#World_Military
Published 10 September 2022

 

မြောက်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအသစ်မှာ မိမိကိုယ်ကိုကာကွယ်ရန်အတွက် နျူကလီးယားကာကွယ်တိုက်ခိုက်မှုများကို အသုံးပြုခွင့် တရားဝင်ပြဌာန်းလိုက်ပါတယ်။

 

ခေါင်းဆောင်'ကင်မ်ဂျုံအန်း'က အခုချမှတ်လိုက်တဲ့ နျူကလီးယားသတ်မှတ်ချက်ကို ပြန်လည်ပြင်ဆင်ခြင်းမရှိစေရန်နဲ့ နျူကလီးယားလက်နက်ပယ်ဖျက်ရေး ဆွေးနွေးပွဲများ တားဆီးသွားရန် ကြေညာလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့မှာ ဖော်ပြလိုက်ပါတယ်။

 

ကုလသမဂ္ဂက မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ်နဲ့ပတ်သက်ပြီး နှစ်ရှည်လများ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားပါတယ်။

 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြောက်ကိုရီးယားဥပဒေအသစ်ကို အလွန်စိုးရိမ်မိပြီး နျူကလီးယားပယ်ဖျက်ရေးဆွေးနွေးပွဲများ ပြန်လည်တက်ရောက်ဖို့ မြောက်ကိုရီးယားကို အကြိမ်ကြိမ်တောင်းဆိုထားပါတယ်။

 

အမေရိကန်ကလည်း မြောက်ကိုရီးယားကို ရန်လိုတဲ့သဘောမရှိဘဲ ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အသိပေးလိုက်ပါတယ်။

 

၂၀၁၈ ခုနှစ်တုန်းက အမေရိကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'နဲ့ အခြားခေါင်းဆောင်များ သမိုင်းဝင်ထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့ရာ 'ကင်မ်ဂျုံအန်း'ကို နျူကလီးယားလက်နက်ချအောင် မဖြောင်းဖျနိုင်ခဲ့ဘဲ မြောက်ကိုရီးယားက ၂၀၁၇ နောက်ပိုင်း နျူကလီးယားစမ်းသပ်မှုများ ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်လာဟန်ရှိကြောင်း စောင့်ကြည့်သူများက သုံးသပ်ထားပါတယ်။

 

မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်ပါလီမန်က ၂၀၁၃ ခုနှစ် ဥပဒေအစား နိုင်ငံရဲ့ နျူကလီးယားသတ်မှတ်ချက်ကို ဦးစားပေးဖော်ပြထားတဲ့ ဥပဒေအသစ်ကို ကြာသပတေးနေ့က အတည်ပြုလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 

"နျူကလီးယားလက်နက်မူဝါဒကို ပြဌာန်းလိုက်တာဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတာမျိုးတွေ မပြုလုပ်နိုင်အောင် စည်းတားလိုက်တဲ့သဘောဖြစ်ပါတယ်၊ ဒီလိုလုပ်လို့ ဒီတိုင်းပြည်ကို နှစ် ၁၀၀ လောက်ဒဏ်ခတ်ပိတ်ဆို့ထားရင်တောင် လက်နက်တွေဖျက်သိမ်းမှာမဟုတ်ပါဘူး" လို့ 'ကင်မ်ဂျုံအန်း'ကဆိုပါတယ်။

 

မြောက်ကိုရီးယားခေါင်းဆောင် ဒါမှမဟုတ် တိုင်းပြည်နဲ့လူမျိုး အခြိမ်းခြောက်ခံလာရတဲ့အခြေအနေနဲ့ စစ်ပွဲဖြစ်လာခဲ့ရင် အသာရအောင် ပြုလုပ်မယ့်အခြေအနေတွေမှာ နျူကလီးယားလက်နက် အသုံးပြုလာဖွယ်ရှိနေပါတယ်။

 

အိမ်ဖြူတော်သတင်းထောက်'ကာရင်ဂျင်ပီယာရီ'က "ကင်မ်ဂျုံအန်းနဲ့ မြောက်ကိုရီးယားအရာရှိတွေကို ပြောပြချင်တာက ကျွန်မတို့က သံတမန်ရေးအရ ဆက်လက်ဆွေးနွေးဖို့ပဲ အလိုရှိပါတယ်၊ ဒါပေမဲ့ သူတို့က ဘာမှမတုံ့ပြန်လာပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

 

"မြောက်ကိုရီးယားက ခြိမ်းခြောက်လာတဲ့ပြဿနာတွေကို ဖြေရှင်းဖို မဟာမိတ်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပါ"

 

မြောက်ကိုရီးယားလွှတ်တော်အစည်းအဝေးမှ လက်ထောက်တစ်ဦးက ဒီဥပဒေဟာ မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင်တိုင်းပြည်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်စေနိုင်မှာဖြစ်ပြီး နျူကလီးယားပေါ်လစီနဲ့ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာမှု၊ တိကျပြတ်သားမှုရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

 

နျူကလီးယားလက်နက်အသုံးပြုသင့်တဲ့ အခြေအနေတွေက အလွန်ရှားပါးပြီးတော့ မြောက်ကိုရီးယားအနေနဲ့ ဒီအခြေအနေတွေကို ဘယ်လောက်အထိ ကန့်သတ်တိုင်းတာမှာလဲဆိုတဲ့အကြောင်း ပစိဖိတ်ဖိုရမ်မှ ဒေသတွင်းညွှန်ကြားရေးမှူး'ရော့ဘ်ယော့ခ်'က မေးခွန်းထုတ်ထားပါတယ်။

 

Source: Reuters
#Yangon_Media_Group