Published 4 Sept 2022

လမ်းလျှောက်တတ်ခါစ ကလေးငယ်ကလေးတစ်ဦးကို ဆရာဝန်တွေက သေဆုံးသွားပြီလို့ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကလေးငယ်ရဲ့ အသုဘကိုလာကြတဲ့ ကလေးရဲ့ဆွေမျိုးသားချင်းတွေက သူမဟာ အသက်ရှင်နေတယ်လို့ သိလိုက်ကြ ရပါတယ်လို့ သတင်းတွေမှာ ရေးသားကြပါတယ်။

အသက်(၃)နှစ်အရွယ် ကာမီလာရိုဇန်နာမင်တင်နက်ဇ်မင်ဒိုဇာဟာ ရေဓာတ်ခန်းခြောက်သွားတဲ့အတွက် မက္ကဆီကိုနိုင်ငံ ဆန်လူးဝစ်ပိုတိုဆီပြည်နယ်မှာရှိတဲ့ ဆာလီနာ့စ် ဒီဟီဒယ်ဂို အခြေခံကွန်မျူနတီဆေးရုံကို ဩဂုတ် ၁၇ ရက်က ပို့ဆောင်ခဲ့ကြပါတယ်လို့ ဖောက်စ်သတင်းဌာနက သတင်းရေးသားခဲ့ပါတယ်။

ကလေးငယ်ဟာ ဆေးရုံကဆင်းပြီး မကြာမီမှာပဲ နေမကောင်းပြန်ဖြစ်လာခဲ့တဲ့အတွက် မိဘတွေက ဆေးရုံကို ပြန်တင်ခဲ့ကြရ ကြောင်းနှင့် ဆရာဝန်တွေဟာ ဥပေက္ခာပြုကြတယ်လို့ မိသားစုက ပြောပါတယ်။

ဒေသတင်းစာတစ်စောင်ဖြစ်တဲ့ အယ်လ်ယူနီဗာဆယ်ဆန်လူးဝစ်ပိုတိုဆီက တွေ့မြင်ရတဲ့ အမှုအခင်းအကြောင်းအရာအရ ဝန်ထမ်းတွေဟာ ကလေးငယ်ကို အိုင်ဗွီ drip သွင်းဖို့နှင့် အောက်ဆီဂျင်ပေးဖို့ နှေးကွေးခဲ့တယ်လို့ မိသားစုကပြောကြောင်း သိရပါတယ်။

အဲဒီနောက်တော့ ဆရာဝန်တွေက ကလေးငယ် ဆုံးသွားပြီလို့ကြေညာခဲ့ပါတယ်လို့ အယ်ယူနီဗာဆယ်ဆန်လူးဝစ်ပိုဆိုဆီကို ကိုးကားပြီး ဖောက်စ်သတင်းဌာနက သတင်းပေးပို့ပါတယ်။

“ သမီးလေးက ကျွန်မကို ဖက်ထားတုန်းပဲ။ သူတို့က ကျွန်မဆီက ကလေးကိုဆွဲယူပြီး “ သူမကိုငြိမ်းငြိမ်းချမ်းချမ်းနားခွင့်ပေးလိုက်ပါတော့” လို့ ကျွန်မကိုပြောတယ်လို့ မိခင်ဖြစ်သူ ဂျိန်းပါရယ်တာက သတင်းစာကို ပြောပါတယ်။

အဲသလိုနှင့် မင်ဒိုဇာရဲ့ အသုဘအခမ်းအနားကို ဩဂုတ် (၁၈)ရက်မှာ ကျင်းပခဲ့ပါတယ်။ မိခင်ပါရယ်တာဟာ သမီးရဲ့မှန်ခေါင်းမှာ ရေငွေ့တွေရိုက်နေတာကို သတိထားမိလိုက်ပါတယ်။  အဲဒါကြောင့် သူက သူ့သမီးအသက်ရှုနေတုန်းပဲလို့ ပြောလိုက်တဲ့အခါ အသုဘလာပို့ကြတဲ့သူတွေက “ ဝမ်းနည်းပူဆွေးလွန်းလို့ ထင်ယောင်ထင်မှားဖြစ်နေတာဖြစ်မယ်” လို့ သူမကို ပြန်ပြောခဲ့ကြပါတယ်။

မင်ဒိုဇာရဲ့အဖွားဖြစ်သူကလည်း အသက်(၃)နှစ်အရွယ်မြေးကလေးရဲ့ မျက်လုံးတွေ လှုပ်နေတာကို သတိပြုမိပြန်ပါတယ်။  အဲဒီအချိန်မှာ သူမရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၉၇ကြိမ်ရှိနေပါတယ်။

အဲဒါကြောင့်ကလေးငယ်ကို ချက်ခြင်းပဲ အရေးပေါ်လူနာတင်ယာဉ်နှင့် ဆေးရုံကိုပို့ဆောင်ကြပါတယ်။အဲဒီအချိန်မှာ ကလေးငယ်ရဲ့ နှလုံးခုန်နှုန်းက ချက်ခြင်းကြီး ကျဆင်းလာပြီး နောက်ဆုံးမှာ သူမကို “သေဆုံးသွားပြီ” လို့ ဒုတိယအကြိမ် ကြေညာပါတယ်။

ပထမဆုံးအကြိမ်သေဆုံးကြောင်းကြေညာတုန်းက ရေဓာတ်ခန်းခြောက်လို့ဆိုပြီးအကြောင်းပြခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ ဦးနှောက်ရောင်တာကြောင့်သေဆုံးတာလို့ အကြောင်းပြပါတယ်လို့ ဖောက်စ်သတင်းဌာနက သတင်းပေးပို့ပါတယ်။

သူမအနေနှင့်လည်း ဆရာဝန်တွေနှင့် သူနာပြုတွေအပေါ် အာဃာတမရှိပေမယ့် နောင်ဒီလိုမျိုးအဖြစ်မျိုးမကြုံတွေ့ကြရအောင် တရားစွဲရတာဖြစ်တယ်လို့ ဖောက်စ်သတင်းဌာနကသိရပါတယ်။

 Source: Insider

#Mendoza

#Peralta

#Mexico