ပုံစာ- ဟေတီနိုင်ငံတွင်း အကြမ်းဖက်မှု ဖြစ်စဉ်တစ်ခုကို မြင်တွေ့ရစဉ်

Published 27 Sept 2022

ဟေတီနိုင်ငံအတွင်း အကျပ်အတည်းများ မြင့်တက်လာပြီးနောက် ထောင်နဲ့ချီတဲ့ ဟေတီနိုင်ငံသားများဟာ ဝန်ကြီးချုပ် အေရီရယ်လ် ဟင်နရီကို ရာထူးမှနုတ်ထွက်ပေးဖို့ လမ်းမများပေါ်ထွက်ကာ ဒေါသတကြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လက ဟေတီသမ္မတ ဂျိုဗီနယ် မွိုက်စ် လုပ်ကြံခံရပြီးနောက် ဟေတီနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုများ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

ဟေတီသမ္မတ ဂျိုဗီနယ် မွိုက်စ် လုပ်ကြံခံရပြီးနောက် အမေရိကန်ပြည်ထောင်စုဟာ လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ဟင်နရီကို ခန့်အပ်ခဲ့ပါတယ်။ဟင်နရီ ဟေတီဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက် အကျပ်အတည်းများဟာ ပိုမိုဆိုးရွားလာခဲ့ပြီး လွန်ခဲ့တဲ့လများကလည်း နိုင်ငံအတွင်း အုပ်စုဖွဲ့အကြမ်းဖက်မှုများနဲ့ ပြန်ပေးဆွဲမှုများ မြင့်တက်လာခဲ့ပါတယ်။

ဟေတီနိုင်ငံရေးအတွင်း အမေရိကန်ပါဝင်မှုဟာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီး၊ ၁၈၀၀ ပြည့်နှစ်များ အစောပိုင်းကတည်းက ပြင်သစ်မူဝါဒနဲ့ပတ်သက်ပြီး ဟေတီနိုင်ငံရေးကို အမေရိကန်က ဝင်ရောက်စွက်ဖက်ခဲ့တာဖြစ်ပါတယ်။ရာစုနှစ်တစ်ခုကြာပြီးနောက် ၁၉၁၅ ခုနှစ်မှာတော့ သမ္မတများအပေါ် လုပ်ကြံသတ်ဖြတ်မှုများနဲ့ အာဏာသိမ်းမှုများ ဆက်တိုက်ဖြစ်ပွားနေတဲ့ ဟေတီနိုင်ငံကို အမေရိကန်တပ်များက ကျူးကျော်သိမ်းပိုက်ခဲ့ပြီး အနှစ် ၂၀ နီးပါး ထိန်းချုပ်ထားခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်အရောက်မှာတော့ ဟေတီနိုင်ငံကို ထိန်းချုပ်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန်အတွက် အမေရိကန် မရိန်းတပ်သားများဟာ ဟေတီကိုရောက်ရှိလာခဲ့ပြီး ခြောက်လကြာ တပ်စွဲနေထိုင်ခဲ့ပါတယ်။

ဟေတီနိုင်ငံရေးကို အမေရိကန်ပြည်ထောင်စုမှ ရာစုနှစ် နှစ်ခုကျော် ဝင်ရောက်စွက်ဖက်ခဲ့ပြီးနောက် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများဟာ ပိုမိုကောင်းမွန်လာခြင်းမရှိဘဲ လက်ရှိအချိန်ထိတိုင် ဆိုးရွားလျက်ရှိနေတာကို မြင်တွေ့ရပါတယ်။ထို့အပြင် လက်ရှိ အမေရိကန်ရဲ့ သမ္မတ ဘိုင်ဒန် အစိုးရဟာလည်း ဟေတီရဲ့ နိုင်ငံရေးတည်ငြိမ်ရေးအတွက် နိုင်ငံရေးအရင်းအနှီးများကို များစွာအသုံးမချခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

