#WorldNews

Published -1 Oct 2021

Facebook အနေနဲ့ သူတို့ရဲ့ app တွေကို ငယ်ရွယ်သူတွေသုံးစွဲမှုအပေါ် ပိုမိုကာကွယ်ပေးနိုင်တဲ့ အစီအစဉ်တွေ လုပ်သင့်ကြောင်း အမေရိကန်လွှတ်တော်အမတ်တွေက စက်တင်ဘာ ၃၀ အင်္ဂါနေ့မှာ ဖိအားပေးပြောဆိုလိုက်ပါတယ်။

ပေါက်ကြားလာတဲ့ အတွင်းရေးရှာဖွေတွေ့ရှိချက်အရ ဒီလူမှုကွန်ယက်မီဒီယာကြီးဟာ သူတိုရဲ့ Instagram app တွေကြောင့် ဆယ်ကျော်သက်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်လာပုံတွေကို သတိပြုမိထားပြီးဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

Instagram ကြောင့် တချို့ဆယ်ကျော်သက်မိန်းကလေးတွေဟာ သူတိုရဲ့ကိုယ်ပိုင်ပုံတွေနဲ့ ပတ်သက်ပြီး မသက်မသာခံစားနေရတာကို Facebook က ဘယ်လိုသိရှိပြီးဖြစ်ကြောင်း Wall Street ဂျာနယ်က ပြီးခဲ့တဲ့လအစောပိုင်းက ကြိမ်ဖန်များစွာ သတင်းတွေတင်ဆက်ပြီးတဲ့အခါမှာ သုံးစွဲသူကာကွယ်ရေးလွှတ်တော် ကော်မတီရှေ့မှာ ကြားနာခဲ့ရပါတယ်။

ဒီအစီအစဉ်ကို ဆန့်ကျင်သူတွေများလာပြီးနောက် Facebook က ဆယ်ကျော်သက်မတိုင်ခင် ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ Instagram Kids အစီအစဉ်ကို ဒီအပတ်မှာ စောင့်ဆိုင်းထားပါတယ်။

Facebook ရဲ့ ဘေးကင်းလုံခြုံရေး အကြီးအကဲဖြစ်တဲ့ အန်တီဂေါင်ဒေးဗီးစ်ကတော့ ကြားနားမှုမှာ ပြောခဲ့တဲ့ Wall Street ဂျာနယ်ရဲ့ တွေ့ရှိချက်အချက်အလက်တွေ ကောက်ချက်ချမှုတွေနဲ့ ကော်မတီတို့ကို ငြင်းဆိုခဲ့ပြီး သူတိုရဲ့ ရှာဖွေဖော်ထုတ်မှုတွေ ပိုပြီးသိသာလာအောင် ကုမ္ပဏီက တိုးချဲ့လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ဆိုလိုက်ပါတယ်။

“ဒီလေ့လာတွေ့ရှိမှုဟာ တကယ်ကိုအံ့အားသင့်စရာပါ။ Facebook ဟာ သူတိုရဲ့ ဝက်ဘ်ဆိုက်တွေကြောင့် ကလေးတွေ ဘေးအန္တရာယ်ဖြစ်စေတာကို သိရက်နဲ့ ဒီတွေ့ရှိချက် အကြောင်းအရာတွေကို ဖုံးကွယ်ထားတယ်ဆိုတာ သက်သေအထောက်အထား အခိုင်အမာရှိပါတယ်” လို ဒီမိုကရက်တစ်ပါတီဝင်ဖြစ်သူ လွှတ်တော်အမတ်ရစ်ချတ်ဘလူမန်သယ်က ကြားနာမှုမှာ ထောက်ပြလိုက်ပါတယ်။

အသက် ၁၃ နှစ်အောက်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို Facebook က ဘယ်လောက်အထိ ယူသုံးထားကြောင်းနဲ့ ငယ်ရွယ်သူတွေကို ဈေးကွက်ချဲ့ထွင်ရေးအဖြစ် ကုမ္ပဏီကအသုံးချနေကြောင်း၊ Instagram ကြောင့် အချို့ကလေးတွေ ကိုယ့်ကိုယ်ကိုသတ်သေမှုအထိ ဖြစ်နေတာကို ကုမ္ပဏီက သိလား မသိလား ဆိုတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေအများအပြားအပေါ် လွှတ်တော်အမတ်တွေက ဒေးဗီးစ်ကို ဖိအားပေးမေးခွန်းထုတ်လိုက်ပါတယ်။

အသက် ၁၃နှစ်အောက် ကလေးတွေကို Facebook အသုံးပြုခွင့်မပေးကြောင်း ဒေးဗီးစ်က ထပ်တလဲလဲပြောဆိုပြီး ကုမ္ပဏီရဲ့ တွေ့ရှိချက်အရ Instagram ကြောင့် ဆယ်ကျော်သက်တွေ ကိုယ့်ကိုယ်ကိုသတ်သေမှုဖြစ်စေတာဟာ ၀.၅ ရာခိုင်နှုန်းသာရှိပြီး ဂျာနယ်မှာဖော်ပြထားတာထက် နည်းပါးကြောင်း ထည့်သွင်းပြောဆိုသွားပါတယ်။

“ခင်ဗျားတို့အတွက် အကျိုးဖြစ်မယ့် အကောင်းဆုံးအရာတွေကိုပဲ ရွေးထုတ်ပြောသွားတာပဲ” လို့ တက္ကဆက်မှ သမ္မတနိုင်ငံတော်လိုလားသူ လွှတ်တော်အမတ်တက်ဒ်ခရုဇ်က ပြောကြားလိုက်ပြီး Instagram သုံးစွဲမှုနဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှု ပတ်သက်နေမှုအပေါ် Facebook ရဲ့ တွေ့ရှိချက်အပြည့်အစုံကို ဖော်ပြစေလိုကြောင်း ဆိုပါတယ်။

ဒုတိယအကြိမ်ကြားနာမှုကို အင်္ဂါနေ့မှာ ပြုလုပ်ဖို့ရှိပြီး Facebook ရဲ့ အတွင်းရေးကိုပြောပြမယ့်သူတစ်ဦး ပါဝင်လာမှာ ဖြစ်ပါတယ်။

ထိုအတွင်းရေးပြောမယ့်သူတင်ဆက်မယ့် အချက်အလက်တွေနဲ့ ပတ်သက်ပြီး Facebook က ဘာမှတုံပြန်သွားမှာမဟုတ်ကြောင်း ဒေးဗီးစ်က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

Source REUTERS