#World_Business
Published 27 September 2022

 

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွင်း ၂၀၂၂ စီးပွားရေးတိုးတက်မှုနှုန်းဟာ တရုတ်နိုင်ငံရဲ့အရှိန်လျော့ကျမှုကြောင့် သိသိသာသာ ယိုင်နဲ့လာမှာဖြစ်ပေမယ့် နောက်နှစ်ကျရင်တော့ စီးပွားရေးချဲ့ထွင်မှု အရှိန်မြင့်လာမှာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

တရုတ်အပါအဝင် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွင်း ၂၀၂၂ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၅ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ၃.၂ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းက ၇.၂ ရာခိုင်နှုန်းအထိ ရှိခဲ့တာဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် ငွေတိုးချေးစားရေးဘဏ်ကြီးက တင်ပြခဲ့ပါတယ်။

 

တရုတ်နိုင်ငံအတွင်း တင်းကြပ်တဲ့ ကိုဗစ်စည်းမျဉ်းများကြောင့် စက်မှုထုတ်ကုန်၊ ပြည်တွင်းရောင်းချမှုနဲ့ ပိုကုန်လုပ်ငန်းများ နှောင့်ယှက်မှုဖြစ်စေတာကြောင့် စီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာနှေးကွေးသွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်တာဖြစ်ပါတယ်။

 

နိုင်ငံ ၂၃ နိုင်ငံပါဝင်တဲ့ဒေသစီးပွားရေးအခြေအနေရဲ့ ၈၆ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကဖြစ်ပြီး ယခုနှစ်မှာ ၂.၈ ရာခိုင်နှုန်းသာ တိုးတက်ခဲ့တာကြောင့် ယခင်ခန့်မှန်းချက် ၅ ရာခိုင်နှုန်းနဲ့ယှဉ်ရင် သိသိသာသာနှောင့်နှေးနေရပါတယ်။

 

၂၀၂၁ တုန်းက တရုတ်စီးပွားရေး ၈.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဆယ်စုနှစ်အတွင်း အတိုးတက်ဆုံးနှစ်ဖြစ်ခဲ့ပါတယ်။

 

၂၀၂၃ မှာတော့ ၄.၅ ရာခိုင်နှုန်းတိုးတက်မှုရှိမယ်လို ခန့်မှန်းလိုက်ပါတယ်။

 

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်းအတွက် နိုင်ငံတွေအနေနဲ့ ပြင်ဆင်ထားဖို့အတွက်ဆိုရင် ရေရှည်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေမယ့် ပြည်တွင်းမူဝါဒလွဲမှားမှုများကို ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ်ဒုဥက္ကဌ'မန်နျူယယ်လာဖာရို'က ဖော်ပြခဲ့ပါတယ်။

 

နောက်ထပ်အန္တရာယ်တစ်ခုကတော့ ကမ္ဘာတဝှမ်းကဘဏ်တွေက ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့ကြိုးစားရာကနေ အတိုးနှုန်းမြင့်တက်လာခြင်းဖြစ်ပါတယ်။

 

အဲဒီကနေ ငွေကြေးပိုလျှံလာပြီး ငွေကြေးတန်ဖိုး ကျဆင်းလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

 

ဈေးနှုန်းများထိန်းချုပ်ရန်အတွက် ထောက်ပံ့ကြေးများအသုံးပြုခြင်းဟာ ချမ်းသာကြွယ်ဝသူများကိုသာ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီး အခြေခံအဆောက်အအုံများ၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍများမှာ အစိုးရရဲ့အသုံးစရိတ်များ ရရှိစေမှာမဟုတ်ကြောင်း ဘက်စုံကူညီရေးအေဂျင်စီက မူဝါဒချမှတ်သူများကို သတိပေးလိုက်ပါတယ်။

 

"ထောက်ပံ့ကြေးများနဲ့ ထိန်းချုပ်ခြင်းဖြင့် ကုန်ထုတ်စွမ်းအားကို ထိခိုက်စေနိုင်ပါတယ်" လို့ စီးပွားရေးပညာရှင်'အက်ဒစ်ယာမက်တူး'က ဖော်ပြခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group