Published 11 Sept 2022

အွန်လိုင်းနှင့် metaverse မက်တာဗတ်စ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ နက်ဒရက်ဂွန် ဝက်ဗ်ဆော့ဖ် NetDragon Websoft က သူတို့ဟာ ဉာဏ်ရည်တု(AI) နှင့်မောင်းနှင်တဲ့ လူသားသဏ္ဍန်စက်ရုပ်တစ်ခုကို ကုမ္ပဏီရဲ့ စီအီးအိုအဖြစ်ခန့်အပ်လိုက်ပါတယ်။

အဲဒီ မစ္စတန်ယုလို့ အမည်ပေးထားပြီး အဲဒီတရုတ်ကုမ္ပဏီအတွင်း ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အထောက်အကူပြုမယ့်  အချိန်နှင့်တပြေးညီ သတင်းအချက်အလက်ဗဟိုနှင့် သုံးသပ်စိတ်ဖြာပေးတဲ့ကိရိယာအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

တန်ယုဟာ ကုမ္ပဏီရဲ့ လုပ်ငန်းခွဲ ဖူကျန့် နက်ဒရက်ဂွန်ဝက်ဆော့ဗ်ကို ခေါင်းဆောင်မှာဖြစ်ပြီး  ဒီလိုရာထူးပေးလိုက်တာဟာ ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုထဲ အေအိုင်ခေါ်ဉာဏ်ရည်တုကို ပေါင်းစပ်လိုက်တဲ့ အထင်ကရ ပြောင်းလဲမှုလို့ဆိုပါတယ်။

အဲဒီနည်းပညာကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ ဗွီဒီယိုဂိမ်းနှင့် မိုဘိုင်းအက်ပလီကေးရှင်းထုတ်လုပ်ရေးမှာ လေးစားသမှုအပြုရဆုံး ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ၁၉၉၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။

သူတို့ဟာ အွန်လိုင်းမှာ လူစုံကစားရတဲ့ ဂိမ်း Heroes Evolved and Conquer အွန်လိုင်းဂိမ်း ဖန်တီးခဲ့ကြပြီး Android apps တွေဖြစ်တဲ့ Conquer Poker - Texas Hold'em တို့ကိုလည်း ဖန်တီးခဲ့ပါတယ်။

“ ဒီလိုခန့်အပ်လိုက်ခြင်းဟာ အေအိုင်(ဉာဏ်ရည်တု)ကို ကော်ပိုရိတ်စီမံခန့်ခွဲမှုအတွင်း ပထမဆုံးဦး ရှေ့ဆောင်အဖြစ် အသုံးပြုတာဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်မှုစွမ်းရည်ကို အဆင့်အသစ်တစ်ခုဆီခုန်ပျံကျော်လွှားစေမှာဖြစ်ပါတယ်” လို့ ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ တန်ယုကိုခန့်အပ်မှုဟာ ကုမ္ပဏီရဲ့ အေအိုင်+ စီမံခန့်ခွဲရေး” မဟာဗျူဟာကို ထင်ရှားစွာပြသတာဖြစ်ပြီး Metaverse အဖွဲ့အစည်းတစ်ခုသို့ ရှေ့ရှုနေတဲ့ ကုမ္ပဏီအတွက် အထင်ကရမှတ်တိုင်တစ်ခုကို ကိုယ်စားပြုနေပါတယ်” လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

နက်ဒရက်ဂွန်က တန်ယုရဲ့ တာဝန်အသေးစိတ်ကို ထုတ်ဖော်မပြောသေးပါဘူး။ အဲဒီအပြင် သူမက ကုမ္ပဏီကိုဘယ်လို စီမံဆောင်ရွက်မယ်ဆိုတာလည်း မသိရသေးပါဘူး။

ဒါပေမယ့် သူမဟာ ဒေါ်လာဘီလျံချီတန်တဲ့  အဖွဲ့အစည်းအတွင်း လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်တွေကို ကြီးကြပ်ကွပ်ကဲမှာဖြစ်တယ်လို့ ပြောပါတယ်။

တန်ယုဟာ လုပ်ငန်စဉ်စီးဆင်းမှုတွေကို တောက်လျောက်ကပ်ပါနေမှာဖြစ်ပြီး အရည်အသွေးရှိတဲ့အလုပ်တွေတိုးမြှင့်စေပြီး အကောင်အထည်ဖော်မှု အရှိန်ကိုလည်း တိုးတက်စေလိမ့်မယ်လို့ ဆက်ပြောပါတယ်။

တန်ယုဟာ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်ဗဟိုအဖြစ်ရော၊ နေ့စဉ်လုပ်ငန်းတွေမှာ ဆုံးဖြတ်ချက်ချဖို့ ခွဲခြမ်း စိတ်ဖြာပေးတဲ့ကိရိယာအဖြစ်ရော ဆောင်ရွက်ပေးမှာပါ။ အန္တရာယ်စီမံခန့်ခွဲမှုစနစ်ကိုလည်း ပိုပြီး အကျိုးရှိအောင်လုပ်ပေး မယ်လို့လည်း ကုမ္ပဏီကပြောပါတယ်။

အဒီအပြင် ပါရမီထူးတဲ့လူတော်တွေမွေးထုတ်ဖို့ နှင့် ဝန်ထမ်းအားလုံးအတွက် မျှတပြီး အကျိုးရှိတဲ့ လုပ်ငန်းခွင်အသေအချာဖြစ်စေဖို့ တန်ယုဟာ အဓိက အခန်းကဏ္ဍကနေပါဝင်မှာဖြစ်တယ်လို့ပြောပါတယ်။

နက်ဒရက်ဂွန်ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဒီကျန်းလျူက တန်ယုရဲ့နောက်မှာ  metaverse အခြေခံတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ အယ်ဂိုရစ်သမ်ကို ဆက်လက်တည်ဆောက်မယ်လို့ ဖွင့်ဟပြောကြားပါတယ်။

“ အေအိုင်ဟာ အနာဂတ်ရဲ့ ကော်ပိုရိတ်စီမံခန့်ခွဲမှုဆိုတာ ကျွန်တော်တို့နားလည်ထားပါတယ်။ မစ္စတန်ယုကို ကျွန်တော်တို့ခန့်အပ်တာဟာ  ကျွန်တော်တို့ နေ့စဉ်လုပ်ငန်းတွေလည်ပတ်နေတဲ့နည်းလမ်းကို အေအိုင်အသုံးပြုပြောင်းလဲမယ့် ကတိကဝတ်ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အနာဂတ်မဟာဗျူဟာမြောက်တိုးတက်မှုကို အဆုံးစွန်မောင်းနှင်ပေးမှာပါ” လို့လည်း သူကပြောပါတယ်။

ယခုနှစ်ဆန်းပိုင်းမှာ လန်ဒန်စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်းက သုတေသနမှူးတွေက အေအိုင်ဟာ ဝန်ထမ်းတွေကို ခန့်ထားရာမှာ လူသားအထက်အရာရှိတွေ၊ဘော့စ်တွေထက် ပိုကောင်းချင်ကောင်းမယ်၊ဒါမှမဟုတ် တန်းတူရှိမယ်လို့ ပြောထားပါတယ်။

Source: Daily Mail

#AI_CEO

#NetDragon_Websoft

#Ms Tang Yu_Robot_CEO