန်ဌာနဟာ RCEP ရဲ့အောက်ကနေ အမေရိကန်ဒေါ်လာ ၂၂၂ သန်းရှိတတဲ့ ၄၅၅၇ လက်မှတ်တွေထုတ်ပေးခဲ့ပါတယ်။ ကုမ္ပဏီတွေဟာ အခွန်ငွေနှင့် အုပ်ချုပ်ရေစရိတ်စကစုစုပေါင်း ယွမ်ငွေ ၃၅.၆ သန်း သက်သာခဲ့ပါတယ်” လို့ ဖိုရှန်အကောက်ခွန်ဌာနမှ အရာရှိ ဝမ်ချင်းက ပြောပါတယ်။
ပထမ(၇)လမှာ ကွမ်ရှီးနှင့် ဘရူးနိုင်း၊မြန်မာ ၊ကမ္ဘောဒီးယားတို့အကြား ပို့ကုန် ၃၇၄.၇ ရာခိုင်နှုန်းနှင့် သွင်းကုန် ပမာဏ ၁၆၈.၃ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ပါတယ်။ ကွမ်ရှီးဟာ အာဆီယံနိုင်ငံတွေဆီက သစ်သီးတန်ချိန်ပေါင်း (၃)သိန်း(၅)သောင်း လေးထောင်တင်သွင်းခဲ့တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးရှိနေသည့်ကြားထဲက RCEP အဖွဲ့ဝင်နိုင်ငံတွေအကြား ပို့ကုန်သွင်းကုန်တွေ တိုးတက်လာနေပါတယ်။ ဒါဟာ ဒေသတွင်းစီးပွားရေးတွေဟာ ကြံ့ကြံခံနိုင်တယ်ဆိုတာနှင့် ဒေသတွင်း ထောက်ပို့ကွင်းဆက်ကို ခိုင်မာစေဖို့ RCEPရဲ့ အပြုသဘောအခန်းကဏ္ဍကိုပြသနေတာဖြစ်ပါတယ်။
“ RCEP ရဲ့အကျိုးရလာဒ်တွေဟာ ပိုပြီးသိသာထင်ရှားလာတယ်။ RCEPဟာ ပွင့်လင်းမှု၊အားလုံးပါဝင်မှုနှင့် ရလာဒ်ခွဲဝေခံစားမှုဆိုတဲ့ အခြေခံသဘောတရားအပေါ်ရပ်တည်ထားတယ်။ ဒေသထဲက ဖွံ့ဖြိုးပြီးနိုင်ငံတွေသာမက ဖွံဖြိုးမှုနည်းပါးတဲ့နိုင်ငံတွေအတွက်ပါ အကျိုးရှိစေပါတယ်” လို့ တရုတ်(ဟိုင်နန်) ပြုပြင်ပြောင်းလဲရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ချီဖုလင်က ပြောကြားပါတယ်။
Source: CCTV+
#China_ASEAN_Expo
#RCEP
#China_ASEAN_FTA
Published_ 19 September 2022
မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ဖုန်း SIM Card များတွင် အချက်အလက် များအား မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက အပြီးပိတ်သိမ်းမှာ ဖြစ်ပြီး ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမှာ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူ အချိုသည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့်အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
ယခုအခါ SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ e-ID Database အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်တဲ့ အတွက် သုံးစွဲသူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို၏မှတ်ပုံတင် (မူရင်း)ဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တိုကို မှန်ကန်စွာဖြည့်စွက်၍ စနစ်တကျ မှတ်ပုံတင်နိုင်ပြီးမှသာ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။
ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများအနေဖြင့်လည်း SIM Card များ ရောင်းချရာနှင့် အချက်အလက်များ မှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာတွင် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သုံးစွဲသူပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော ကတ်များကို အချက်အလက် မှန်ကန်စွာမှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေး၍၊ မမှန်ကန်ပါက မိမိတို အမှန်တကယ် သုံးစွဲနေသော ကတ် များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှု၊ အရောင်းဆိုင်များနှင့် Mobile Shop များတွင် အချက်အလက် မှန်ကန်စွာဖြင့် ပြန်လည်ပြင်ဆင်မှတ်ပုံတင်၍သုံးစွဲကြရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group
Published 17 Sept 2022
ဆိုင်ကယ် ကယ်ရီသမားတစ်ဦးဖြစ်တဲ့ မူဟာမက် ရစ်ဝမ်ဟာ ဂျာကာတာရဲ့ လမ်းတစ်လမ်းဘေးမှာ ထိုင်နေရင်း သူ့ဖုန်းက တိန်ခနဲမြည်သံကို စောင့်ဆိုင်းနေပါတယ်။ နေ့တိုင်း မီးခိုထူထူတွေကြားထဲ ခရီးသည်တွေ သယ်ပို့ပေးနေရတာ အခု သိပ် မတန်တော့ဘူးလို့ သူကပြောပါတယ်။
လောင်စာဆီဈေးနှုန်းကို ၃၀ ရာခိုင်နှုန်းတက်လိုက်တာကြောင့် ဂျာကာတာရဲ့ ရေပန်းအစားဆုံး ဆိုင်ကယ်ကယ်ရီ အက်ပလီကေးရှင်း Gojek ဂိုးဂျက်ကို သုံးကြတဲ့ ကယ်ရီသမားရာပေါင်းများစွာက စားဝတ်နေရေးခက်ခဲလာကြပါတယ်။ အဲဒါကြောင့် သူတို့က အင်ဒိုနီးရှား နိုင်ငံတစ်လွှား ဆန္ဒပြကြဖို့ ပြင်ဆင်နေကြပါတယ်။
“ ဆီဖိုးချန်ထားဖို့လိုတဲ့အတွက် တစ်ခါတစ်ခါ တစ်နေ့လုံး သင့်တင့်တဲ့ အစားအစာတောင်မစားရဘူး။ ဆီမရှိရင် ဘျွန်တော် ဘယ်လိုအလုပ်လုပ်မလဲ” လို့ ဂိုးဂျက်ရဲ့ ကန်ထရိုက်တာတစ်ဦးဖြစ်တဲ့ ရစ်ဝမ်ကပြောပါတယ်။
သူတို့ဟာ ဥပဒေမရှိတဲ့ ဈေးကွက်မှာ အလုပ်လုပ်နေကြရတာပါ။ သူတို့ကို ကုမ္ပဏီတွေက “ပါတနာ” ဒါမှမဟုတ် “ကန်ထရိုက်တာ” လို့ သတ်မှတ်ပြီး သူတို့ရဲ့နေ့စဉ်ဝင်ငွေအပေါ်ခေါင်းပုံဖြတ်နေကြတယ်လို့ ဝေဖန်သူတွေကဆိုကြပါတယ်။
ယူကရိန်းစစ်ကြောင့် တစ်ကမ္ဘာလုံး ငွေကြေးဖောင်းပွမှုတွေနှင့် လောင်စာဆီဈေးမြင့်တက်မှုတွေ ဖြစ်နေစဉ်အတွင်းမှာ အင်ဒိုနီးရှားရဲ့ လိုငွေပြမှုကို ဖြတ်တောက်နိုင်ဖို့အတွက် သမ္မတ ဂျိုကို ဝီဒိုဒိုက လောင်စာဆီမှာ အစိုးရက စိုက်ထုတ်ကျခံပေး တာကို သိသိသာသာ လျှော့ချခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဓာတ်ဆီဈေးတွေက တစ်လီတာကို ၇၆၅၀ ရူပီယာ(ဆင့် ၅၀)ကနေ ၁၀၀၀၀ ရူပီယား(၆၇ဆင့်)အထိဈေးတက်သွားခဲ့ပါတယ်။
