Published 15 Sept 2022

ကမ္ဘာကြီးဟာ ကိုဗစ်-၁၉ ကပ်ဘေးကို အဆုံးသတ်ဖို့ ယခုလို ပိုမိုကောင်းမွန်လာတဲ့ အနေအထား တစ်ခါမှ မရှိခဲ့သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒါဟာ လူခြောက်သန်းကျော်သေဆုံးခဲ့ရတဲ့ နှစ်ရှည် ကျန်းမာရေးအကျပ်အတည်းအပေါ် သူ့ရဲ့ အကောင်းအမြင်ဆုံး ရှုမြင်သုံးသပ်ချက်ဖြစ်ပါတယ်။

“ ကျွန်တော်တို့ အဲဒီနေရာတေ့ မရောက်သေးဘူး။ ဒါပေမယ့် နိဂုံးကို မြင်နေရပြီ” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဟာနွမ် ဂီဘရီယက်ဆတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကပ်ဘေးကို သုံးလကြာပြီးမှ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှာ နိုင်ငံတကာ အရေးပေါ်အခြေအနေကြေညာပြီးနောက်ပိုင်း ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စိတ်အချမ်းသာရဆုံး အကဲဖြတ်ချက်ဖြစ်ပါတယ်။

၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းမှာ တရုတ်က စတင်ဖြစ်ခဲ့တဲ့ အဲဒီဗိုင်းရပ်စ်ဟာ အခုဆို ကမ္ဘာပေါ်မှာ လူ ၆.၅သန်းနီးပါးကို သေစေခဲ့ပြီး ၆၀၆သန်းဟာ ကူးစက်ခံခဲ့ကြရပါတယ်။ ကမ္ဘာ့စီးပွားရေးကို တွန်းချခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကိုလည်း ဒုက္ခအကြီးအကျယ်ပေးခဲ့ပါတယ်။

ကာကွယ်ဆေးတွေနှင့် ကုထုံးတွေ ပေါ်လာတာဟ သေဆုံးမှုနှင့်ဆေးရုံတက်ရတာတွေကို ပိတ်ဆိုံပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ပေါ်ပေါက်ခဲ့တဲ့ အိုမီခရွန်မျိုးကွဲဟာ ရောဂါပြင်းထန်မှုလျော့နည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က တစ်ကမ္ဘာလုံး သေဆုံးတဲ့အရေအတွက်ဟာ ၂၀၂၀ မတ်လကတည်းကဆိုရင် အနိမ့်ဆုံးဖြစ်ကြောင်း ကုလအေဂျင်စီဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အစီရင်ခံထားပါတယ်။

နိုင်ငံတွေအနေနှင့် ဆက်လက်ပြီး နိုးကြားသတိရှိနေကြဖို့ သူက ဆော်ဩလိုက်ပြီး ကပ်ဘေးကို မာရသွန်ပြေးပွဲနှင့် သူက ခိုင်းနှိုင်းသွားပါတယ်။

နိုင်ငံတွေဟာ ဆေးပစ္စည်းကိရိယာတွေ နှင့် ကျန်းမာရေးလုပ်သားတွေ လုံလုံလောက်လောက် ဆက်လက်ထားရှိဖို့ လိုတယ် လို့လည်း သူကပြောပါတယ်။

“ အနာဂတ်မှာ ကူးစက်မှုလိုင်းအသစ်တွေကို မျှော်လင့်နိုင်သေးတယ်။ အိုမီခရွန်မျိုးကွဲတွေက ဒါမှမဟုတ် အခြားမျိုးကွဲတွေ ကနေ ဖြစ်လာနိုင်သေးတယ်” လို့တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးတန်းကပ်ဘေးပညာရှင် မာရီယာဗန် ကာကော့က ပြောပါတယ်။

ဒီနှစ်တစ်နှစ်တည်းမှာ လူတစ်သန်းသေဆုံးခဲ့ရတဲ့အတွက် ကပ်ဘေးဟာ ကမ္ဘာ့တစ်ခုလုံးအလိုက် ဒါမှမဟုတ် အချို့သော နိုင်ငံတွေအတွင်းမှာ  အရေးကြီးကျန်းမာရေး အခြေအနေဆက်ရှိ‌နေပါတယ်။

“ အိုမီခရွန် BA.4 နှင့် BA.5တို့ကြောင့်  ကိုဗစ်-၁၉ဟာ နွေရာသီလှိုင်းတစ်ခုဖြစ်ခဲ့တယ်။ ဘာကိုပြသလဲဆိုရင် ရောဂါကပ်ဘေးဟာ မပြီးဆုံးသေးဘဲ ဥရောပနှင့် ဥရောပကိုကျော်လွန်ပြီး ဗိုင်းရပ်စ်ဟာ လှည့်လည်နေတုန်းပဲ” လို့ ဥရောပ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

လာမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင်အစည်းအဝေးမှာ အောက်တိုဘာမှ သက်တမ်းကုန်မယ့် အများပြည်သူကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေဟာ ဆက်လက်ရှိနေတုန်းပဲလားဆိုတာကို ဆုံးဖြတ်ကြမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

Source: AFP

#Tedros_Adhanom_Ghebreyesus

#Covid_19

#WHO