Published: 18 March 2022
(၂)နှစ်ကြာရပ်ဆိုင်းထားခဲ့တဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်များအား ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့် ကန့်သတ် ချက်များနှင့်အညီ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်) မှစတင်၍ သတ်မှတ်စည်းကမ်း ချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ယခုအခါ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနှင့် အာရှနိုင်ငံတွေမှာ ခရီးသည်တင်လေယာဉ်တွေ ပြန်လည်ပျံသန်းပြေးဆွဲ ခွင့်ပြတာတွေရှိခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ ယခုခွင့်ပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့ သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသား များ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေး အတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ်သည့် အစီအစဉ်အား ဧပြီ ၁၆ ရက်အထိသာ သတ်မှတ်လိုက်ခဲ့တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါကြေညာချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်ဆင်းသက်ခြင်းကို ယာယီကန့်သတ်သည့် ညွှန်ကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်မှစတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။
#ymg/mnn/eiei
Yangon_Media_Group
Published 16 March 2022
ရေနံစိမ်းထုတ်လုပ်မှု ပြန်တောက်မယ့်အပေါ် စိုးရိမ်ပူပန်မှုတွေ လျော့ကျလာတဲ့အလျောက် ကမ္ဘာ့ရေနံဈေးနှုန်းတွေဟာ အင်္ဂါနေ့က ကျဆင်းလာနေပါတယ်။
ဧပြီလပေးပို့မယ့် WTI ရဲ့ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်ကို ၆.၅၇ဒေါ်လာလျော့ကျသွားပြိး ၉၆.၄၄ ဒေါ်လာဖြစ်သွားပါတယ်။ ဈေးနှုန်း ၆.၃၈ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ နယူးယောက် ကုန်သွယ်အိတ်ချိန်းရဲ့ သတင်းအချက်အလက်အရသိရပါတယ်။ မေလပေးပို့မယ့်ဘရန့်ရေနံစိမ်းဈေးနှုန်းဟာ ၆.၅၄ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ ငွေအားဖြင့် ၆.၉၉ ဒေါ်လာကျသွားတာ ဖြစ်ပါတယ်။ရေနံစိမ်းတစ်စည်ဟာ ၉၉.၉၁ ဒေါ်လာဖြစ်သွားတယ်လို့ လန်ဒန်ရဲ့ ICE Futures အိတ်ချိန်းကသိရပါတယ်။
တနင်္လာနေ့မှာ WTI နှင့် ဘရန့် တို့ရဲ့ ရေနံစိမ်းဈေးနှုန်းဟာ ၅.၈ရာခိုင်နှုန်းနှင့် ၅.၁ရာခိုင်နှုန်းစီ အသီးသီးကျဆင်းခဲ့တာပါ။
Source CMG
Published 16 March 2022
