Published 2 Oct 2022

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဘောလုံးပွဲတစ်ပွဲတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး လူအုပ်လိုက်ပြုံတိုးသဖြင့် အနည်းဆုံးလူ ၁၂၀ကျော် သေဆုံးခဲ့ရပြီးနောက်  ဘောလုံးပြိုင်ပွဲများရဲ့ အန္တရာယ်ကင်းရှင်းရေးကို အာဏာပိုင်တွေက ပြန်လည် ချင့်တွက်သွားမယ်လို့ အင်ဒိုနီးရှား  အားကစားဝန်ကြီး ဇိန်နူဒင် အာမာလီက ပြောကြားလိုက်ပါတယ်။

တနင်္ဂနွေမနက်ရရှိတဲ့နောက်ဆုံးသတင်းတွေအရ သေဆုံးသူအရေအတွက်ဟာ ၁၂၉ အထိရှိသွားပြီလို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရသူက ပြောပါတယ်။

အရှေ့ဂျာဗားပြည်နယ်ရဲချုပ် နီကို အဖင်တာက ကနဦးမှာ ၁၂၇ ဦးသေဆုံးပြီး ၁၈၀ ဦးဒဏ်ရာရတယ်လို့ ပြောခဲ့ပါတယ်။

ရှုံးသွားတဲ့အသင်းဖက်က အားပေးသူတွေဟာ ဘောလုံးကွင်းထဲကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနှင့် ပစ်ခတ်ခဲ့ရာမှာ လူတွေ အစုလိုက်အပြုံလိုက်ကြောက်ရွံ့ပြေးလွှားခဲ့ကြပါတယ်။ အဲဒီနောက် မွန်းကြပ်ပြီး သေဆုံးခဲ့ကြတယ်လို့ ရဲချုပ်ကဆက်ပြောပါတယ်။

ကနဦးသေဆုံးသူ ၁၂၇ ဦးထဲမှာ နှစ်ဦးဟာ ရဲအရာရှိတွေဖြစ်တယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။

“ ဘောလုံးကွင်းထဲမှာ ၃၄ ဦးသေဆုံးပြီး ကျန်သူတွေကတော့‌ ဆေးရုံ မှာသေဆုံးကြတာပါ” လို့သူကပြောပါတယ်။

စနေနေ့က မာလန်ရီဂန်ဆီမှာရှိတဲ့ ကာနီဓျူရူဟန်ကစားကွင်းမှာကျင်းပတဲ့ အာရီမာအက်ဖ်ဆီအသင်းနှင့် ပါဆီဘာရာ ဆူရာဘာရာအသင်းတို့ရဲ့ ဘောလုံးပြိုင်ပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်မှုအပြီး အင်ဒိုနီးရှားရဲ့ထပ်တန်း လိဒ်ဘောလုံးပွဲ BRI Liga 1 ကို တစ်ပတ်ကြာရပ်နားလိုက်ပါတယ်။

သေဆုံးထိခိုက်ဒဏ်ရာရမှုတွေနှင့် ဘောလုံးကွင်ပတ်ပတ်လည် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ လိဒ်ရဲ့ သတင်းထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ဘောလုံးပွဲအပြီးမှာ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေစတင်မယ်လို့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။  ဘောလုံးအဖွဲ့ချုပ်နှင့် BRI Liga 1 နှစ်ဖွဲ့လုံးက သေဆုံးသူအရေအတွက်ကို အတည်ပြုပြောကြားခြင်းမရှိပါဘူး။

ပွဲမှာ ပါဆီဘာရာက သုံးဂိုးနှစ်ဂိုးနှင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရုပ်သံကြည့်ရန်...https://t.me/yangonmediagroup/12492

 

Source Agencies

#Indonesia

#Football_Match_riot_ BRI-Liga-1

#Soccer_stampede