၁၀ အောက်တိုဘာ ၂၀၂၄
မြန်မာနိုင်ငံတွင် အချို့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံခွင့်ရရှိသူအချို့သည် ကုန်ထုတ်လုပ်မှုကို ဟန်ပြသာ ဆောင်ရွက်ပြီး ပြည်ပမှ ကုန်ချောပစ္စည်းများကို ဈေးပေါပေါဖြင့် တင်သွင်းဆောင်ရွက်နေကြကြောင်း နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းက သတိပေးပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၉ရက်က နေပြည်တော်တွင်ကျင်းပတဲ့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အဆိုပါကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း တရားဝင်ကုန်ပစ္စည်း တင်သွင်းခွင့်ရရှိမှုအပေါ် ကျော်လွန်ပြီး တရားမဝင် ကုန်သွယ်မှုတွေပြုလုပ်နေတယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေဖြစ်ပေါ်နေရခြင်းအကြောင်းရင်းများထဲတွင် အဓိက စိန်ခေါ်မှုတွေက နယ်စပ်ဒေသ အချို့တွင် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ကန့်သတ်ချက်တွေရှိနေခြင်း၊ အချို့ဥပဒေများ အားနည်းချက်ရှိ ခြင်း၊အဲဒီလုပ်ငန်းတွေဆောင်ရွက်ရတဲ့ ဝန်ထမ်းအင်အားမလုံလောက်ခြင်းနှင့် အကျင့်ပျက်မှုတွေရှိနေခြင်းတို့ ဖြစ်ကြတယ်လို့လည်း နစက ဒုတိယဥက္ကဋ္ဌကဆက်လက်ပြောကြားပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေကို နယ်စပ်ဒေသနှင့်ကုန်သွယ်မှုလမ်းကြောင်းများပေါ်တွင်သာမက ပြည်တွင်း သိုလှောင်ရုံများနှင့် ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေးအရေးယူရမယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပါတယ်။
တရားမဝင်ကုန်သွယ်မှုများကို အရေးယူခဲ့ရာမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ (၂) နှစ်နှင့် (၈)လ ကာလအတွင်း အမှုတွဲ (၁၄၆၅၉) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃၀၀ ဒသမ ၀၂၈) ဘီလီယံဖမ်းဆီးရမိခဲ့တယ်လို့ လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံး ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရရှိမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးက အများဆုံး၊ စစ်ကိုင်းတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။ ဖမ်းဆီးရရှိရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ်များက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ပြီး တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ ဖြစ်ကြပါတယ်။
#ymg/knl
၅ အောက်တိုဘာ ၂၀၂၄
ရန်ကုန်-ပဲခူး လမ်းပိုင်း အစုန်-အဆန်ခရီးစဉ်ကို စပိန်နိုင်ငံကနေ ဝယ်ယူထားတဲ့ လူစီးရထားတွဲ (Diesel Electric Multiple Units) အသစ်နဲ့ အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြေးဆွဲနေပါတယ်။
ရန်ကုန်-ပဲခူး ခရီးစဉ်အတွက် ရန်ကုန်ကနေ ညနေ ၄ နာရီ ၄၅ မိနစ်ထွက်ပြီး ပဲခူးကို ၆ နာရီ ၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။
ပဲခူး-ရန်ကုန် ခရီးစဉ်အတွက်တော့ ပဲခူးမြို့က မနက် ၆ နာရီထွက်ပြီး ရန်ကုန်ကို ၈ နာရီ ၂၀ မိနစ်မှာ ဆိုက်ရောက်မှာပါ။
ခရီးစဉ်အတွင်း ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်ကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝနဲ့ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာမှာ ရပ်မှာဖြစ်ပါတယ်။
ရထားစီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်းရှိပြီး လေအိတ်ကားတွေ EV ကားတွေစီးရသလိုပဲလို့ ရထားစီးနင်း လိုက်ပါလာတဲ့ ခရီးသည်တွေက ပြောကြပါတယ်။
မြို့ပတ်ရထားတွဲတွေကိုလည်း ဒီလိုအဆင့်မြင့်တဲ့ ရထားတွဲတွေနှင့် ပြေးဆွဲစေချင်တယ်လို့လည်း ခရီးသည်တွေက ပြောနေကြပါတယ်။
ခရီးသည်တွေရဲ့အသံတွေနှင့် အကြံပြုချက်တွေကို နားထောင်မှတ်သားထားပြီး ပြုပြင်စရာရှိတာတွေကို တဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲသွားမှာပါလို့ ရထားနှင့်ပါလာတဲ့ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦးက YMG ကိုပြောပါတယ်။
စျေးနှုန်းကတော့ ခရီးစဉ်တစ်ဝက်အတွက် လူတစ်ဦးကို ၁၃၀၀ ကျပ်နဲ့ ခရီးစဉ် အစအဆုံးအတွက် ၂၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ဒီရထားတွဲသစ်ဟာ ခရီးသွားပြည်သူများ စိတ်ဝင်စားနေကြပြီး စီးနင်းလိုက်ပါသူတွေလည်း တိုးတက် လာနေပါတယ်။
၂၄ စက်တင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ် ယူထိုင်းခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးစခန်းတစ်ခုကို ဒေသအရာရှိတွေက အင်္ဂါနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ရုတ်တရက် ဝင်ရောက်စီးနင်းရာ တရားမဝင်မြန်မာအလုပ်သမား ၂၇၂ ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကရေးသားပါတယ်။
အရာရှိတွေဟာ တမ်ဘွန်နွမ်နမ်ဆွမ်မှာရှိတဲ့ အဲဒီဆောက်လုပ်ရေးစခန်းကို အင်္ဂါနေ့ မနက် ၆နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။အဲဒီ မြန်မာ ၂၇၂ ဦးမှာ အမျိုးသမီးတွေပါ ပါဝင်ပြီး သူတို့ဟာ ထိုင်းနိုင်ငံ ထဲကို တရားမဝင် ဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ယူထိုင်းခရိုင်ရုံးကပြောပါတယ်။
မြန်မာတစ်ဦးက သူနှင့်အတူ မြန်မာ ၃၀၀ ခန့်ဟာ မဲဆောက် နယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့တာဖြစ်ပြီး အလုပ်ပွဲစားကို ခရီးစရိတ်အဖြစ် တစ်ဦးကို ဘတ်နှစ်သောင်းပေးခဲ့ ရတယ်လို့ အာဏာပိုင်တွေကို ပြောပြပါတယ်။
ဆောက်လုပ်ရေးစခန်းထဲမှာ သူတို့ဟာ တစ်ရက်ကို ဘတ်ငါးရာရရှိကြပြီး ကျွမ်းကျင်သူတွေကတော့ ဘတ် ၆၀၀ ရရှိတယ်လို့လည်းသူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် သူတို့ဟာ နိုင်ငံထဲမှာ ရွေးချယ်စရာနည်းလွန်းတာကြောင့် ထိုင်းမှာ အလုပ်လုပ်ဖို့လာခဲ့တာလို့ အလုပ်သမားတွေကပြောပါတယ်လို့ ဘန်ကောက်ပို့စ်ကရေးပါတယ်။
ဒီဆောက်လုပ်ရေးစခန်းကိုစီးနင်းပြီး တရားမဝင်အလုပ်သမားတွေရှာဖွေတာ ဒါဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးက လွန်ခဲ့တဲ့ (၂)နှစ်ကဖြစ်တယ်လို့ အကြီးတန်းပြည်နယ်အရာရှိတစ်ဦးဖြစ်တဲ့ ဆူပါခွန်အန်နက် သာရက်ကပြောပါတယ်။
အဲဒီအလုပ်သမားတွေအားလုံးကို တရားစွဲဆိုပြီးရင် မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့လည်း သူကပြောပါတယ်။
@ymg/knl
၂၂ စက်တင်ဘာ ၂၀၂၄
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် " မှ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အကူအညီပေးရေးစီမံကိန်း လွှဲပြောင်းပေးအပ်ခြင်းနှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်က ရန်ကုန်မြို့ရှိ U-Energy Thaketa Power Company (UREC) ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာလျိုယုံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးသံမှူးကြီး Cao Jing၊ ယူနန်ပြည်နယ် သဘာဝစွမ်းအင်ဌာန