လက်ရှိအချိန်မှာ ဟေတီနိုင်ငံအတွင်း အကျပ်အတည်းများ ပိုမိုဆိုးရွားလာမှုကြောင့် ပြည်သူထောင်ချီဟာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ပြီး ဝန်ကြီးချုပ် ဟင်နရီကို ရာထူးကဆင်းပေးဖို့ တောင်းဆိုနေပေမယ့်လည်း အမေရိကန်ရဲ့ ဘိုင်ဒန် အစိုးရကတော့ ဟေတီဝန်ကြီးချုပ် ဟင်နရီအပေါ် တစိုက်မတ်မတ် ထောက်ခံပေးလျက်ရှိနေပါတယ်။

ဟေတီနိုင်ငံအတွင်း ဓာတ်ဆီနဲ့ ဒီဇယ်ကဲ့သို့ လောင်စာဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီးနောက် ဆန္ဒပြသူထောင်ပေါင်းများစွာဟာ ‌ဒေါသတကြီးဖြစ်ခဲ့ပြီး အတားအဆီးများကို မီးရှို့ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ လီယွန်နယ် ဂျင်း-ပီရီက "မိသားစုတွေဟာ ဘာလုပ်ရမှန်းမသိကြတော့ဘူး" လို့ ဆိုပါတယ်။ထို့အပြင် ၎င်းအနီးရှိ ဆန္ဒပြသူလူအုပ်ကြီးကလည်း "အကယ်၍ အေရီရယ်လ်မှ နုတ်ထွက်ခြင်းမပြုပါက ၎င်းတို့သေဆုံးရမည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ ဟေတီနိုင်ငံရေးအတွင်း ရာစုနှစ် နှစ်ခုကျော်ကြာ ဝင်ရောက်စွက်ဖက်ခဲ့သလို အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ အီရတ်နဲ့ ယခုလက်ရှိ ယူကရိန်းအထိတိုင် ဝင်ရောက်စွက်ဖက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ထိုသို့ အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုဟာ အမေရိကန်ပြည်ထောင်စုအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးများသာ ရရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန် ကျဆင်းရခြင်းရဲ့ အကြောင်းတရားကတော့ အခြားနိုင်ငံများကြောင့်မဟုတ်ဘဲ ဘယ်သူမပြုမိမိအမှုကြောင့် သာဖြစ်ပါတယ်။အမေရိကန်မှာ ကြီးမားတဲ့ စီးပွားရေးကတိကဝတ်များရှိနေခဲ့သော်လည်း နောက်ဆုံးမှာ ဆိုးရွားစွာ အဆုံးသတ်ခဲ့ရပြီး၊ မအောင်မြင်တဲ့ ခေါင်းဆောင်မှုများ၊ နိုင်ငံရေးကွဲလွဲမှုများနဲ့ အမေရိကန်အပေါ် ကမ္ဘာက ယုံကြည်ကိုးစားမှု ကျဆင်းသွားခြင်းကလည်း နယ်ပယ်မျိုးစုံမှာ ဆုတ်ယုတ်မှုများကို ရင်ဆိုင်နေရပါတယ်။

ထို့အပြင် အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရပ်တည်ချက်ကို ပိုမိုထိခိုက်လာစေတာကတော့ စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံနဲ့အတူ စစ်ရေးအင်အားကြီးနိုင်ငံများဖြစ်တဲ့ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ပူးတွဲဆောင်ရွက်မှုများဖြစ်ပါတယ်။အဆိုပါလေးနိုင်ငံဟာ တရားဝင်မဟာမိတ်များ မဟုတ်ပေမယ့်လည်း အမေရိကန်ပြည်ထောင်စုကို ထိခိုက်စေမယ့် ပူးတွဲဆောင်ရွက်မှုများကို တစိုက်မတ်မတ် လုပ်ဆောင်ကြလေ့ရှိပါတယ်။