ဆော်ဒီအာရေဗျနိုင်ငံဟာ တရုတ်ကို ရေနံရောင်းချရာမှာ အချို့ကို ယွမ်ငွေနှင့်ရောင်းချပေးဖို့ ဆွေးနွေးနေကြတယ်လို့ အဲဒီ ကိစ္စနှင့်ရင်းနှီးကျွမ်းဝင်သူတွေကပြောတဲ့အကြောင်း ဝေါစထရိဂျာနယ်က ရေးသားလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ကမ္ဘာ့ရေနံဈေးကွက်မှာ အမေရိကန်ဒေါ်လာကြီးစိုးထားမှုအပေါ် ပွန်းပဲ့ထိခိုက်မှုဖြစ်စေတဲ့အပြင် ကမ္ဘာ့ထိပ်တန်းရေနံစိမ်းတင် ပို့တဲ့နိုင်ငံအနေနှင့် အာရှနှင့်ပတ်သက်လို့ နောက်ထပ်အပြောင်းအလဲတစ်ခုလို့လည်း မှတ်ယူနိုင်မှာဖြစ်ပါတယ်။
ယွမ်နှင့်ရေနံဝယ်ဖို့ကိစ္စ ပြောဆိုနေတာဟာ ခြောက်နှစ်တာအတွင်း ပြောလိုက် ရပ်လိုက်ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် အမေရိကန်ရဲ့ ဆယ်စုနှစ်များကြာအထိရှိနေတဲ့ ဆော်ဒီအာရေဗျကို ခုခံကာကွယ်ရန်လုံခြုံရေးကကတိကဝတ်အပေါ် ဆော်ဒီက မကျေနပ်မှုတွေပိုမိုကြီးထွားလာနေတဲ့အလျောက် ယွမ်နှင့်ပေးချေတဲ့ကိစ္စကို ယခုနှစ်ပိုင်းအတွင်း အရှိန်မြှင့်ဆောင်ရွက်လာခဲ့ ပါတယ်။
ယီမင်ရဲ့ပြည်တွင်းစစ်မှာ သူတို့ရဲ့ဝင်ရောက်စွက်ဖက်မှုကို အမေရိကန်က ထောက်ခံအားပေးမှုမရှိခြင်းနှင့် နျူကလီးယား အစီအစဉ်နှင့်ပတ်သက်လို့ ဘိုင်ဒင်အစိုးရက အီရန်နှင့် အပေးအယူလုပ်ဖို့ကြိုးစားလာခြင်းတို့ အပေါ် ဆော်ဒီဟာ စိတ်ဆိုးမာန်ဆိုးဖြစ်ခဲ့ပါတယ်။မနှစ်က အာဖဂန်နစ္စတန်ကနေ အမေရိကန်တွေ ရုတ်တရက်ဆုတ်ခွာလိုက်တဲ့အပေါ်မှာလည်း ထိတ်လန့်မိတယ်လို့ ဆော်ဓီအရာရှိတွေက ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံဟာ ဆော်ဒီရဲ့ ရေနံတင်ပို့မှုအားလုံးရဲ့ ၂၅ရာခိုင်နှုန်းကို ဝယ်ယူနေပါတယ်။ အကယ်၍ ယွမ်နှင့်ဈေးနှုန်းသတ်မှတ် ရောင်းချမယ်ဆိုရင် အဲဒီအရောင်းဟာ တရုတ်ငွေကြေးရဲ့ရပ်တည်မှုအခြေအနေကို တိုးမြှင့်ပေးနိုင်ပါလိမ့်မယ်။အဲဒီအပြင် ယွမ်ကိုအခြေတည်တဲ့ ပက်ထရိုယွမ်(ရေနံယွမ်)လို့သိကြတဲ့ အနာဂတ်ကန်ထရိုက်လုပ်ငန်းကိုပါ ဆော်ဒီအာရေဗျ ရေနံကုမ္ပဏီ (Aramco)က သူတို့ရဲ့ ဈေးနှုန်းပုံစံထဲ ထည့်စဉ်းစားနေတယ်လို့ဆော်ဒီကပြောပါတယ်။
ကမ္ဘာ့ရေနံတွေရဲ့ ၈၀ရာခိုင်နှုန်းကို ဒေါ်လာနဲ့အရောင်းအဝယ်လုပ်နေကြတာပါ။ ၁၉၇၄ခုနှစ်တုန်းက နစ်ဆင်လက်ထက်မှာ ဆော်ဒီရဲ့လုံခြုံရေးအာမခံချက်အပေးအယူနှင့် ရေနံတွေကို ဒေါ်လာနှင့်သာရောင်းချဖို့ ဆော်ဒီက သဘောတူခဲ့တာဖြစ်ပါတယ်။
