Published 30 Sept 2022

ဟာရီကိန်းအိုင်ယန်ဟာ မြို့တွေကို ရေတွေလွှမ်းမိုးသွားပြီး သန်းပေါင်းများစွာသော ဒေသခံတွေ လျှပ်စစ်မီးပြတ်တောက်မှု နှင့်ကြုံနေရပါတယ်၊ ရွှေ့ပြောင်းသူတွေဟာ သူတို့စီးလာတဲ့  လှေတစ်စီး မှောက်ပြီး ပျောက်ဆုံးနေပါတယ်။  ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒါဟာ နှစ်ပေါင်း ၅၀၀ တစ်ခါကြု့ရတဲ့ အဖြစ်အပျက်လို့ဆိုပြီး ပျက်စီးဆုံးရှုံးမှုတွေကို တွက်ချက်နေပါတယ်။

နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးမုန်တိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ဒီမုန်တိုင်း တိုက်ခတ်ပြီးနောက် အရာရှိတွေဟာ ကြီးမားတဲ့ အရေးပေါ်ကယ်ဆယ်တုန့်ပြန်ရေးတွေလုပ်ခဲ့ကြပါတယ်။ သူတို့ဟာ ရေလွှမ်းမိုးခံခဲ့ရတဲ့ ကျွန်းတွေ၊ ကမ်းခြေမျက်နှာမူမြို့တွေနှင့် အခြားဒေသတွေကနေ လူတွေကို ကူညီကယ်ထုတ်ပေးနေပါတယ်။

အသက်ရှုမှားလောက်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ကနဦးကြည့်ပြီးနောက် ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ရွန်ဒီစန်တစ်က  ကမ်းခြေမြို့တွေဖြစ်တဲ့ ဖို့တ် မိုင်ယာနှင့် ကပ်လျက်မြို့ ကိတ်ကောရယ်လ်တို့ဟာ မုန်တိုင်းကြောင့် တကယ့်ကို အကြီးအကျယ်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

 ဟာရီကိန်းကြောင့်ဖြစ်နိုင်ဖွယ်ရှိတဲ့ သေဆုံးသူ နှစ်ဦးရှိတာကို အတည်ပြုနိုင်တယ်လို့ သူကပြောပါတယ်။

ကြာသပတေးနေ့ကတော့ အမျိုးသားဟာရီကိန်း စင်တာက အိုင်ယန်ကို  အပူပိုင်းမုန်တိုင်းတစ်ခု အဖြစ် အဆင့်လျှော့ချပေးခဲ့ပါတယ်။ ဒါပေမယ့် ဆက်လက်ပြီး ရုတ်တရက်ရေလွှမ်းမိုးတာတွေရှိခဲ့ပြီး နောက်ထပ် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ရေလွှမ်းမိုးမှု၊ပင်လယ်ဒီရေတက်မှုနှင့် လေပြင်းထန်မှုတွေ  ဖလော်ရီဒါ အလယ်ပိုင်းနှင့် အရှေ့ပိုင်း၊ ဂျော်ဂျီယာနှင့် တောင်ကာရိုးလိုင်းနားမှာ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဟာရီကိန်းတိုက်ခတ်စဉ်အတွင်း ရွှေ့ပြောင်းလာသူတွေကို သယ်ဆောင်လာတဲ့ သင်္ဘောတစ်စီး ပင်လယ်ထဲမှာ နစ်မြုပ်ခဲ့လို့ လူ၂၀ ပျောက်ဆုံးနေတယ်လို့ အမေရိကန် နယ်ခြားစောင့်ပတ္တရောင်က ပြောပါတယ်။  ကျူးဘားလေးဦးဟာ  ဖလော်ရီဒါက ကျွန်းကြီးတွေဆီ ကူးခတ်လာခဲ့ကြပြီး ကမ်းခြေစောင့်တပ်က အခြားသုံးဦးကို ကယ်တင်ပေးလိုက်ကြပါတယ်။

အိုင်ယန်ရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကို  ဖလော်ရီဒါရဲ့ အနောက်ဘက်ကမ်းခြေတစ်လျောက်မှာတော့ သာဓက အများဆုံးကျန်ခဲ့ပါတယ်။ အဲဒီအထဲမှာ ပန်တာဂေါ်ဒါဆိုရင် မုန်တိုင်းကြောင့် အားလုံး မှောင်အတိကျသွားခဲ့ရတာပါ။

ထူးကဲစွာတိုက်ခဲ့တဲ့လေ‌ကြောင့် သစ်ပင်တွေပြိုလဲကျတာတွေ အမြစ်ကနေ ကျွတ်ထွက်သွာတာတွေနှင့်အတူ တစ်မြို့လုံး အပျက်အစီးပုံကြီးဖြစ်ပြီးကျန်ခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က ဖလော်ရီဒါဟာ ကြီးမားတဲ့ ဘေးဒုက္ခကျရောက်ကြောင်း ကြေညာခဲ့ပါတယ်။ မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဖက်ဒရယ်ရန်ပုံငွေကို ထုတ်သုံးနေပါတယ်။ ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ရွန်ဒီစန်တစ်က  ဖလော်ရီဒါရဲ့ နေရာအများစုဟာ ခြိမ်းခြောက်မှုအောက်မှာရှိနေတုန်းပဲလို့ သတိပေးလိုက်ပါတယ်။

ရေတွေကမြင့်တက်ပြီး မုန်တိုင်းဖြတ်နေလို့ ဒီနေ့အထိဆက်ရှိနေဦးမယ်လို့လည်း သူကပြောပါတယ်။

အမျိုးသား အစောင့်တပ်က အင်အား ၅၀၀၀ခန့်ကို ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ဖလော်ရီဒါကိုလွှတ်ထားပါတယ်။

 မနှစ်က အမေရိကန်ပြည်ထောင်စုမှာ ဟာရီကိန်းမုန်တိုင်း လေးကြိမ် ကျရောက်ခဲ့ပြီး စုစုပေါင်း ရာသီဥတုဆိုင်ရာ ဘေးဆိုး အကြိမ် ၂၀ကြုံတွေ့ခဲ့ရပါတယ်။ ယင်းဖြစ်ရပ်တွေကြောင့်  အမေရိကန်ပြည်ထောင်စုအတွက် ဒေါ်လာ တစ်ဘီလျံနှင့်အထက် ဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။

Source AFP

#Hurricane_Ian

#US_Hurricane

# Florida