#World_Science
Published 24 September 2022
အချို့သော အစားအသောက်တွေကို မနှစ်သက်ရခြင်းဟာ မိခင်သန္ဓေတည်စဉ်ကတည်းကလို့ ပြောလို့ရကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဒါဟမ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ကိုယ်ဝန်ဆောင်မိခင်တွေ မုန်လာဥနီနဲ့ ကိုက်လံစားပြီးနောက် သန္ဓေသားတွေ ဘယ်လိုတုံ့ပြန်လဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
Psychological Science ဂျာနယ်မှာ ဖော်ပြထားရာမှာ ကိုယ်ဝန်ဆောင်တွေစားသုံးတဲ့ အရာတွေက ကလေးတွေမွေးဖွားလာပြီးတဲ့အခါ အရသာသဘောတွေ့/မတွေ့ကို ဆုံးဖြတ်ပေးတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
လေ့လာချက်အရ ကလေးတွေဟာ ကိုက်လံကို မနှစ်သက်ကြပါဘူး။
ကိုယ်ဝန်ဆောင်မိခင်အယောက် ၁၀၀ ကို ဓာတ်မှန်ရိုက်ကြည့်ရာမှာ မုန်လာဥနီနဲ့ ထိတွေ့ခဲ့တဲ့ သန္ဓေသားတွေက ရယ်မောတဲ့ပုံစံပေါ်ပေါက်ခဲ့ပြီး ကိုက်လံနဲ့ထိတွေ့ခဲ့တဲ့ သန္ဓေသားတွေက ငိုယိုတဲ့ပုံပေါ်ခဲ့ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ စားသုံးတဲ့ စားသောက်မှုပုံစံက ကလေးတွေကို ထိရောက်မှုရှိနေပါတယ်။
ကိုယ်ဝန်ဆောင်တွေ မုန်လာဥဖျော်ရည်သောက်သုံးရင် ကလေးတွေမှာ နှာခေါင်းရှုံ့တွခြင်း၊ မျက်ခုံးနိမ့်ခြင်း၊ အပေါ်နှုတ်ခမ်းပင့်ခြင်းတို့ အဖြစ်နည်းပါတယ်။
ကိုက်လံစားရင်တော့ ကလေးတွေမှာ အဆိုပါဖြစ်ရပ်များ ဖြစ်နိုင်ချေများပါတယ်။
ကလေးတွေဟာ ဝမ်းဗိုက်ထဲမှာတည်းက အနံ့အရသာခံစားနိုင်ကြောင်း တွေ့ရှိထားပေမယ့် မွေးလာပြီးတဲ့ရလာဒ်တွေအပေါ်သာ အခြေခံထားတာဖြစ်တယ်လို့ ဦးဆောင်သုတေသီ'ဘီဇာဥစတန်'က ပြောပြပါတယ်။
ကလေးမမွေးခင် အနံ့အရသာထိတွေ့ခြင်းက မွေးအပြီး အစားအစာချေးများခြင်း မများခြင်းကို ဖြစ်ပေါ်စေပြီး ကျန်းမာတဲ့အစားအစာတွေစားသုံးဖို့ အသိပညာရှိရန် လိုအပ်နေပါတယ်လို့ ပြောသွားပါတယ်။
"မမွေးသေးတဲ့ကလေးတွေက ကိုက်လံနဲ့ မုန်လာဥနီအရသာတွေကို တုံ့ပြန်ပုံက အံ့ဩဖွယ်ရာကောင်းပြီး မိဘတွေသိရှိစေရန် မျှဝေနိုင်ပါတယ်"
Source: The Jerusalem Post
#Yangon_Media_Group
- Category: World
#World_Literature
Published 23 September 2022
လွန်ခဲ့တဲ့နှစ်တွေတုန်းက မြောက်မက်ဆီဒိုးနီးယားရှိ ဝေးလံခေါင်ပါးတဲ့ ဘာဘီနိုရွာမှ လူအများစုဟာ ထုပ်ပိုးပြီးထွက်ခွာကုန်ကြပါတယ်။
#Yangon_Media_Group
- Category: World
Published 23 Sept 2022
