Published 2 April 2023
တရုတ်နိုင်ငံတော်ဘဏ် The Bank of China (BOC) ဟာ ငွေလဲလှယ်နှုန်းအန္တရာယ်လျော့ပါးစေဖို့နှင့် ကမ္ဘာလုံးဆိုင်ရာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုတွေတည်ငြိမ်မှုရှိစေရန်အထောက်အကူဖြစ်စေဖို့ တရုတ်ယွမ်ငွေကို နိုင်ငံတကာငွေကြေးတစ်ခုအဖြစ် တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဘဏ်ဥက္ကဋ္ဌ လျိုကျင်းကပြောပါတယ်။
ယွမ်ငွေကိုနိုင်ငံတကာသုံးငွေကြေးလုပ်တဲ့အတွက် ငွေကြေးလဲလှယ်နှုန်းအန္တရာယ်တွေကိုလည်း လျော့ပါးစေပါတယ်လို့ သူကပြောပါတယ်။
Source CCTV Plus
#တရုတ်နိုင်ငံတော်ဘဏ်ဥက္ကဋ္ဌ
#ယွမ်ငွေကိုနိုင်ငံတကာငွေကြေးအဖြစ်မြှင့်တင်
#Bank_of_China_President
#YangonMediaGroup
Published 2 April 2023
မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အဆင့်မြင့် ကော်မတီတစ်ခုကို နစက ဥက္ကဋ္ဌဦးဆောင်ပါဝင်၍ ဖွဲ့စည်းခဲ့တယ်လို့ သိရှိရပါတယ်။
အဆိုပါကော်မတီမှာ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီဖြစ်ပြီး ၂၀၂၃ခုနှစ်ဖေဖော်ဝါရီ (၁၇)ရက်နေ့က နစက အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။
မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ကဏ္ဍအလိုက်သော်လည်းကောင်း၊ သက်ဆိုင်ရာ ြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြားတွင်လုပ်ငန်းတာဝန်များကိုအစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်သော်လည်းကောင်း အကောင်အထည်ဖော်ခြင်း၊ ဆန်းစစ်လေ့လာသုံးသပ်ခြင်းနှင့် မူဝါဒချမှတ်ခြင်းတို့ကို ပိုမိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ပြင်ဆင်ဖွဲ့စည်းရတာဖြစ်တယ်လို့ အဆိုပါ အမိန့်ကြော်ငြာစာမှာ ဖော်ပြပါရှိပါတယ်။
အဆိုပါဦးဆောင်ကော်မတီတွင် နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် အတွင်းရေးမှူးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့က ပါဝင်ဆောင်ရွက်ကြပါတယ်။
ဦးစီးကော်မတီ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး (၂၂)ဦး၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကချင်၊မန္တလေး၊ရခိုင်၊ရန်ကုန်နှင့်ရှမ်းတို့မှ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် (၅)ဦး၊ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပို့/ဆက် ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီး(၂)ဦးတို့ပါဝင်ကြပါတယ်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” ခေါင်းစဉ်အောက်မှပူးပေါင်းဆောင်ရွက်မှု များပြုလုပ်ရာတွင် ဝန်ကြီးဌာနများ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှုပေးခြင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” နှင့်သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်ရာတွင် မူဝါဒနှင့်သက်ဆိုင်သည့် လမ်းညွှန်မှုများပေးခြင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” နှင့်စပ်လျဉ်း၍ မူဝါဒဆိုင်ရာညှိနှိုင်းရမည့်အကြောင်းအရာများ ပေါ်ပေါက်လာပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြလမ်းညွှန်မှုခံယူခြင်း၊“ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” နှင့်စပ်လျဉ်း၍ သုတေသနလေ့လာနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းတို့ကို အဆိုပါဦးစီးကော်မတီက ဆောင်ရွက်မယ်လို့လည်း သိရှိရပါတယ်။
