၁၁ ဧပြီ ၂၀၂၄
ဗီယက်နမ် အိမ်ခြံမြေလုပ်ငန်းရှင်သူဋ္ဌေးမကြီးတစ်ဦးကို ဗီယက်နမ်တရားရုံးတစ်ခုက ငွေကြေးလိမ်လည်မှုဖြင့် သေဒဏ် အပြစ် ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက သတင်းထုတ်ပြန်ပါတယ်။
အိမ်ခြံမြေ လုပ်ငန်းရှင် ထရွန်မိုင်လန်ဟာ ဗီယက်နန် ဒွန်ငွေ ၃၀၄ထရီလီယံ( အမေရိကန် ဒေါ်လာ ၁၂.၄၆ ဘီလျံ)တန်ဖိုးရှိတဲ့ ဗီယက်နမ်ရဲ့ အကြီးမားဆုံးသော ငွေကြေးလိမ်လည်မှုကို ကျူးလွန်ခဲ့တဲ့အတွက် သူမကို သေဒဏ်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။
လန်ဟာ ဗီယက်နမ်ရဲ့ အိမ်ခြံမြေလုပ်ငန်းကြီးဖြစ်တဲ့ ဗန်သင်ပက်ဟိုးလ်ဒင်း အုပ်စုကြီးရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ သူမဟာ ငွေကြေး အလွဲသုံးစားပြုမှု၊လာဘ်ပေးလာဘ်ယူမှုနှင့် ဘဏ်စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်မှုတို့ဖြင့် အပြစ်ရှိကြောင်း ဟိုချီမင်းမြို့ မှာရှိတဲ့ တရားရုံးက တရားစီရင်ခဲ့တာပါ။
မတ်လ ၅ရက်နေ့က စတင်ခဲ့တဲ့ တရားရုံးစစ်ဆေးမှုဟာ သတ်မှတ်ထားတဲ့ အချိန်ကာလထက် စောပြီး စစ်ဆေးပြီးစီးခဲ့ပါတယ်။ သူမရဲ့အမှုနှင့်ဆက်စပ်ပြီး အစိုးရထိပ်ပိုင်းအရာရှိကြီးတွေနှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းအကြီးအကဲတွေလည်း တရားစွဲခံရ တာတွေ၊ ရာထူးပြုတ်သွားတာတွေဖြစ်ခဲ့ရပါတယ်။
လန်နှင့်သူမရဲ့ကြံရာပါတွေဟာ ဆိုင်းဂုံပူးတွဲစတော့ခ်ကော်မာရှယ်ဘဏ်( အက်စ်စီဘီ)ကနေ ၃၀၄ ထရီလီယံဒွန်ငွေတွေကို ထုတ် နုတ်ယူခဲ့ကြပါတယ်။အဲဒီဘဏ်ကို သူမဟာ သူမရဲ့ ကြားခံကိုယ်စားလှယ်လူတစ်ဒါဇင်ကျော်ကနေတစ်ဆင့် ထိန်းချုပ် ခဲ့တာဖြစ်ပါတယ်လို့ အမှုစစ်ဆေးသူတွေထံမှသိရပါတယ်။
၂၀၁၈ခုနှစ်စောစောပိုင်းကနေ့ ၂၀၂၂ အောက်တိုဘာအထိ လန်ဟာ ကုမ္ပဏီတွေကို အကာအကွယ်ပေးဖို့အတွက် ဥပဒေမဲ့ ချေးငွေများစွာကို စီစဉ်ပြီး အဲဒီဘဏ်ကနေ ငွေကြေး အကြီးအကျယ်ထုတ်ယူခဲ့ပါတယ်။ အဲဒါကြောင့် ဘဏ်မှာ အာမခံငွေတွေ ကုန်ဆုံးသွားတဲ့အတွက် နိုင်ငံတော်က ဝင်ပြီး အာမခံပေးဆောင်ခဲ့ရပါတယ်။
လန်က တရားရုံးဆုံးဖြတ်ချက်အပေါ် အယူခံတင်သွင်းမယ်လို့ မိသားစုဝင်တွေက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
Source Reuters
၉ ဧပြီ ၂၀၂၄
မြန်မာနိုင်ငံရဲ့ ရတနာသဘာဝဓာတ်ငွေ့တွင်းမှာ ရင်းနှီးမြှပ်နှံလုပ်ကိုင်နေတဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ ချက်ဗရွန် ဟာ ရင်းနှီးမြှပ်နှံမှုကနေ နှုတ်ထွက်သွားပြီးနောက် သူ့ရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို အပြင်ကိုမရောင်းချတော့ဘဲ လက်ရှိ ရှယ်ယာပါတနာကုမ္ပဏီနှစ်ခုက ပြန်ခွဲဝေယူလိုက်ကြပါတယ်။