ညွှန်ကြားရေးမှူးချုပ် Mr.Chen Jie၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးနှင့်ကုန်သွယ်မှုဌာန သံမှူး မစ္စတာ Ou Yang Dao Bing၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဘိုဌေး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး အပါအဝင် ယူနန်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ၊ U -Energy Group Company ရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်" မှ ရန်ကုန်တိုင်း သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်လှုဒါန်းမှုပရောဂျက်ကို မြန်မာနိုင်ငံရှိ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး Yunnan Energy Investment သာကေတ ဓာတ်အားပေးစက်ရုံမှ ရန်ပုံငွေတစ်စိတ်တစ်ပိုင်းဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။
သာကေတမြို့နယ် လမ်းများပေါ်တွင် ဆိုလာလမ်းမီး အစုံ (၄၀) တပ်ဆင်ပေးကာ ပရောဂျက်တန်ဖိုးမှာ ယွမ် (၃၈၀၀၀၀) ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က ပရောဂျက် စတင်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ မေလတွင် ပြည်တွင်း၊ ပြည်ပ တင်ဒါခေါ်ဝယ်ယူရေးလုပ်ငန်းပြီးစီးခဲ့ပြီး အလုံးစုံတပ်ဆင်လက်ခံခြင်းလုပ်ငန်းကို သြဂုတ်လကုန်ပိုင်းက ပြီးစီးခဲ့ခြင်းဖြစ်သည်။
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် " သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဘေးပတ်ဝန်း ကျင်နိုင်ငံများတွင် ဆောင်ရွက်နေသည့် ပြည်သူ့အကျိုးဆောင်စီမံကိန်းတစ်ခုဖြစ်ကြောင်း နှင့် ၂၀၂၂ခုနှစ် တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း (၉)ကျောင်းတွင် အားကစားဆိုင်ရာ အဆောက်အအုံများ တိုးမြှင့် ဆောင်ရွက်ခဲ့ပြီး သုဝဏ္ဏမြို့နယ် ဆိုလာလမ်းမီး လှုဒါန်းမှု ပရောဂျက်ကိုလည်း ပံ့ပိုးကူညီခဲ့ပြီးဖြစ်သည်။
၂၀၂၃ ခုနှစ်ကလည်း "မိုခါ" မုန်တိုင်းတိုက်ခတ်စဥ် ရန်ကုန်နှင့်မန္တလေးမြို့များသို့ ပြန်လည် တည်ဆောက် ရေးပစ္စည်းများ လှုဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုတစ်ကြိမ် သာကေတမြို့နယ် ဆိုလာလမ်းမီး လှုဒါန်းမှု ပရောဂျက်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ပရောဂျက် (၄)ခုရှိပြီး လှုဒါန်းမှုပမာဏ ယွမ် (၁ ဒသမ ၀၈သန်း) ရှိပြီဖြစ်သည်။
@ymg/ee
၁၇ စက်တင်ဘာ ၂၀၂၄
ရေးဘင် Ray-Ban မျက်မှန်တွေထုတ်လုပ်တဲ့ EssilorLuxottica ကုမ္ပဏီက သူတို့ဟာ ဖေ့စ်ဘုတ်ခ်နှင့် အင်စတာဂရမ်ပိုင်ရှင် မက်တာ Meta ကုမ္ပဏီတို့ဟာ စမတ်မျက်မှန်တွေထုတ်လုပ်ဖို့ မိတ်ဖက်ပူးပေါင်းလုပ်ကြတယ်လို့သိရပါတယ်။
အသုံးပြုသူတွေဖုန်းခေါ်ဆိုတာ၊ ဓါတ်ပုံတွေရိုက်တာ နှင့် သီချင်းတွေနားထောင်တာတွေလုပ်လို့ရတဲ့ မျက်မှန်တွေ ထုတ်လုပ် လာနိုင်ပြီးနောက် ရေးဘင်နှင့် မက်တာတို့ စမတ်မျက်မှန်ပူးတွဲ ထုတ်လုပ်ဖို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မျက်မှန်ထုတ်လုပ်တဲ့ ထိပ်တန်းကုမ္ပဏီကြီးနှင့် အမေရိကန် နည်းပညာကုမ္ပဏီကြီးဟာ ၂၀၁၉ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့သူတို့ဟာ ဉာဏ်ရည်တုအသုံးပြုထားတဲ့ ပထမဆုံး ရေးဘင်မက်တာ မျက်မှန်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။