နစကရဲ့ ၁၁-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၂၁နှင့် ၄-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၇၂/၂၀၂၁ တို့ကို ယခု အမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာဖော်ပြပါရှိပါတယ်။#
-ymg/knl
#ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#မြန်မာ-တရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
#YangonMediaGroup
Published 2 April 2023
အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၃ခုနှစ်အတွက် နိုင်ငံခြားကုန်သွယ်ရေးမူဝါဒအသစ်ကို ထုတ်ပြန်ခဲ့ရာ ရူပီးအခြေခံကုန်သွယ်ရေးကို နိုင်ငံတကာအသွင်ပြုလုပ်ရေးကို အဆိုပါမူဝါဒအသစ်မှာ အသားပေးထားခဲ့ ပါတယ်။ အိန္ဒိယရဲ့ ကုန်သွယ်ရေးမူဝါဒအသစ်၂၀၂၃ အသစ်ရဲ့ အဓိကအချက်အလက်တွေကို ကောက်နှုတ်ဖော်ပြအပ် ပါတယ်။
-အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး ပီယတ်ဂိုယယ်က က မတ်၃၁ရက်နေ့မှာ ၂၀၂၃-၂၀၂၈ ငါးနှစ်တာ နိုင်ငံခြားကုန်သွယ်ရေးမူဝါဒအသစ်ကို ကြေညာခဲ့ပါတယ်။
- ယခုနိုင်ငံခြားကုန်သွယ်ရေးမူဝါဒအသစ်မှာ ရူပီးဖြင့်ကုန်သွယ်မှုကို နိုင်ငံတကာသုံးပြုလုပ်ရေးကို အဓိက အသားပေးထား ပါတယ်။
-အိန္ဒိယရဲ့ ကုန်ပစ္ဏည်းတွေနှင့် ဝန်ဆောင်မှုတွေကို ပြည်ပပို့ကုန်တိုးမြှင့်ဆောင်ရွက်ဖို့ မူဝါဒကရည်ရွယ်ထားပြီး ၂၀၂၃ခုနှစ် ဧပြီလ(၁)ရက်ကစပြီး မူဝါဒအသစ်ဟာ အကျုံးဝင်ပါတယ်။ ၂၀၃၀ အရောက်မှာ အိန္ဒိယရဲ့ကုန်စည်နှင့်ဝန်ဆောင်မှုတန်ဖိုး ဟာ အမေရိကန်ဒေါ်လာ ၂ ထရီလီယံရှိလာမယ်လို့မျှော်မှန်းထားပါတယ်။
-မူဝါဒအသစ်အရ အိန္ဒိယရဲ့ အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေး e-commerce တွေတိုးတက်လာဖို့ရှိပြီး ၂၀၂၃ခုနှစ် မှာ အမေရိကန်ဒေါ်လာ ၂၀၀ဘီလျံမှ ၃၀၀ဘီလျံအထိရှိနေမယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။
-နိုင်ငံခြားကုန်သွယ်မှုမဟာဗျူဟာအသစ်အောက်မှာ နို့ထွက်ပစ္စည်းတွေကို ပျှမ်းမျှပို့ကုန်လိုက်နာရန်အချက်များကနေ ကင်းလွတ်ခွင့်ပြုထားပြီး အထည်ချုပ်လုပ်ငန်းတွေအတွက် အထူးခွင့်ပြုချက်အစီအစဉ်ကို တိုးပေးထားပါတယ်။
-ဖာရီဒါဘက်၊မိုရာဒါဘက်၊မီယာဇာပါနှင့် ဗာရာဏသီတို့ကို ပို့ကုန်ဒေသအသစ်တွေအဖြစ် သတ်မှတ်လိုက်ပါတယ်။
-အဲဒီအပြင် ကုန်သွယ်မှုခွင့်ပြုချက်တွေအတွက် အလိုအလျောက်စနစ်တွေနှင့်ခွင့်ပြုဖို့ပါဝင်နေပြီး အသေးစားနှင့် အလတ်စား လုပ်ငန်းတွေ အစိုးရရဲ့ အထောက်အပံ့ အသေအချာရရှိစေဖို့ အစီအမံတွေလည်းပါဝင်ပါတယ်။
Source:India_Today
#YangonMediaGroup
#အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုမူဝါဒ၂၀၂၃
#ရူပီးကုန်သွယ်မှုနိုင်ငံတကာပြုလုပ်ရေး
#အိန္ဒိယစီးပွားကုန်သွယ်ရေး
Published 31 march 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထားများကို ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ နစကရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကိုပြောပါတယ်။ အဲဒီအပြင် အချို့သော နိုင်ငံခြားဘဏ်တွေက မြန်မာနိုင်ငံက ငွေကြေးအဝင်အထွက်တွေကို လက်မခံတော့ဘူးဆိုတဲ့ကောလဟလ သတင်းတွေကိုလည်း ငြင်းဆိုလိုက်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံခြားဘဏ်တွေနှင့် လက်တွေ့မှာ ပုံမှန်လည်ပတ်ဆောင်ရွက် နေဆဲဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြောကြားခဲ့ပါတယ်။