တရုတ်ဟာ ယွမ်နှင့်ဈေးနှုန်းသတ်မှတ်တဲ့ ရေနံကန်ထရိုက်တွေကို ၂၀၁၈ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပေမယ့် ရေနံဈေးကွက်မှာ ဒေါ်လာကြီးစိုးနေတာကို ပွန်းပဲ့သွားအောင်တော့ မလုပ်နိုင်သေးပါဘူး။ အမေရိကန်ရဲ့ အီရန်နူကလီးယား အစီအစဉ်အပေါ် အရေးယူဒဏ်ခတ်မှုနှင့် ယူကရိန်းကိစ္စ ရုရှားကိုတုန့်ပြန်မှုတွေကြောင့် ဒေါ်လာအသုံးပြုတာတွေအပေါ် တရုတ်က အန္တရာယ်လို့မြင်လာခဲ့တာဖြစ်ပါတယ်။
တရုတ်ဟာ ဆော်ဒီနှင့် ချစ်ကြည်ရင်းနှီးမှုတွေကို ယခုနှစ်ပိုင်းတွင်း တိုးမြှင့်လာခဲ့ပါတယ်။ ဆော်ဒီရဲ့ ကိုယ်ပိုင်ဒုံးကျည်တွေ တည်ဆောက်ရာမှာ တရုတ်က ကူညီခဲ့ပါတယ်။ဆော်ဒီရဲ့ နျူကလီးယာအစီအစဉ်မှာ အကြံပေးခဲ့ပါတယ်။ ဆော်ဒီအိမ်ရှေ့ မင်းသား မိုဟာမက်ဘင် ဆာလ်မန်ရဲ့ သူ့အကြိုက်စီမံကိန်းဖြစ်တဲ့ Neom လို အနာဂတ်မြို့သစ်စီမံကိန်းတွေမှာ တရုတ်က ရင်းနှီးမြှပ်နှံမှုတွေစတင်လုပ်ဆောင်နေပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ တရုတ်သမ္မတရှီကျင့်ဖျင်ကို လာလည်ဖို့ ဆော်ဒီက ဖိတ်ကြားထားပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ ဆော်ဒီနှင့် ဘိုင်ဒင်အစိုးရတို့ရဲ့ ဆက်ဆံရေးဟာ ဆိုးရွားလာနေပါတယ်။ ၂၀၁၈ခုနှစ်မှာ ဆော်ဒီသတင်းစာဆရာ ဂျာမဲလ်ခါရှိုဂျီအသတ်ခံရတဲ့ကိစ္စအတွက် ဆော်ဒီဟာ အပယ်ခံနိုင်ငံဖြစ်သင့်တယ်လို့ ဘိုင်ဒင်က ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်စဉ်ကပြောခဲ့ပါတယ်။ အဲဒီသတ်ဖြတ်မှုကို ဆော်ဒီမင်းသား မိုဟာမက်က အမိန့်ပေးခဲ့တာလို့ အမေရိကန် ထောက်လှမ်းရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့လက ဘိုင်ဒင်နှင့် ဆော်ဒီဘုရင်ဆာလ်မန်တို့ ပြောဆိုကြရမှာ အတူပါဖို့ အိမ်ရှေ့မင်းသားက ငြင်းဆန်ခဲ့ပါတယ်။
Source WSJ
#LocalNews
Published - 15 March 2022
ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်း ယူနန် ချင်းရွှေဟော်နယ်စပ်အဝင်အထွက်စစ်ဆေးရေးဂိတ်သို့ မြန်မာဘက်မှ ကြံသယ်ယူပို့ဆောင်ရေးယာဉ် ၃၈၃၁ စီး ဝင်ရောက်ခဲ့ပြီး ကြံတန်ချိန် ၃၇၄၀၀ အဆင်ပြေစွာ တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ၏အကျိုးသက်ရောက်မှု ခံနေရချိန်တွင် ကြံတင်သွင်းတင်ပို့မှုကိစ္စကို ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် လင်ချန်းရှိ ချင်းရွှေဟော်နယ်စပ်အဝင်အထွက်စစ်ဆေးရေးဂိတ်သည် ညှိနှိုင်းဆွေးနွေးမှု တွေကို ပြုလုပ်ပြီးနောက်
လူနှင့် ကုန်စည် ခွဲထုတ်ခြင်း၊ အပိုင်းလိုက် သယ်ယူပို့ဆောင်ခြင်း၊ လမ်းပိတ်၍ စီမံခန့်ခွဲခြင်း စသည့်လုပ်ငန်းအစီအစဉ်များကို အတည်ပြုခဲ့ပြီး နယ်စပ်ဂိတ်၌ ကြံသယ်ယူပို့ဆောင်ရေးယာဉ်များအတွက် “အစိမ်းရောင်လမ်းကြောင်း”ကို ဖွင့်လှစ် ပေးခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆိုပါတယ်။
