#World_News
Published 30 September 2022

 

ဂျာမနီသို့ပေးလွှတ်တဲ့ ရုရှားဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်ပြီး ဘော်လ်တစ်ပင်လယ်ထဲ စိမ့်ထွက်နေရခြင်းဟာ နိုင်ငံတစ်နိုင်ငံက ပါဝင်ပတ်သက်နေတဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့်ဖြစ်ကြောင်း ရုရှားက ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

 

ဒီဖြစ်ရပ်ကြောင့် ယူကရိန်းပဋိပက္ခ အခြေအနေပြောင်းလဲသွားနိုင်တယ်လို့ အီးယူအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

Gazprom ကုမ္ပဏီပိုင် နော့်ဒ်စထရင်းမ်ပိုက်လိုင်း ၁ နဲ့ ၂ ယိုစိမ့်မှုဖြစ်ရခြင်းအကြောင်းကို ဥရောပသမဂ္ဂက စုံစမ်းစစ်ဆေးလျက်ရှိပြီး ဒိန်းမတ်နဲ့ ဆွီဒင်ကမ်းရိုးတန်းများမှာ ထိခိုက်မိတာဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။

 

ယိုစိမ့်မှုစဖြစ်ပြီး ၄ ရက်ကြာတဲ့အထိ ပိုက်လိုင်းတိုက်ခိုက်ခံရတာ ဘယ်သူ့လက်ချက်လဲဆိုတာ သေချာမသိကြသေးပါဘူး။

 

ရုရှားနဲ့ ဥရောပမိတ်ဖက်များက ဒေါ်လာဘီလီယံအကုန်အကျခံပြီး ပိုက်လိုင်းတွေကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

 

"ဒီလုပ်ရပ်က နိုင်ငံအဆင့်ပါဝင်လာတဲ့ အကြမ်းဖက်လုပ်ရပ် ဖြစ်နိုင်ပါတယ်၊ နိုင်ငံတစ်ခုခုရဲ့ ပတ်သက်မှုမပါဘဲနဲ့ ဒီလိုအကြမ်းဖက်လုပ်ရပ်မျိုး ပြုလုပ်ဖို့မဖြစ်နိုင်ပါဘူး" လို့ ရုရှားပြောရေးဆိုခွင့်ရှိသူ'ဒီမစ်ထရီပက်စ်ကော့ဗ်'က ပြောသွားပါတယ်။

 

ဒီဖြစ်ရပ်မှာ အမေရိကန်က အကျိုးရသွားမှာဖြစ်ကာ အနောက်နိုင်ငံတာဝန်ရှိကြောင်း ရုရှားကဆိုပါတယ်။

 

ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်တဲ့ နယ်ပယ်က အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ ထိန်းချုပ်မှုအောက်ရှိနေတာဖြစ်တယ်လို ရုရှားက ပြောဖူးပါတယ်။

 

ရုရှားပိုက်လိုင်းတွေ အသုံးပြုလို့မရရင် အမေရိကန်က သူတို့ရဲ့ LNG သဘာဝဓာတ်ငွေ့တွေ ရောင်းချရမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'မာရီယာဇာခါရိုဗာ'က သတင်းရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

 

ဒါပေမဲ့ U.S သတင်းဌာန CNN မှတင်ပြရာမှာတော့ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်တဲ့နေရာနဲ့ မဝေးလှတဲ့နေရာမှာ ရုရှားစစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကို တွေ့မြင်ခဲ့ရတယ်လို့ သိရှိရပါတယ်။

 

CNN တင်ပြချက်ကို 'ပက်စ်ကော့ဗ်'က တုံ့ပြန်ဖြေကြားရာမှာ ထိုဒေသတဝိုက်မှာ နေတိုး(NATO) စစ်အင်အားအများအပြားရှိနေကြောင်း ဆိုပါတယ်။

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က ဖေဖော်ဝါရီလတုန်းက ပြောကြားထားတဲ့စကားမှာ "ရုရှားက ယူကရိန်းကို ကျူးကျော်ရင် နော့်ဒ်စထရင်းမ်ပိုက်လိုင်း(၂) တည်ရှိတော့မှာမဟုတ်ဘူး"လို့ ဆိုခဲ့တာဖြစ်ပြီး ထိုစကားအတိုင်း အမေရိကန်အနေနဲ့ ဖြေရှင်းချက်ပေးရန် 'ဇာခါရိုဗာ'က တောင်းဆိုလိုက်ပြီး အီးယူကို စုံစမ်းစစ်ဆေးပေးရန် ပြောကြားလိုက်ပါတယ်။

 

ထိုကိစ္စနဲ့ပတ်သက်ပြီး ရုရှားရဲ့စွပ်စွဲချက်တွေကို အိမ်ဖြူတော်က ငြင်းပယ်လိုက်ပါတယ်။

 

နော့်ဒ်စထရင်းမ်ပိုက်လိုင်း(၁) ယိုစိမ့်မှုက တနင်္လာနေ့မှာ ရပ်တန့်သွားနိုင်ဖွယ်ရှိတယ်လို့ ပိုက်လိုင်းလုပ်ငန်းအဖွဲ့က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

ထိခိုက်မှုကို အသေးစိတ်မသိရသေးသရွေ့ ပြင်ဆင်လည်ပတ်မှုများအကြောင်း ကြိုတင်ခန့်မှန်းမပြောဆိုနိုင်ပါဘူး။

 

အနောက်နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် နော့်ဒ်စထရင်းမ်ပိုက်လိုင်း(၁)မှ ဓာတ်ငွေ့လွှတ်ခြင်းကို ရုရှားကရပ်တန့်ထားပါတယ်။

 

ယိုစိမ့်မှုဖြစ်ကတည်းက ပိုက်လိုင်း ၂ ခုစလုံးဟာ ဥရောပကို ဓာတ်ငွေ့ပေးလွှတ်ခြင်းမရှိပေမယ့် ပိုက်လိုင်းထဲမှာတော့ ဓာတ်ငွေ့တွေရှိနေပါတယ်။

 

Source: Reuters
#Yangon_Media_Group