အဆိုပါကုမ္ပဏီနှစ်ခုက ထိုင်းနိုင်ငံရဲ့ PTTEP ပီတီတီရှာဖွေထုတ်လုပ်ရေးကုမ္ပဏီနှင့် မြန်မာအစိုးရပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)တို့ဖြစ်ကြတယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။
ချက်ဗရွန်ရဲ့ရှယ်ယာနှုတ်ထွက်သွားပြီးနောက် ထိုင်းနိုင်ငံရဲ့ PTTEP ကုမ္ပဏီရဲ့ရှယ်ယာဟာ ၆၂.၉၆ ရာခိုင်နှုန်း မြင့်တက်သွားစေမှာဖြစ်ပါတယ်။
ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းဟာ မုတ္တမပင်လယ်ကွေ့မှာတည်ရှိပြီး တစ်နှစ်ကို သဘာဝဓာတ်ငွေ့ ၆ ဘီလီယံ ကုဗမီတာထွက်ရှိနေပါတယ်။ ထွက်ရှိသမျှ သဘာဝဓာတ်ငွေ့ရဲ့ ၇၀ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့တင်ပို့နေပြီး ကျန် ၃၀ရာခိုင်နှုန်းကိုတော့ မြန်မာ MOGE က ပြည်တွင်းသုံးအဖြစ် ခွဲဝေရယူထားပါတယ်။
ရတနာစီမံကိန်းဟာ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံးရဲ့ စွမ်းအင်လုံခြုံရေးအတွက် မဟာဗျူဟာမြောက်အရေးပါနေ တာဖြစ်တယ်လို့ PTTEP က ထိုင်းစတော့အိတ်ချိန်းသို့ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
“ PTTEPဟာ စီမံကိန်းရဲ့အော်ပရေတာဖြစ်တာနှင့်အညီ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံးရဲ့ ပြည်သူတွေလိုအင်တွေ ဖြည့်ဆည်းဖို့နှင့် စွမ်းအင်လုံခြုံရေးဆက်လက်ထိန်းသိမ်းဖို့ စီမံကိန်းကနေ သဘာဝဓာတ်ငွေ့တွေ ဆက်လက်ထုတ် လုပ်နေမှာဖြစ်တယ်” လို့ PTTEP ကပြောပါတယ်။
@ymg/knl
၈ ဧပြီ ၂၀၂၄
အမေရိကန်နိုင်ငံမှာ ဆောက်သ်ဝက်စ်လေကြောင်းလိုင်းလေယာဉ်တစ်စီးဟာ တနင်္ဂနွေမနက်က လေယာဉ်ပျံတက်စဉ်မှာ လေယာဉ်အင်ဂျင်အဖုံးကွာကျသွားတဲ့အတွက် အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ ဖက်ဒရယ်လေကြောင်းအာဏာပိုင် အဖွဲ့က ပြောပါတယ်။
အဆိုပါလေယာဉ်ဟာ ဘိုအင်း ၇၃၇-၈၀၀ အမျိုးအစားလေယာဉ်ဖြစ်ပြီး ဒင်ဗာမှ ဟောက်စ်တန်သို့ ပျံသန်းတာဖြစ်ပါတယ်။ ပျံတက်အပြီးမှာ လေယာဉ်အင်ဂျင်အဖုံးကွာကျသွားပြီး တောင်ပံပေါ်မှာ ဖတ်လတ်ကျနေတဲ့အတွက် ဒင်ဗာနိုင်ငံတကာ လေဆိပ်ကို ဘေးအန္တရာယ်ကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။လေကြောင်းလိုင်းကတော့ စက်မှုပိုင်းဆိုင်ရာပြဿနာ ကြုံရပြီးနောက် လေယာဉ်ကို ဘေး ကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်” လို့ သတင်းထုတ်ပြန်ထားပါတယ်။