-ymg/knl
#LocalNews
Published_ 29 March 2023
မြန်မာနိုင်ငံရှိတရုတ်လုပ်ငန်းရှင်များအပါအဝင်မြန်မာလုပ်ငန်းရှင်များကို တရုတ်နိုင်ငံ၊လင်ချန်းမြို့တွင်လာရောက်ရင်းနှီးမြှုပ်နှံရန်လင်ချန်းမြို့၊မြို့တော်ဝန်မှဖိတ်ခေါ်ခဲ့ကြောင်း မြန်မာနိုင်ငံတရုတ်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်၊၊
ယူနန်ပြည်နယ် လင်ချန်းမြို့၊ မြို့တော်ဝန် Mr. Du Jianhui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး လင်ချန်းမြို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မိတ်ဆက်ပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
လင်ချန်းမြို့၊ မြို့တော်ဝန်Mr. Du Jianhui က လင်ချန်းသည် ကိုယ်ပိုင်အားသာချက်များကို အသုံးချ၍ မြန်မာနိုင်ငံနှင့် တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုကို အင်အားစုစည်း၍ မြှင့်တင်လျက်ရှိကြောင်း၊ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအလားအလာသည် ကြီးမားကြောင်း၊ တက်ရောက်လာကြသော လုပ်ငန်းရှင်များ လင်ချန်းသို့ လာရောက်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါမိတ်ဆက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်ခဲ့ပြီး ၄င်းကလင်ချန်းမြို့သည် မြန်မာနိုင်ငံသို့ တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုကို များစွာအလေးထားကြောင်း၊ နိုင်ငံလုံးဆိုင်ရာ လွှတ်တော်အစည်းအဝေးနှစ်ရပ် အောင်မြင်စွာ ကျင်းပပြီးစီး၍ မကြာမီတွင် မြန်မာနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မိတ်ဆက်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ လင်ချန်းနှင့် မြန်မာနိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး နယ်စပ်ဂိတ်၊ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် နယ်စပ်ဈေးများ ပိုင်ဆိုင်ထားကြောင်း၊ မြန်မာနိုင်ငံသို့ တံခါးဖွင့်ရန်အတွက် ထူးခြားသော တည်နေရာအားသာချက်နှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအခြေခံ ရှိကြောင်း၊ လင်ချန်းမှ ၎င်း၏ ကိုယ်ပိုင်အားသာချက်များကို အပြည့်အဝဖော်ထုတ်ရန်၊ အခြေအနေအလိုက် ဆောင်ရွက်ပြီး မြန်မာနိုင်ငံနှင့် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ရန် သံရုံးမှ ကူညီပေးလိုကြောင်း ပြောကြားသည်။
ယင်းမိတ်ဆက်ပွဲကိုမြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဌ ဦးအိုင်ထွန်း၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း အမှုဆောင်ဒုဥက္ကဌ Mr. Yao Fenggang နှင့် မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်များ၊ တရုတ်နွယ်ဖွားလုပ်ငန်းရှင်များ စသဖြင့် လူဦးရေ ၆၀ ခန့် တက်ရောက်ခဲ့သည်။
မိတ်ဆက်ပွဲတွင် လင်ချန်းမြို့၏ သက်ဆိုင်ရာတာဝန် ရှိသူများက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး မိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြပြီး လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံသို့ လင်ချန်းမြို့၏ တံခါးဖွင့်လှစ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်၊၊
ymg/tthl
Yangon_Media_Group