ဆိုင်ကယ်ကယ်ရီကုမ္ပဏီကြီးနှစ်ခုက သယ်ပို့ခတွေကို အနည်းငယ်မျှပဲတက်ပေးတယ်လို့ ကယ်ရီသမားတွေက ပြောပါတယ်။ စရိတ်အပိုတွေကာမိအောင်ဆိုပြီး တစ်ကီလိုမီတာကို ရူပီယား ၈၀၀ (၅ ဆင့်)သတ်မှတ်ပေးတာပါ။
ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Gojek နှင့် Grabတို့က သူတို့ဟာ အစိုးရရဲ့ ဥပဒေစည်းကမ်းထဲကနေ နှုန်းထားသတ်မှတ်ပေးတာ ဖြစ်တယ်လို့ အေအက်ဖ်ပီကိုပြောပါတယ်။
ဒီကုမ္ပဏီတွေက နှုန်းထားတက်ယူတာနှင့်ပတ်သက်လို့ ထုတ်မပြောကြပေမယ့် သမဂ္ဂ ခေါင်းဆောင်တွေကတော့ သူတို့ သတ်မှတ်ပေးတဲ့ နှုန်းထားဟာ ကယ်ရီသမားတွေမျှော်လင့်ထားတာထက် အတော်နည်းနေတယ်လို့ပြောကြပါတယ်။
“ အင်ဒိုနီးရှားနိုင်ငံတစ်လွှားက ကယ်ရီသမားတွေက သတ်မှတ်ပေးထားတဲ့ နှုန်းကို လက်မခံနိုင်ကြဘူး” လို့ ယာဉ်မောင်း တစ်သိန်းကျော်ကို ဦးဆောင်နေတဲ့ သမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိုင်ဂွန်းဝီကာဆိုနိုက ပြောပါတယ်။
ဆွဲကောင်းတဲ့နေ့တွေဆို သူတို့ဟာ တစ်ရက်ကို ရူပီးယား တစ်သိန်းခွဲ(၁၀ ဒေါ်လာ)ခန့်ရကြပါတယ်။ ဒါပေမယ့် အရင် ဆီပြန်ဖြည့်ရတာက ရူပီးယား နှစ်သောင်း( ၁,၃၅ ဒေါ်လာ)ကုန်ကျခဲ့ပေမယ့် ယခု ရူပီးယား သုံးသောင်းခွဲ (၂,၃၅ ဒေါ်လာ)အထိကုန်ကျနေကြရတာဖြစ်ပါတယ်။
တစ်ခါတစ်ခါ တစ်နေ့တည်း နှစ်ကြိမ်ဆီပြန်ဖြည့်ရတဲ့အခါမျိုးမှာ ကယ်ရီသမားတွေအတွက် ဘာမှများများစားစား မကျန်တော့ဘူးလို့လည်းဆိုပါတယ်။
“ ဒီရက်တွေမှာ ဘယ်နေရာမှာပဲ ဆီဝယ်ဝယ် ကျွန်တော့်အတွက်က တကယ့်ကို ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုဖြစ်နေတာပဲ” လို့ အသက် ၃၈နှစ်အရွယ် Grab ကယ်ရီယာ အိုင်ဝမ် နာ အက်ဘာ ကပြောပါတယ်။ သူက သူ့ဖုန်းဆီ အော်ဒါဝင်လာဖို့ စောင့်ဆိုင်းနေတာ တစ်နာရီရှိနေပါပြီ။
“ အစိုးရဆီက ဆန်ဝယ်လို့ရနေတုန်းမို့ မိသားစုကို ကျွေးမွေးနိုင်သေးတာပဲ ကျေးဇူးတင်ရမယ်” လို့ သူက ဆက်ပြောပါတယ်။
Gig ယာဉ်မောင်းတွေက အစိုးရက အရေးယူမှု အားနည်းလို့ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆန္ဒပြမယ်လို့ သတိပေးနေပေမယ့် ဂျာကာတာဝန်းကျင်မှာ အစိုးရက ရဲအရာရှိ ရှစ်ထောင်ခန့် ချထားတာကြောင့် လူအနည်းငယ်မျှနှင့်ပဲ အကန့်အသတ်နှင့် ဆန္ဒပြနေကြရတာဖြစ်ပါတယ်။
“ ပေးထားတဲ့ ကတိတွေ လွှင့်မပစ်ပါနှင့် “ လို့ အသက် ၃၈နှစ်အရွယ် နောက်ကယ်ရီသမားတစ်ဦးဖြစ်တဲ့ ဆိုင်ဖူ ရစ်ဝမ် ကပြောပါတယ်။သူက ဂျာကာတာရဲ့ ပါဆာ ဆီနင် လက်ကားဈေးရှေ့မှာ လူစောင့်နေတာပါ။