အမေရိကန်အနေနဲ့ အခြားအင်အားကြီးနိုင်ငံများနဲ့ ယှဉ်ပြိုင်နေရပေမယ့် အီရတ်နဲ့ အာဖဂန်နစ္စတန်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အမှားများကို သင်ခန်းစာမယူဘဲ နေတိုး မဟာမိတ်အဖွဲ့နဲ့အတူ ရုရှားကိုဆန့်ကျင်တဲ့ စစ်ပွဲတစ်ခုကို ဦးဆောင်ခဲ့ပါတယ်။

အမေရိကန်ကနေ မှ  အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်နေခြင်းအပေါ် အမေရိကန်ရဲ့ ပြည်သူအများစုက နှစ်လိုခြင်းမရှိဘဲ မိမိနိုင်ငံရဲ့ ပြည်တွင်းရေးကိုသာ အာရုံစိုက်ရန် လိုလားနေကြပါတယ်။လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံအတွင်း စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့အပြင် ကျား၊ မ တန်းတူညီမျှမှု၊ လူမျိုးကြီးဝါဒနဲ့ ရာသီဥတုပြောင်းလဲတို့အပေါ်လည်း အမေရိကန်ပြည်သူများက စိုးရိမ်ပူပန်လျက်ရှိနေပါတယ်။

အမေရိကန်နိုင်ငံအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာတော့ မဲဆန္ဒရှင်အများစုက အမေရိကန်ပြည်ထောင်စုဟာ မှားယွင်းတဲ့လမ်းကြောင်းမှာပေါ်မှာရှိနေကြောင်း ရှုမြင်နေကြပါတယ်။အဆိုပါရှုမြင်မှုဟာ သမ္မတ ဘိုင်ဒန် အစိုးရအတွက်တော့ သတင်းဆိုးတစ်ခုဖြစ်လာခဲ့ပါတယ်။

အမေရိကန်ရဲ့ ခေတ်အဆက်ဆက် စွက်ဖက်မှုကြောင့် အကျပ်အတည်းများကြုံတွေ့နေရတဲ့ ဟေတီနိုင်ငံအတွက် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ဟေတီဝန်ကြီးချုပ်အပေါ် ထောက်ခံမှုများရပ်တန့်ရန် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်ကို တောင်း‌ဆိုလိုက်ကြပါတယ်။

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဘရိုင်ယန် နီခိုးလ်စ်တို့ထံ ကြာသပတေးနေ့ကပေးပို့တဲ့ စာများအတွင်း အဖွဲ့အစည်းများက ဟေတီအခြေအနေဟာ ပိုမိုဆိုးရွားလာလျက်ရှိနေကြောင်း ဖော်ပြခဲ့ပြီး၊ တာဝန်ခံမှုလည်း ကင်းမဲ့နေကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများလည်း ကြီးထွားလာနေကြောင်း ဖော်ပြခဲ့ပါတယ်။

ဟေတီနိုင်ငံအတွင်း အကျပ်အတည်းများဟာ ပိုမိုဆိုးရွားလာလျက်ရှိနေတာကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဟေတီပြည်သူများရဲ့ တောင်းဆိုမှုတွေကို လစ်လျူရှုခဲ့ပါက ဟေတီနိုင်ငံဟာ လုံးဝပျက်စီးသွားဖွယ်ရှိနေပြီး၊ အမေရိကန်ဟာလည်း ချိနဲ့လာသည်ထက်ချိနဲ့လာပြီး အရှုံးတွေနှင့် ထပ်မံရင်ဆိုင်နိုင်ရမယ့် အခြေအနေနှင့်ကြုံရနိုင်ပါကြောင်း။

Source: ၁။https://www.aljazeera.com/news/2022/8/22/thousands-protest-in-haiti-over-insecurity-rising-costs

             ၂။https://thehill.com/latino/3647076-more-than-100-groups-call-on-biden-to-drop-support-for-haitian-prime-minister/