အမေရိကန် လေယာဉ်တင်သင်္ဘော တစ်စီးဟာ စက်တင်ဘာ ၂၃ ရက် သောကြာနေ့မှာ ငါးနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် တောင်ကိုးရီးယားကို ရောက်ရှိလာပါတယ်။ နျူကလီးယားလက်နက်ရှိတဲ့ မြောက်ကိုးရီးယားကို အင်အားပြသဖို့ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုမစတင်ခင်မှာ ရောက်ရှိလာခြင်းဖြစ်ပါတယ်။
နျူကလီးယားစွမ်းအင်သုံး USS Ronald Reagan ယူအက်စ်အက်စ် ရော်နယ် ရီဂင် လေယာဉ်တင်သင်္ဘောကြီးနှင့် ရေယာဉ်တွေဟာ တောင်ကိုရီးယားရဲ့ တောင်ပိုင်း ဘူဆန်ဆိပ်ကမ်းကို ဆိုက်ကပ်လာပါတယ်။ ဒီလိုရောက်ရှိလာခြင်းဟာ ဆိုးလ်နှင့် ဝါရှင်တန်တို့ရဲ့ ဒေသအတွင်း အမေရိကန်ရဲ့ မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုတွေကို ပိုပြီး အသုံးပြုဖို့ တွန်းအားပေးတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။
မေလမှာ သမ္မတတာဝန်စယူခဲ့တဲ့ ရန်လိုနေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုဟာ သူ့ရဲ့ယခင်သမ္မတများက မြောက်ကိုးရီးယားနှင့် သံခင်းတမန်ခင်းကို နှစ်များစွာ အောင်မြင်မှုမရခဲ့ပြီးနောက် ယခုသူက အမေရိကန်နှင့် စစ်ရေးပူးတွဲလေ့ကျင့်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတာဖြစ်ပါတယ်။
“ ယူအက်စ်အက်စ် ရော်နယ်ရီဂင် လေယာဉ်တင်သင်္ဘော ဘူဆန်သို့ ရောက်ရှိခြင်းဟာ တောင်ကိုရီးယားနှင့် အမေရိကန်တို့ရဲ့ မဟာမိတ်ခိုင်မြဲမှုအင်အားကို ပြသနေတာဖြစ်ပါတယ်” လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အေအက်ဖ်ပီကိုပြောပါတယ်။
“ ဒီအလည်အပတ်အစီအစဉ်ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ ရည်ရွယ်တယ်” လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။
ယူအက်စ်အက်စ် ရော်နယ်ရီဂင်ဟာ တိုက်ခိုက်ရေးအုပ်စုထဲက စစ်ရေယာဉ်နှစ်စီးနှင့်အတူ တောင်ကိုးရီးယားကို ရောက်ရှိတာဖြစ်ပြီး အဲဒီရေယာဉ်နှစ်စီးက USS Chancellorsville ယူအက်စ်အက်စ် ချန်ဆဲလာဗီလီနှင့် USS Barry ယူအက်စ်အက်စ် ဘာရီ လို့ခေါ်တဲ့ ပဲ့ထိန်းတပ်ဒုံးပစ်နှင့် ဒုံးဖျက်ရေယာဉ်တွေဖြစ်တယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။
ဒီလထဲမှာ သူတို့ဟာ တောင်ကိုရီးယားရဲ့ အရှေ့ဖက်ကမ်းခြေမှာပူးတွဲစစ်ရေးလေ့ကျင့်ကြမယ်လို့ ယွန်ဟက် သတင်း အေဂျင်စီကပြောပါတယ်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်က်စ်အက်စ် အန်နာပိုလီ လည်း ပါဝင်ဖို့ ရှိတယ်လို့ သိရပါတယ်။