အချို့ခရီးသည်တွေရိုက်ယူထားတဲ့ ဗွီဒီယိုတွေထဲမှာ လေယာဉ်အစိတ်အပိုင်းတစ်ခုဟာ လေထဲမှာ ဖတ်လတ်ကျနေတာကို တွေ့ကြရပါတယ်။
အင်ဂျင်စက်အုံဟာ ပျံတက်ပြီး ၁၀မိနစ်အတွင်း ကွာကျသွားတာဖြစ်တယ်လို့ ခရီးသည်တစ်ဦးဖြစ်တဲ့ လီဇာစီက အေဘီစီ သတင်းဌာနကိုပြောပါတယ်။
တွေ့ကြုံခဲ့ရတာ အတော်ထိတ်လန့်စရာပဲလို့ နောက်ခရီးသည်တစ်ဦးဖြစ်တဲ့ ကော့ပါး ဂလပ်စ်ကပြောပါတယ်။
Source ABC
@ymg/knl
၈ ဧပြီ ၂၀၂၄
ဗီဇာတစ်ခုတည်းဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံ ခြောက်နိုင်ငံကို ဝင်ရောက်နိုင်မည့် ပူးတွဲဗီဇာအစီအစဉ်တစ်ခုကို ထိုင်းနိုင်ငံက ဖြစ်မြောက်ရေးကြိုးစားနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းသည် ရှန်ဂန်ပုံစံဗီဇာ Schengen-type မျိုးကို ကမ္ဘောဒီးယား၊လာအို၊ မလေးရှား၊ မြန်မာ၊ဗီယက်နမ်တို့နှင့်အတူ ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့လတွေအတွင်း ဆွေးနွေးခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဆိုပါ အာဆီယံခြောက်နိုင်ငံဟာ ၂၀၂၃ခုနှစ်အတွင်းမှာ နိုင်ငံခြားသားခရီးသည် စုစုပေါင်း သန်း ၇၀ ဝင်ရောက်ခဲ့တာဖြစ် တယ်လို့ တရားဝင်ကိန်းဂဏန်းများအရသိရပါတယ်။ အဲဒီအထဲမှာ ထိုင်းနှင့် မလေးရှားတို့ဆီဝင်ရောက်တဲ့ခရီးသည်က စုစုပေါင်းရဲ့ တစ်ဝက်ကျော်ရှိနေပြီး ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ ၄၈ ဘီလျံဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆရက်သာရဲ့ ခရီးသွားလုပ်ငန်း ဦးစီးဦးရွက်အစီအစဉ်တွေထဲမှာ ဗီဇာတစ်ခုတည်း အစီအစဉ်ဟာ သူ့ရဲ့ ရည်မှန်းချက်အပြင်းပျဆုံးအစီအစဉ်ဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ ဒေါ်လာ ၅၀၀ဘီလျံ စီးပွားရေးရဲ့ ၁၂ ရာခိုင်နှုန်းခန့်ဟာ ခရီးသွားကရရှိတာဖြစ်ပြီး အလုပ်အကိုင်စုစုပေါင်းရဲ့ ၂၀ရာခိုင်နှုန်းခန့်ဟာ ခရီးသွားလုပ်ငန်းတွေမှာရှိနေပါတယ်။
ဥရောပသမဂ္ဂနှင့်မတူတာက ဆရက်သာရဲ့ ခြောက်နိုင်ငံ တစ်ဗီဇာ စိတ်ကူးဟာ စိန်ခေါ်မှုတွေကြုံရနိုင်တယ်လို့ ချလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခတစ်ဦးက ထောက်ပြပါတယ်။ ဘာဖြစ်လို့လဲဆိုတော အဲဒီ ခြောက်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းတွေဟာ မတူညီကြဘဲရှိနေတဲ့အပြင် ဗီဇာအတည်ပြုချက်အတွက် အားလုံးက ပူးပေါင်းညှိနှိုင်းပြီး အတည်ပြုရမယ့်သဘောရှိနေတယ်လို့ သူက ဝေဖန်သုံးသပ်ထားပါတယ်။
@ymg/knl
၃ ဧပြီ ၂၀၂၄