#Asia_Commercial
Published 27 March 2023
တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးက တရုတ်နိုင်ငံထုတ်ပဲဖြစ်တဲ့ ဘေဒေါဂြိုဟ်တုစနစ်နဲ့ နှစ်ဖက်နှစ်လမ်းချိတ်ဆက်လိုရမယ့် P60 စီးရီးစမတ်ဖုန်းတွေကို ကြာသပတေးနေ့က ထုတ်လုပ်မိတ်ဆက်လိုက်ပါတယ်။
#YMG#Yangon_Media_Group
Published 27 March 2023
အလီဘာဘာတည်ထောင်သူ ဂျက်မားဟာ တရုတ်နိုင်ငံကိုပြန်လည်ရောက်ရှိလာပြီး ပြည်ပနိုင်ငံတွေမှာ တစ်နှစ်ကျော် နေထိုင်ခဲ့မှုကို အဆုံးသတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို ဂျက်မားပြန်လာတာကို တရုတ်စီးပွားရေးလုပ်ငန်းတွေကို အလေး အနက်ထားလာတဲ့သဘော ထင်ဟပ်နေတယ်လို့ လုပ်ငန်းရှင်အသိုက်အဝန်းကရှုမြင်ထားကြပါတယ်။
တရုတ်ရဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို (၂)နှစ်ကြာ ဥပဒေအရနှိမ်နှင်းမှုတွေပြုလုပ်အပြီးမှာ တရုတ်ရဲ့ လူသိအများဆုံး လုပ်ငန်းရှင် ပြန်လာခြင်းဟာ ပုဂ္ဂလိကလုပ်ငန်းတွေအပေါ်စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးရာမှာ အထောက်အကူဖြစ် စေကောင်းဖြစ်စေနိုင်ပါတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာတွေမှာ ဂျက်မားပြန်လည်ရောက်ရှိလာတာတွေကို မတ် ၂၇ ရက်နေ့ တနင်္လာနေ့ မနက်က စပြီး ပြောဆိုရေးသားမှုတွေ တွေ့လာကြရတာဖြစ်ပါတယ်။ အဲဒီနောက် အလီဘာဘာကပိုင်ဆိုင်တဲ့ ကျောင်းတစ်ကျောင်း ကို သူသွားရောက်ခဲ့တဲ့သတင်း တောင်တရုတ်နံနက်ခင်းသတင်းစာက ဖော်ပြကာ အတည်ပြုပေးခဲ့ပါတယ်။
အင်္ဂလိပ်စာဆရာတစ်ဦးဖြစ်တဲ့ ဂျက်မားဟာ ဉာဏ်ရည်တုနှင့်မောင်းနှင်တဲ့ ChatGPTလိုမျိုးကိစ္စတွေကို ကျောင်းမှာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီအပြင် သူဟာ တစ်နေ့နေ့မှာ စာသင်တဲ့အလုပ်ပြန်လုပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း အဆိုပါ ယွန်ဂူကျောင်းရဲ့ တရားဝင် WeChat အကောင့်ကနေ ဖော်ပြထားပါတယ်။
အဲဒီကျောင်းကို ဂျက်မားနှင့် အခြားသော အလီဘာဘာတည်ထောင်သူတွေက သူတို့ရဲ့ ဇာတိမြေ ဟန်ကျိုးမှာ ၂၀၁၇ခုနှစ်တုန်းက တည်ထောင်ပေးခဲ့ကြတာဖြစ်ပါတယ်။
မားဟာ တရုတ်ကို ပြီးခဲ့တဲ့အပတ်ကတည်းက ပြန်ရောက်လာတာဖြစ်တယ်လို့ အဲဒီအကြောင်းသိသူနှစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်ရုံး ဝန်ကြီးချုပ်အသစ် လီရှန်းက ဂျက်မား တရုတ်ပြည်မကြီးကိုပြန်လာခြင်းဟာ လုပ်ငန်းရှင်တွေအကြား စီးပွားရေးအရစိတ်ချယုံကြည်မှုတွေတိုးပွားလာစေမှာကို အထောက်အကူပြုလိမ့်မယ်ဆိုတာ အသိအမှတ်ပြုလက်ခံထားကြောင်းနှင့် ပြီးခဲ့တဲ့နှစ်ကတည်းက သူက ဂျက်မားကို ပြန်လာဖို့ခေါ်နေတာဖြစ်ကြောင်း အဲဒီ အကြောင်းသိတဲ့ သတင်းအရင်းအမြစ်(၅)ခုက ရိုက်တာကိုပြောပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ်လီရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဂျက်မားပြန်လာတာ သေချာသလားဆိုတာကိုတော့ ရိုက်တာက ချက်ခြင်းတပ်အပ်မပြောနိုင်သေးပါဘူး။
အလီဘာဘာရော တရုတ်နိုင်ငံတော်ကောင်စီရော ပြီးတော့ တရုတ်အစိုးရအဖွဲ့ဆီကရော ယခုကိစ္စအပေါ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်းမရှိသေးကြောင်းလည်း ရိုက်တာသတင်းဌာနကရေးသားပါတယ်။
Source: Reuters
#အလီဘာဘာတည်ထောင်သူဂျက်မားတရုတ်ပြည်ပြန်ရောက်
#ဂျက်မားတရုတ်နိုင်ငံပြန်လည်ရောက်ရှိ
#YangonMediaGroup
Page 24 of 61