ပစိဖိတ်နိုင်ငံတွေဖြစ်ကြတဲ့အလျောက် ကျွန်တော်တို့ဟာ မဟာာမိတ်ဖြစ်ခြင်းနှင့် ဘုံလုံခြုံရေးအကျိုးစီးပွားအတွက် အတူတကွလုပ်ဆောင်ကြတဲ့ ရှည်လျားတဲ့သမိုင်းကြောင်းရှိပါတယ်။ ဘယ်နေရာမှာ ဘယ်အချိန်ဖြစ်ဖြစ် လုံခြုံရေး အကျိုးစီးပွားကို စိန်ခေါ်မှုတွေရှိလာရင် ကျွန်တော်တို့တစ်ဦးနှင့်တစ်ဦး ရပ်တည်ကြဖို့ဖြစ်ပါတယ် လို့ အမေရိကန် ရေတပ်ဗိုလ်ချူပ် မိုက်ကယ်လ် ဘတ်ဇ် ဒွန်နယ်လီကပြောပါတယ်။
ပင်လယ်ထဲမှာ ဖြစ်လာနိုင်တာတွေအားလုံးအတွက် ကြိုတင်ပြင်ဆင်ဖို့နှင့် တောင်ကိုးရီးယားကို ကာကွယ်ဖို့ ဒီလေ့ကျင့်ခန်းလုပ်တာဖြစ်တယ်။ ပြီးတော့ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းတိုက်ခိုက်ရေး ရပ်တည်ချက် တိုးတက်စေဖို့လည်းဖြစ်တယ်လို့ တောင်ကိုရီးယားရေတပ်ဗိုလ်ချုပ် ကင်မ်ကျောင်းချီ ကပြောပါတယ်။
မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်းအန်းဟာ နောက်ထပ် နျူကလီးယားစမ်းသပ်မှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယားနှင့် အမေရိကန်အရာရှိတွေက လများစွာ သတိပေးပြီးနောက် ယခုလို အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော တောင်ကိုးရီးယားကို အလည်အပတ်ရောက်ရှိလာတာဖြစ်ပါတယ်။
Source AFP
#US_South_Korea
#USS_Ronald_Reagan
#North_Korea
- Category: World
#DailyNews
Published _ 23 September 2022
၁။ လူတစ်ဦးလျှင် ဒင်္ဂါးပြားတစ်ပြားရောင်းချပေးမည်ဟု YGEA ပြော
၂။ မိုဘိုင်းငွေပေးချေမှုစနစ်ဂယက်ကြောင့် အွန်လိုင်းအရောင်းသမားအချို့ သတိထားလုပ်ကိုင်နေကြရ
၃။ တစ်ရက်လျှင်အနည်းဆုံး ကိုဗစ်သံသယရှိသူ(၂၀)ဦးမှ (၇၀)ဦးအထိ မြို့နယ်အတွင်း ပို့ဆောင်ပေးနေရ
၄။ မြောက်မက်ဆီဒိုးနီးယားရွာတွင် ပညာအလင်းရောင်ဖြန့်ကျက်နေသည့် ရှေးဟောင်းစာကြည့်တိုက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
#Ukraine_Crisis
Published 23 September 2022
ရုရှားတပ်တွေနဲ့ ရုရှားထောက်ခံရေးသမားများ ထိန်းချုပ်ထားတဲ့ ယူကရိန်းပြည်နယ် ၄ ခုမှာ ရုရှားနှင့် ပူးပေါင်းရေးကိစ္စအတွက် ပြည်သူ့ဆန္ဒခံယူပွဲများကို သောကြာနေ့မှာ ကျင်းပသွားဖို့ ပြင်ဆင်နေကြပါတယ်။
အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲတွေကို အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကာ တရားမဝင်သိမ်းပိုက်တော့မယ့် ရှေ့ပြေးပြင်ဆင်မှုများအဖြစ် သတ်မှတ်လိုက်ပါတယ်။
ရုရှားဘက်ကနေရာချထားတဲ့ ခေါင်းဆောင်တွေဟာ မဲဆန္ဒကောက်ခံပွဲများပြုလုပ်ရန် အစီအစဉ်အကြောင်း အင်္ဂါနေ့ကကြေညာခဲ့ရာ အနောက်နိုင်ငံနဲ့ စစ်ရေးတင်းမာမှု ပိုပြီးမြင့်တက်လာစေမယ့် လုပ်ရပ်ဖြစ်ပါတယ်။
ဆန္ဒခံယူပွဲရဲ့ရလာဒ်တွေက သိမ်းပိုက်ဖို့လမ်းစပျိုးနေတာဖြစ်တယ်လို့ ထင်မှတ်စရာရှိပြီး ယူကရိန်းနဲ့ မဟာမိတ်တွေကတော့ ဒီရလာဒ်တွေကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။