ကုမ္ပဏီနှစ်ခုဟာ ကာလရှည်သဘောတူညီချက်အသစ်တစ်ရပ်အရ လာမယ့် ဆယ်စုနှစ်မှာ မျိုးဆက်စုံ စမတ်မျက်မှန်တွေ ထုတ်လုပ်ရာမှာ အတူပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်” လို့ ရေးဘင်က သတင်းထုတ်ပြန်ပါတယ်။
“ မျက်မှန်ကနေ အဓိကကျတဲ့ နည်းပညာပလက်ဖောင်းအသွင်ပြောင်းမယ့် အခွင့်အလမ်းတွေ ကျွန်တော်တို့ရရှိနေပါပြီ” လို့ မက်တာရဲ့ အမှုဆောင်အရာရှိချုပ် မတ်ဇူကာဘတ်ကလည်း သတင်းထုတ်ပြန်ရာမှာ ပြောဆိုထားပါတယ်။
EssilorLuxottica ကုမ္ပဏီဟာ ရေးဘင်ကို ၁၉၉၉ ခုနှစ်ဝန်းကျင်ကတည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
Source AFP
၂၈ ဩဂုတ် ၂၀၂၄
မွေးကင်းစကလေးငယ်များကို လူကုန်ကူးတဲ့ လူပေါင်း ၁၂ ဦးကျော်ပါတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ဗီယက်နမ်နိုင်ငံတွင် ဖမ်းဆီးမိတယ်လို့သိရပါတယ်။
သူတို့ဟာ ဗီယက်နမ်က မြို့ကြီးများနှင့် ပြည်နယ်တစ်လွှားမှာ မွေးကင်းစ ကလေးငယ် ၁၆ ဦးကို လူကုန်ကူးခဲ့ကြတာဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းက ဗီယက်နမ်နိုင်ငံပိုင်မီဒီယာကို ကိုးကားပြီး ရေးသားပါတယ်။
အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၆ ဦးကို အသက် သုံးရက်သားမှ သုံးလသားအကြား ကလေးငယ်တွေကို အရောင်းအဝယ်ပြုလုပ်မှုနှင့် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ကလေးတွေကို ဆက်ပြီးကျွေးမွေးရမှာ မတတ်နိုင်တော့တဲ့ မိခင်တွေကို အဆိုပါဂိုဏ်းက သီးသန့်အုပ်စုများမှတစ်ဆင့် ပစ်မှတ်ထား ဆက်သွယ်ကြတာဖြစ်ပါတယ်။ သူတို့ဟာ ကလေးတစ်ဦးကို ဒေါ်လာ ၄၀၀ မှ ဒေါ်လာ ၉၃၀ အကြား ပေးပြီးဝယ်ယူကြပါတယ်လို့သတင်းကရေးသားပါတယ်။ အဲဒီနောက် သူတို့ဟာ မွေးစားစာချုပ်အတုတွေပြုလုပ်ပြီး တစ်ဦးကို ဒေါ်လာ ၁၄၀၀ နှင့် ဒေါ်လာ ၃၀၀၀ အကြား ပြန်ရောင်းကြတယ်လို့သိရပါတယ်။
ယခုနှစ်စကတည်းက မြို့ကြီးများနှင့်ပြည်နယ် ၃၂ခုတို့မှာ သံသယဖြစ်စရာ မွေးကင်းစကလေးငယ် လူကုန်ကူးသံသယရှိသူ ၈၄ ဦးကို ဗီယက်နမ်ရဲတွေက စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။
#Source- AFP
၂၅ ဩဂုတ် ၂၀၂၄
ပြင်သစ်ရဲတွေက တယ်လီဂရမ် စီအီးအို ပါဗဲလ်ဒူရော့ဗ်ကို စနေနေ့ ဩဂုတ် ၂၄ရက်က ပါရီအနီးက လေဆိပ်တစ်ခု မှာ ဖမ်းဆီးလိုက်ပါတယ်။ နာမည်ကျော် တယ်လီဂရမ် အက်ပလီကေးရှင်းနှင့်ပတ်သက်တဲ့အမှုတစ်ခုခုနှင့် ဖမ်း ဆီးခံရတာဖြစ်တယ်လို့ အေအက်ဖ်ပီက သတင်းရေးပါတယ်။
အသက် ၃၉နှစ်အရွယ်ရှိ ပြင်သစ်-ရုရှား ဘီလျံနာဟာ ပြင်သစ်မြို့တော်ပါရီမြို့ မြောက်ဘက်က လေဘူဂက်လေဆိပ် Le Bourget မှာ စနေနေ့ညနေပိုင်းက အဖမ်းခံရတာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
သူဟာ အာဘာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှ ခရီးသွားပြီးပြန်လာတာမကြာသေးပါဘူးလို့လည်း အခြားသတင်းအရင်းအမြစ်က ပြောပါတယ်။
ဒူရော့ဗ်ကို တနင်္လာနေ့မှာ တရားရုံးထုတ်ဖို့ရှိနေပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အရွယ်မရောက်သေးသူတွေအပေါ်အကြမ်းဖက်မှုတားဆီးရေး အဖွဲ့ဖြစ်တဲ့ OFMINက ဒူရော့ဗ်အပေါ် လိမ်လည်မှု၊မူးယစ်ဆေးဝါးတရားမဝင်ဖောက်ကားမှု၊ ဆိုက်ဘာအနိုင်ကျင့်မှု၊ ရာဇဝတ်ဂိုဏ်းနှင့် အကြမ်းဖက်မှုမြှင့်တင်ဆောင် ရွက်မှုစတာတွေအပေါ် ကနဦးစုံစမ်းစစ်ဆေးဖို့ ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။
ဒူရော့ဗ်ဟာ သူ့ပလက်ဖောင်းကို ရာဇဝတ်မှုတွေအတွက်အသုံးပြုနေတာကို နှိမ်နှင်းဖို့ပျက်ကွက်ခဲ့တယ်လို့သံသယရှိထားတာ ဖြစ်ပါတယ်။
Ref AFP
Page 4 of 61