“ ဆင်းရဲသားတွေ ပိုပြီး ဆင်းရဲသွားအောင်မလုပ်ကြပါနှင့်ဗျာ” လို့ သူက ဆက်ပြောလိုက်ပါတယ်။
Source: AFP
#Indonesian_gig_drivers
#Indonesia_Fuel_Hike
Published 12 Sept 2022
အီလွန်မတ်စ်ရဲ့ ကောလိပ်တုန်းက ရည်းစားဟောင်းက သူတို့နှစ်ယောက်ရဲ့ အမှတ်တရပစ္စည်းတွေကို လေလံတင်ရောင်းချရာ အဲဒါတွေဟာ ရေပန်းစားနေပါတယ်။
ဂျနီဖာဂွင်းဟာ ပဲင်စီလ်ဗေးနီးယား တက္ကသိုလ်တက်တုန်းက အခုကမ္ဘာ့အချမ်းသာဆုံးဖြစ်နေတဲ့ တစ်ကျောင်းတည်းသား အီလွန်မတ်စ်နှင့် တွဲခဲ့ပါ တယ်။ အခုသူက အဲဒီတုန်းက သူတို့ရဲ့ ဓာတ်ပုံတွေနှင့် အခြားအမှတ်ရစရာပစ္စည်းအတိုအထွာတွေကို ဘော့စတွန်အခြေစိုက် PR လေလံမှာ လေလံတင်ရောင်းချနေပါတယ်။
အဲဒီအထဲမှာ အီလွန်မတ်စ်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ နုပျိုရွှင်လန်းနေတဲ့ လျှပ်တစ်ပြက် ဓာတ်ပုံ ၁၈ ပုံ၊ မွေးနေ့ဆုတောင်း လက်ရေးကတ်နှင့် မတ်စ်လက်ဆောင်ပေးခဲ့သော ရွှေလည်ဆွဲလေးတစ်ခုတို့ပါဝင်ပါတယ်။
တနင်္ဂနွေညကတော့ အချစ်များစွာဖြင့်-အီလွန်လို့ လက်မှတ်ရေးထိုးထားတဲ့ မွေးနေ့ကတ်ကလေးကို ဒေါ်လာ တစ်သောင်းနှင့် ၂၃ဦးလေလံအပြိုင်ဆွဲခဲ့ပါတယ်။
နောက်စိတ်ဝင်စားစရာတစ်ခုက လည်ဆွဲပါ။ မတ်စ် အဖေအာရိုးပိုင်တဲ့ ဇမ်ဘီယာ သတ္တုတွင်းကထွက်တဲ့ မြစိမ်းနှင့် လုပ်ထားတာပါ။ ဓာတ်ပုံတွေထဲမှာ မတ်စ်က သူငယ်ချင်းတွေနှင့် အပြင်ထွက်သွားလာတာ၊ အဆောင်အနားတစ်ဝိုက် လမ်းသလားတာ၊ ပြီးတော့ ဂွင်းကို ပွေ့ဖက်ထားတာ စသဖြင့်ပါဝင်ပါတယ်။
၁၉၉၄ ခုနှစ်ဝန်းကျင်မှာ မတ်စ်ကို တွဲခဲ့တဲ့ ဂွင်းဟာ သူ့ မွေးစားသား တက္ကသိုလ်တက်ဖို့ ကျောင်းလခရရှိဖို့ ဒီပစ္စည်းတွေကို လေလံတင်ရောင်းချတာဖြစ်ပါတယ်။
RR Auction မှာ နာမည်ကျော်လုပ်ငန်းရှင်ကြီးတွေနှင့်ပတ်သက်တဲ့ ပစ္စည်းတွေ လေလံတင်ရောင်းတာ ဒါဟာ ပထမဦးဆုံး အကြိမ်တော့မဟုတ်ပါဘူး။ ကုမ္ပဏီဟာ ဩဂုတ်လတုန်းက စတိဗ်ဂျော့ဗ်ရဲ့ ပထမဆုံး Apple-1 prototype ကို ဒေါ်လာ ခြောက်သောင်းရှစ်ထောင်နီးပါးနှင့် လေလံတင်ရောင်းချပေးခဲ့ပါတယ်။
သူတို့နှစ်ယောက်တွဲခဲ့ကြတဲ့ လွန်ခဲ့တဲ့ နှစ်(၃၀)ကတည်းက ယခု တယ်လ်ဆာရဲ့ ပိုင်ရှင်သူဋ္ဌေးဖြစ်နေတဲ့ မတ်စ်ဟာ လျှပ်စစ် ကားတွေကို အမြင်ရှိနေပြီလို့ Insiderရဲ့အင်တာဗျူးမှာ ဂွင်းက ပြောပါတယ်။
“ သူဟာ လျှပ်စစ်ကားတွေအကြောင်းပြောတယ်။ ပြီးတော့ သမားရိုးကျမဟုတ်တဲ့ စွမ်းအင်တွေအကြောင်းသူပြောတယ်” လို့ သူမက ဆက်ပြောပါတယ်။
Source: Insider
#Elon_Musk
#Jennifer_Gwynne
#RR_Auction
Page 37 of 61