လူဟန့်စ်၊ ဒိုနက်စ်၊ ခါဆန်၊ ဇာပိုရစ်ဇ်ဇီယာပြည်နယ်တွေဟာ ယူကရိန်းတစ်နိုင်ငံလုံးရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရှိပြီး ထိုဒေသတွေမှာ မဲဆန္ဒပွဲတွေကို သောကြာနေ့ကနေ အင်္ဂါနေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ယူကရိန်းက အခုလအတွင်း ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေအများအပြားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ရန် ရုရှားထောက်ခံရေးအရာရှိများက လနဲ့ချီတိုင်ပင်နေခဲ့တာဖြစ်ပေမယ့် ယူကရိန်းက တန်ပြန်တိုက်ခိုက်လာတာကြောင့် နှောင့်နှေးနေရတာဖြစ်ပါတယ်။
ယခုတစ်ပတ်အတွင်း ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ယူကရိန်းနဲ့စစ်ပွဲအတွက် တပ်သား ၃ သိန်းစုဆောင်းမယ်လို ကြေညာခဲ့ပြီး အသာရဖို့ ကြိုးပမ်းလာပါတယ်။
ပြည်သူတွေအနေနဲ့ သူတို့ရဲ့ထင်မြင်ချက်ကို ဖော်ထုတ်ခွင့်ရှိကြောင်း ရုရှားက အဆိုပြုလိုက်ပါတယ်။
"ပြည်သူတွေက သူတို့ရဲ့သဘောအတိုင်း ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်၊ အခြေအနေတစ်ခုလုံးက သူတို့အပေါ်ပဲမူတည်ပါတယ်" လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး'ဆာဂျီလက်ဗ်ရော့ဗ်'က ပြောကြားခဲ့ပါတယ်။
ရုရှားက ပြည်သူ့ဆန္ဒခံယူပွဲရလာဒ်ကို အထောက်အပံ့ယူပြီး တိုက်ခိုက်ဖို့ အကြောင်းပြလာနိုင်တယ်လို့ ယူကရိန်းက ဆိုလိုက်ပါတယ်။
၂၀၁၄ ခုနှစ်တုန်းကလည်း ခရိုင်းမီးယားကိုသိမ်းယူစဉ်က အလားတူလုပ်ရပ်မျိုး ပြုလုပ်ခဲ့ပြီး နိုင်ငံတကာကလည်း အသိအမှတ်မပြုခဲ့ပါဘူး။
ဒီနယ်မြေတွေကို ရုရှားနယ်မြေလို့ ကြေညာပြီးရင် သူတို့က အညှာအတာမရှိ တိုက်ခိုက်တော့မှာပါလို့ လူဟန့်စ်အုပ်ချုပ်ရေးမှူးက ယူကရိန်းတီဗီကို ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ပြည်သူ့ဆန္ဒပြပွဲကို အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'၊ ကုလအထွေထွေအတွင်းရေးမှူးချုပ်'အန်တိုနီယိုဂူတာရက်စ်'၊ ပြင်သစ်သမ္မတတို့လို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နေတိုး(NATO)၊ ဥရောပသမဂ္ဂ၊
ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းတို့က ရှုတ်ချထားပါတယ်။
Source: Reuters
#Yangon_Media_Group
- Category: World
#World_Health
Published 23 September 2022
အမျိုးသမီးရဲ့ စိတ်ဖိစီးမှုအခြေအနေက ကိုယ်ဝန်ရနိုင်ချေအပေါ် ဆိုးရွားတဲ့သက်ရောက်မှုရှိစေကြောင်း ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပါတယ်။