ထိုအပြင် မြန်မာနိုင်ငံမှ ကြံများ အဆင်ပြေချောမွေ့ စွာ၊ မြန်ဆန်စွာ ဂိတ်ဖြတ်သန်းဝင်ရောက်နိုင်ရေးအတွက် ဝန်ဆောင်မှုပေးခဲ့တယ်လို့လည်း ၎င်းတို့က ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး အရ နှစ်စဉ် နိုဝင်ဘာလမှ ဧပြီလအထိသည် မြန်မာနိုင်ငံ၏ ကြံရိတ်သိမ်းရာသီလည်း ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ပတ်ကျော်ကြာ ပိတ်ထားသော “ကျင်စန်းကျော့” နယ်စပ်ဂိတ်ကို ယခု မတ်လ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။
ymg/kg
#Yangon_Media_Group
Published 14 March 2022
ရန်ကုန်မြို့မှာ ကိုဗစ်ကပ်ရောဂါဘေးနှင့် နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် လူနေမှုစရိတ်တွေမြင့်တက်လာပြီး ငွေကြေး ဖောင်းပွမှုတွေမြင့်တက်လာနေတာကို ဒီလပိုင်းအတွင်းမှာ ပြည်သူတွေ ခံစားနေကြရပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးလှုပ်ရှားဆောင်ရွက်မှုတွေဟာ နိမ့်ကျနေဦးမယ်လို့ ဇန်နဝါရီလတုန်းက ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်မှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၆ရာခိုင်နှုန်းရှိခဲ့ရာကနေ ယခုနှစ်မှာ ၉ရာခိုင်နှုန်းအထိမြင့်တက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း ရန်ကုန်ရဲ့ဈေးတစ်ဈေးမှာ အစားအသောက်နှင့် လောင်စာဆီအပါအဝင် ကုန်ပစ္စည်းမျိုးစုံဈေးနှုန်းဟာ မြင့်တက်လာနေတာကို တွေ့ရှိခဲ့ပါတယ်။
Source: CMG
Published 13 March 2022
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က စတော့အိတ်ချိန်းရပ်ကွက်မှာ လူတွေဟာ ရွှေတွေကို အပြေးအလွှားရောင်းဝယ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယူကရိန်းစစ်ပွဲကြောင့် ရွှေဈေးတွေက ခေါင်ခိုက်အောင်တက်သွားခဲ့လို့ဖြစ်ပါတယ်။
တစ်ရက်တစ်ရကို ရွှေတစ်ကီလိုကို ယူရိုတစ်ထောင်လောက်တက်နေတာဖြစ်ပြီး အခုဆို စံချိန်တင်လောက်တဲ့အထိ ဈေးက မိုးကိုထောင်တက်နေပြီလို့ ပြောကြပါတယ်။
လူတွေဟာ သူတို့ စုဆောင်းထားသမျှတွေနှင့် ရွှေတွေအလုအယက်ဝယ်လာကြပါတယ်။ မသေချာမရေရာမှုတွေဖြစ်နေတဲ့ အချိန်မှာ ရွှေက စိတ်အချရဆုံးလို့ သူတို့ကပြောပါတယ်။ ရွှေဆိုင်တွေမှာလည်း လူတွေက တစ်ပြိုင်နက်လိုလို စုပြုံဝယ်လာကြလို့ မအားနိုင်ဖြစ်ကြရတယ်လို့ ဆိုင်ရှင်တစ်ဦးကပြောပါတယ်။
Source AFP
Page 54 of 61