Quick Loan အမည်ဖြင့် Google Play Store ရှိ Application တစ်ခုသည် မြန်မာနိုင်ငံမှပြည်သူများ၏ကိုယ်ရေး အချက်အလက်များနှင့်ငွေကြေးများကို လိမ်လည်လှည့်ဖျားရယူရန်ကြိုးစားနေကြောင်းတွေ့ရှိရလို့ ယင်းကို သုံးစွဲ ခြင်းရှောင်ရှားကြဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတိပေးသတင်းထုတ်ပြန်ထားပါတယ်။
Quick Loan အမည်ဖြင့် Google Play Store ရှိ Application တစ်ခုသည် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ မည်သည့်လုပ်ငန်းလိုင်စင်မှရယူထားခြင်းမရှိဘဲ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Logo အား အလွဲသုံးစားပြုလုပ်၍ တရားမဝင်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ချေးငွေရယူနိုင်ကြောင်းကြော်ငြာကာ မိဘပြည်သူတို့၏ အရေးကြီးသည့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကိုလည်းကောင်း၊ ငွေကြေးများကိုလည်းကောင်း၊ ယင်း Application မှတစ်ဆင့် လိမ်ညာလှည့်ဖြားပြီး ရယူရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း တွေ့ရှိရ တယ် လို့ အဆိုပါ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မိဘပြည်သူများအနေဖြင့် ဤလိမ်ညာလှည့်ဖြားသူများ၏အစီအစဉ်များတွင် ပါဝင်ခြင်းမရှိကြရန်နှင့် အလားတူ မဟုတ်မမှန်သော မသမာမှုလုပ်ငန်းများကို ရှောင်ရှားကြဖို့ ဗဟိုဘဏ်က တိုက်တွန်းထားပါတယ်။ ယင်းအပြင်
အဆိုပါလိမ်ညာလှည့်ဖြားမှုနှင့် သက်ဆိုင်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အတွက် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေတယ်လို့ သတင်းထုတ်ပြန် ချက်မှာ အသိပေးထားပါတယ်။
-ymg/knl
၃၁ မတ် ၂၀၂၄
ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးဆက်လက်ကောင်းမွန်ဖို့အတွက် တရုတ်နိုင်ငံကို ဆန်တင်ပို့မှုတိုးမြှင့်ဖို့ စီစဉ်နေပါတယ်။
ဒီလစောစောပိုင်းမှာ ထိုင်းအစိုးရဟာ တရုတ်သွင်းကုန်လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံပြီး တရုတ်နိုင်ငံ ရှန်ကျန်မှာ ဖြန့်ဖြးရေးစင်တာ တစ်ခု ဖြစ်နိုင်ချေတွေဆွေးနွေးခဲ့ပါတယ်။ အဲဒီအပြင် ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗစ်ဆင်နှင့်လည်း တွေ့ဆုံပြီး ထိုင်းနိုင်ငံက တရုတ်နိုင်ငံကို ၂၀၂၄ခုနှစ်အတွင်း ဆန်တန်ချိန် ၇.၅သန်းတင်ပို့ဖို့ ဆွေးနွေးခဲ့တယ်လို့ မျှော်လင့်ထားကြပါတယ်။
Source CCTV+
၂၈ မတ် ၂၀၂၄