စကန်ဒီနေဗီကာ သားဖွားမီးယပ်မှာ ဖော်ပြချက်အရ စိတ်ဖိစီးမှုအခြေအနေဟာ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရနိုင်ချေနဲ့ ပတ်သက်နေကြောင်း လေ့လာခဲ့ကြပါတယ်။
"လူမှုစိတ်ကျန်းမာရေးဖိစီးမှုကြောင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများဖြစ်ပေါ်လာပါတယ်၊ ဒီလေ့လာချက်က အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးအခြေအနေနဲ့ ကိုယ်ဝန်ရနိုင်ချေကြား ပတ်သက်မှုတိုကို လေ့လာတာဖြစ်ပါတယ်" လို့ တရုတ် ကျန်ဆုတက္ကသိုလ်မှ 'ပေဝမ်'က ရေးသားဖော်ပြခဲ့ပါတယ်။
ကိုယ်ဝန်ရဖို့ကြိုးစားနေတဲ့ အမျိုးသမီး ၄၄၄ ယောက်ကိုလေ့လာပြီး သူတိုရဲ့ စိတ်ကျန်းမာရေးအခြေအနေကို လေ့လာခဲ့ကြပါတယ်။
စိတ်ကျန်းမာရေးအခြေအနေကို အချက်အလက် ၉ မျိုးနဲ့တိုင်းတာကာ သွေးဖိအား၊ ကိုလက်စ်ထရော၊ BMI တို့ ပါဝင်ပါတယ်။
ရလာဒ်တွေကိုတော့ ၀ မှ ၆ အထိသတ်မှတ်ကာ ၆ က စိတ်ဖိစီးမှုအများဆုံးဖြစ်ပြီး ၀ ကအနည်းဆုံးဖြစ်ပါတယ်။
သူတိုရဲ့စိတ်အခြေအနေတွေကို စစချင်းတိုင်းတာခဲ့ကာ တစ်နှစ်ကြာပြီးနောက် ထပ်မံလေ့လာခဲ့ပါတယ်။
အမှတ်မြင့်တဲ့အမျိုးသမီးတွေက အဲဒီတစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေ နည်းပါးခဲ့တာကို တွေ့ရပါတယ်။
စိတ်ဖိစီးမှုအခြေအနေ ၅ မှတ်နဲ့ ၆ မှတ်ရတဲ့သူတွေက အမှတ် ၀ ရတဲ့သူတွေနဲ့ယှဉ်ရင် ကိုယ်ဝန်ရနိုင်ချေ ၅၉ ရာခိုင်နှုန်းနည်းပါးနေခဲ့ပါတယ်။
အမေရိကန်ရှိ ၁၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ ကိုယ်ဝန်ရဖို့ခက်ခဲနေပြီး ဒါဟာ ၈ ယောက်မှာ ၁ ယောက်နှုန်းဖြစ်ပါတယ်။
စိတ်ဖိစီးမှုက ဒီကိစ္စနဲ့ပတ်သက်နေတာကြောင့် စိတ်ဖိစီးမှုပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အဖြေရှာသင့်ကြောင်း 'ဝမ်'က ပြောပြခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
- Category: World
#World_Health
Published 23 September 2022
ခန္ဓာကိုယ်ထဲက အနုဇီဝပရိုတိန်းတစ်မျိုးဟာ မျိုးဗီဇပြောင်းလဲမှုဖြစ်ပေါ်ခဲ့ရင် အသက်အရွယ်ကြီးတဲ့အခါ အယ်လ်ဇိုင်းမားရောဂါဖြစ်လာနိုင်ချေ သိသိသာသာများစေကြောင်း သိပ္ပံပညာရှင်များ ဖော်ထုတ်လိုက်ပါတယ်။
ဥရောပရှိ သက်ကြီးရွယ်အို ၄ ပုံ ၁ ပုံလောက်က ဒီလိုအခြေအနေ ဖြစ်ပေါ်ထားပြီဖြစ်ပါတယ်။
လော့စ်အိန်ဂျလိစ် ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်မှ သုတေသီများက လူပေါင်း ၈ ထောင်ကျော်ရဲ့ အချက်အလက်တွေကို ဆန်းစစ်ခဲ့ရာမှာ SHMOOSE လိုခေါ်တဲ့ ပရိုတိန်းတစ်မျိုးဟာ ပြောင်းလဲသွားတဲ့အခါ အယ်လ်ဇိုင်းမားဝေဒနာဖြစ်နိုင်ချေ ၂၀ မှ ၅၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
