#World_Health
Published 26 September 2022

 

ရုရှားလင်းနိုတွေထံမှာရှိနေတဲ့ ကိုဗစ်လိုမျိုးဗိုင်းရပ်စ်ဟာ လူသားတွေထံ ကူးစက်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးလိုက်ပါတယ်။

 

အမေရိကန်ဗိုင်းရပ်စ် ကျွမ်းကျင်ပညာရှင်တွေက Khosta-2 ခေါ့စ်တာ-၂ လို့ခေါ်တဲ့ ရောဂါပိုးအကြောင်း စမ်းသပ်လျက်ရှိရာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ထိုးထားတဲ့ကာကွယ်ဆေးတွေကို ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

 

သူက ကိုဗစ်ဗိုင်းရပ်စ်ကဲ့သို့ လူသားဆဲလ်တွေကို အလွယ်တကူချိတ်တွယ်နိုင်ပါတယ်။

 

ရုရှားအစိုးရနဲ့ဆက်နွယ်နေတဲ့ ပညာရှင်များက ခေါ့စ်တာ-၂ ဗိုင်းရပ်စ်တည်ရှိနေတယ်လို့ ပြီးခဲ့တဲ့မေလက မှတ်ချက်ပြုလိုက်ပါတယ်။

 

အဆိုပါ လင်းနို့ဗိုင်းရပ်စ်တွေကို ၂၀၂၀ မတ်လမှ အောက်တိုဘာလအတွင်း ရရှိတဲ့နမူနာတွေမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

ရုရှားကျန်းမာရေးဝန်ကြီးဌာနအခွဲဖြစ်တဲ့ ဂါမာလယ်ယာအမျိုးသားသုတေသနစင်တာမှာရှိတဲ့ သုတေသီတွေက ဆိုချီအမျိုးသားဥယျာဉ်မှာနေထိုင်တဲ့ လင်းနို့တွေကို စောင့်ကြည့်ခဲ့ကြပါတယ်။

 

မြို့အစွန်မှာရှိတဲ့ ရာပေါင်းများစွာသော လှိုဏ်ဂူတွေထဲမှာ နေထိုင်တဲ့လင်းနို့တွေဖြစ်ပါတယ်။

 

ခေါ့စ်တာ-၂ ဗိုင်းရပ်စ်ကို ကိုရိုနာဗိုင်းရပ်စ်မျိုးရိုးဖြစ်တဲ့ ဆာဘီကိုဗိုင်းရပ်စ်အမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်။

 

ဝါရှင်တန်ပြည်နယ်တက္ကသိုလ်မှ သုတေသီများက ဗိုင်းရပ်စ်ကို စမ်းသပ်မှုများပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

 

ခေါ့စ်တာ-၂ ဗိုင်းရပ်စ်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့ လူသားဆဲလ်တွေကို ကူးစက်နိုင်ကြောင်း စမ်းသပ်မှုများအရ တွေ့ရှိရပါတယ်။

 

စပိုက်ခ်ပရိုတိန်းကဲ့သို့ပင် ACE-2 ကို ဗိုင်းရပ်စ်က ချိတ်ဆက်တာဖြစ်ပါတယ်။

 

ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်လောက်တော့ ကူးစက်မှုမြန်ဆန်မှုမရှိဘူးလို သိပ္ပံပညာရှင်များက ယူဆနေကြပါတယ်။

 

ဒါ့အပြင် ထိုဗိုင်းရပ်စ်ကို ကာကွယ်ဆေး ဒါမှမဟုတ် ဆေးများဖြင့် တိုက်ဖျက်နိုင်မလား၊ လူသားတွေဆီ ကူးစက်နိုင်မလားဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။

 

Eli Lily ကထုတ်တဲ့ ပဋိပစ္စည်းဆေးတစ်မျိုးကိုတော့ ထိုဗိုင်းရပ်စ်က လုံးဝခံနိုင်ရည်ရှိနေပါတယ်။

 

ခေါ့စ်တာ-၂ ဗိုင်းရပ်စ်ဟာ မိုဒါနာနဲ့ ဖိုင်ဇာကာကွယ်ဆေးနှစ်မျိုးစလုံးကိုလည်း ခံနိုင်ရည်ရှိနေပြန်တယ်။

 

ရာနဲ့ချီတဲ့ ဆာဘီကိုဗိုင်းရပ်စ်အများစုဟာ လူတွေကိုမကူးစက်နိုင်ဘူးလို မှတ်ချက်ပြုထားပါတယ်။

 

ဒါပေမဲ့သူတို့ရဲ့တွေ့ရှိချက်အရ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နိုင်ပြီး စွယ်စုံရကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ဖို့ အရေးတကြီး လိုအပ်ကြောင်း ဖော်ပြခဲ့ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group