ထိုင်းနိုင်ငံသို့တရားမဝင်ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၇၉ ဦးပါတဲ့ အုပ်စု (၅)စုကို လွန်ခဲ့တဲ့ နှစ်ရက်အတွင်း Thong Pha Phum ခရိုင်အတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သူတို့နှင့်အတူ မှောင်ခိုသွင်းသူ ၅ ဦးကိုလည်းဖမ်းဆီးမိခဲ့ပါတယ်။
ပထမဖမ်းဆီးမှုမှာ ရဲ၊စစ်သားနှင့် ဒေသအရာရှိတွေပါဝင်တဲ့အဖွဲ့ဟာ သမ်ဘွန်သာခါနန်က အိမ်တစ်အိမ်အောက်မှာ ပုန်းနေကြ တဲ့ မြန်မာအမျိုးသား (၉)ဦးကို ဗုဒ္ဓဟူးနေ့ မနက်၁၀နာရီခန့်က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
သူတို့အားလုံးကို တရားမဝင် ဝင်ရောက်မှုနှင့် ဖမ်းဆီးထားပြီး အိမ်ပိုင်ရှင် ဘန်လတ်ဘိုရစ်ဆတ်ကိုလည်း ဝှက်ထားပေးတဲ့ အတွက် ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနေ့ နှောငင်းပိုင်းမှာလည်း ရဲတွေဟာ သွန်ပါပမ်လမ်းဆုံအနီးမှာ ကချာနာပူရီလိုင်စင်ပြားတပ်ထားတဲ့ ပစ်ကပ်ကားတစ်စီး ကိုရပ်ဖို့ပြောတာကို မရပ်ဘဲမောင်းပြေးတဲ့အတွက် ရဲအရာရှိနှစ်ဦးဟာ ကားနောက်ခန်းကို ခုန်တက်လိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကားကရပ်မပေးခဲ့ပါဘူး။ အခြားအရာရှိတွေက ကားနောက်ကို ထပ်ချပ်မကွာလိုက်တော့မှ စစ်ဆေးရေးဂိတ်နှင့် ၅ကီလိုမီတာအကွာမှာကားကရပ်သွားပါတယ်။ အဲဒီကားမှာ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကိုတွေ့ရှိဖမ်းဆီးခဲပြီး ယာဉ်မောင်းကိုပါ ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသားတွေက သူတို့ဟာ ဘုရားသုံးဆူအနီးနယ်စပ်ပေါက်ကနေ ခြေလျင်လမ်းလျှောက်ဝင်လာခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြပါတယ်။ စစ်ဆေးရေးဂိတ်တော်တော်များများမှာ သူတို့ဟာ လမ်းညွှန်တစ်ဦးရဲ့အကူအညီနှင့် ကျော်ဖြတ်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။
နောက်တစ်နာရီအကြာမှာ ရဲတွေဟာ တမ်ဘွန်စစ်ဆေးရေးဂိတ်မှာ မရပ်ဘဲမောင်းပြေးတဲ့ ထရပ်ကားတစ်စီးနောက်လိုက်ပြီး ဖမ်းဆီးခဲ့ရာမှာ မြန်မာအမျိုးသား (၆)ဦးနှင့် ထိုင်းမှောင်ခိုကူးသူ (၂)ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အင်္ဂါနေ့ညမှာ တမ်ဘွန်သာခါနမ်အပန်းဖြေစခန်းအနီး မှောင်ခိုကူးသူ (၁)ဦးနှင့် တရားမဝင်အလုပ်လာရှာသူ ၁၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ မှောင်ခိုကူးသူဟာ “ ဝင်း” လို့သိထားကြပြီး ဆန်ခလာပူရီဒေသခံဖြစ်ကာ တိုရိုတာကားကို ကိုယ်တိုင် မောင်းလာသူဖြစ်ပါတယ်။
Source BKK Post
@ymg/knl
Page 10 of 61