ဦးနှောက်ထဲမှာ ပရိုတိန်းတွေ ပုံမှန်မဟုတ်ဘဲစုံပုံလာခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်တယ်လို့ ယူဆရပြီး မိသားစုထဲမှာ ရောဂါရှိဖူးတဲ့သက်ကြီးရွယ်အိုတွေနဲ့ အထိုင်များတဲ့လူတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။
သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်က ရောဂါကုသဖို့ နည်းလမ်းတွေတွေ့ရှိလာနိုင်ပါတယ်။
အယ်လ်ဇိုင်းမားဝေဒနာခံစားရသူ အမေရိကန်လူမျိုး ၆ သန်းခန့်ဟာ လာမယ့် ၂၅ နှစ်အတွင်း နှစ်ဆလောက်ဖြစ်လာနိုင်တယ်လို့ အယ်လ်ဇိုင်းမား အဖွဲ့အစည်းက ပြောပြခဲ့ပါတယ်။
ရောဂါဖြစ်နိုင်လာနိုင်တဲ့ ပရိုတိန်းအမျိုးအစား ၂ သောင်းကျော်လောက်ကို သိပ္ပံပညာရှင်များ အာရုံစိုက်လေ့လာခဲ့ကြပါတယ်။
အခုအချိန်မှာတော့ အများကြီးပိုပြီးသေးငယ်တဲ့ အနုဇီဝပရိုတိန်းတွေ သိန်းပေါင်းများစွာကို လေ့လာနေကြပါတယ်။
မျိုးဗီဇတစ်မျိုး ပြောင်းလဲပြီးတော့ SHMOOSE ပရိုတိန်းကို ရပ်တန့်စေကာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေ များလာတာဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒါ့အပြင် ဦးနှောက်ကျုံခြင်းကိုပါ ဖြစ်စေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဖြစ်နိုင်ချေကတော့ ဆဲလ်တွေဟာ ပရိုတိန်းကြောင့် စွမ်းအင်ပြတ်လတ်ကာ အာရုံကြောဆဲလ်များတဝိုက် ကာကွယ်ပေးတဲ့အလွှာ လျော့နည်းလာကာ ထိခိုက်လာတာပဲဖြစ်ပါတယ်။
ဒီလိုတွေ့ရှိခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါအတွက် ဆေးကုသနည်းဖော်ထုတ်နိုင်မယ့် နည်းလမ်းတွေ ရရှိလာနိုင်တယ်လို့ ဒေါက်တာ'ပင်ချတ်စ်ကိုဟင်'က ပြောပြခဲ့ပါတယ်။
ဒါဟာ အယ်လ်ဇိုင်းမားဖြစ်နိုင်ချေများတဲ့ ပထမဆုံးသော အနုဇီဝပရိုတိန်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အရင်ကလည်း အယ်လ်ဇိုင်းမားဖြစ်နိုင်ချေရှိတဲ့ မျိုးဗီဇများတွေ့ရှိခဲ့ပေမယ့် ၁၀ ရာခိုင်နှုန်းအောက်သာ ဖြစ်နိုင်ချေများခဲ့တာဖြစ်ပါတယ်။
APOE4 မျိုးဗီဇနဲ့ပတ်သက်မှုကလည်း ၆၀ ရာခိုင်နှုန်းလောက် ရောဂါဖြစ်နိုင်ချေများပြီး အသက်အရွယ်ကြီးလာတဲ့အခါ ရောဂါဖြစ်လာနိုင်တဲ့ ပုံစံတူ ၂ ခုရှိနေပါတယ်။
အယ်လ်ဇိုင်းမားနဲ့ပတ်သက်နေတဲ့ အခြားအနုဇီဝပရိုတိန်းတွေလည်း ရှိနိုင်ပေမယ့် ကုန်ကျစရိတ်ကြီးတာကြောင့် အနည်းငယ်ကိုသာ လေ့လာခဲ့တာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
- Category: World