Published 2 Oct 2022

အိန္ဒိယနိုင်ငံ ချာတီစကားပြည်နယ်က တူဆီလို့ခေါ်တဲ့ရွာငယ်ကလေးဟာ ယခု ယူကျုရွာYouTube Villageလို့ လူသိများနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ရွာလုံးရဲ့ သုံးပုံတစ်ပုံဟာ ယူကျဗွီဒီယိုတွေလုပ်ပြီး ပိုက်ဆံရှာနေကြလို့ဖြစ်ပါတယ်တဲ့။

အွန်လိုင်းဗွီဒီယိုတွေဟာ အခုလောက် လူကြိုက်များတာမျိုး ယခင်မရှိသေးပါဘူး။ တစ်ကမ္ဘာလုံးက သန်းပေါင်းများစွာသော လူတွေဟာ ဗွီဒီယိုဖန်တီးသူတွေအဖြစ် ရပ်တည်နိုင်အောင် အပင်ပန်းခံကြိုးစားနေကြပါတယ်။ ယူကျုသမားတွေဖြစ်အောင် ဘယ်လောက်ပဲ အာရုံစိုက်လုပ်ဆောင်နေကြပေမယ့် တူဆီရွာကိုတော့ မီကြမှာမဟုတ်ပါဘူး။  တူဆီရွာဟာ ချာတီစကားပြည်နယ်က ကျေးရွာဇနပုဒ်ကလေးသာဖြစ်ပါတယ်။ 

ရွာလူဦးရေ ၃၀၀၀ ခန့်ရဲ့ သုံးပုံတစ်ပုံဟာ ဝင်ငွေရအောင်  ဗွီဒီယိုတွေသက်ဝင်လှုပ်ရှားရိုက်ကူးနေကြပြီး ယူကျကိုတင်နေကြပါတယ်။ အဲဒီသုံးပုံတစ်ပုံတည်းမှာ အတော်များများဟာ လယ်သမားတွေပါ။  ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တွေက ယူကျုမှာ ဗွီဒီယိုတင်တဲ့အတွက် ဝင်ငွေတွေ နှစ်ဆ ဒါမှမဟုတ် သုံးဆခန့်တိုးလာတာကို ကြားလိုက်ရပြီးနောက် ကျန်သူတွေကလည်း ယူကျုနှင့်စီးပွားရှာဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ယူကျုရွာရဲ့ အစကတော့ သူငယ်ချင်းနှစ်ယောက်နှင့်ပါ။ ဂျန်ဒရာရှုကလာနှင့် ဂျေး ဗာမာဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ သူတို့ရဲ့ နက်ဝတ်ဒ် အင်ဂျင်နီယာနှင့် ကျောင်းဆရာ အလုပ်ကထွက်ပြီး ဗွီဒီယိုတွေ စဖန်တီးခဲ့ကြပါတယ်။ သိပ်မကြာပါဘူး။ သူတို့ဟာ သူတို့ရဲ့ဗွီဒီယိုတွေကနေ ပိုက်ဆံတွေစတင်ရရှိခဲ့ကြပါတယ်။ သူတို့ရဲ့ အောင်မြင်မှုသတင်းဟာ တစ်ရွာလုံးကို ပျံ့နှံ့သွားပါတော့တယ်။  အဲဒီအခါ အခြားသူတွေကလည်း သူတို့ခြေရာနောက် လိုက်ပါလာကြပါတော့တယ်။

“အရင်က ကျွန်တော် အက်စ်ဘီအိုင်မှာ နက်ဝတ်အင်ဂျင်နီယာတစ်ဦးအဖြစ်အလုပ်လုပ်ခဲ့ပါတယ်။  ကျွန်တော့်ရုံးမှာက မြန်နှုန်းမြင့် အင်တာနက်ရှိတော့ အဲဒီမှာ ကျွန်တော်ဟာ ယူကျုဗွီဒီယိုတွေအမြဲကြည့်ဖြစ်ခဲ့ပါတယ်” လို့ ရှူကာက အေ အင်န်အိုင် သတင်းအေဂျင်စီကိုပြောပါတယ်။

“ကျွန်တော်က ရုပ်ရှင်တွေသိပ်ကြိုက်ခဲ့တာ။ ၂၀၁၁-၁၂ မှာ ယူကျု ဗားရှင်းအသစ်လွှင့်ပါတယ်။ အဲဒီတုန်းက ယူကျုမှာ ချယ်နယ်လ်နည်းနည်းလေးပဲရှိပါသေးတယ်။ ကျွန်တော်ဟာ မနက်၉နာရီ ညနေငါးနာရီ ကျွန်တော့်အလုပ်ကြီးကို မကျေနပ်ဘူး။ အဲဒါကြောင့် အလုပ်ကထွက်ခဲ့တယ်။ပြီးတော့ ယူကျုလုပ်ခဲ့တယ်” လို့ သူကဆက်ပြောပါတယ်။

တစ်ရွာလုံးရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ အခု ယူကျု၊ တစ်တော့နှင့်အင်စတာဂရမ်တို့ လို ပလက်ဖောင်းတွေအတွက် ဗွီဒီယိုတွေလုပ်နေကြပါတယ်။  အငယ်ဆုံး အသက်၁၅နှစ်ကနေ အသက်အကြီးဆုံး ၈၅နှစ်အရွယ်ဖွားဖွားကြီးအထိ ပါဝင်ကြပါတယ်။တူဆီရွာမှာ လုပ်တဲ့ အဓိက ဗွီဒီယိုချယ်နယ်တွေက လေးဆယ်နှင့်အထက်ရှိပါတယ်။ ဟာသကနေ တေးသီချင်း၊ပညာရေးနှင့် ကိုယ်တိုင်လုပ်ကြည့် DIY တွေအထိအမျိုးမျိုးပါဝင်ပါတယ်။ လူကြိုက်အများဆုံးချယ်နယ်လ်ဟာ ယူကျုတစ်ခုတည်းတင် စာရင်းသွင်းကြည့်ရှုသူပေါင်း တစ်သိန်းကျော်နေပါသတဲ့။  အဲသလိုဆိုတော့ ယူကျုရွာလို့အမည်ပေးကြတာ မလွန်ကြောင်းပါ။

Source: India-Times

#YouTube_Village

#India

#Tulsi_Chhattisgarh