#World_Health
Published 19 August 2022

 

အိမ်သာတက်တဲ့အခါ ၅ မိနစ်ထက်ကြာအောင် မထိုင်သင့်ဘူးလို့ ကျွမ်းကျင်သူများက အကြံပြုထားပါတယ်။

 

ဒါကြောင့် အိမ်သာတက်နေစဉ် စာဖတ်ခြင်း၊ ဖုန်းအသုံးပြုခြင်းတို့ကိုလည်း မပြုလုပ်သင့်ပါဘူး။

 

ဗြိတိန်လူမျိုးများကို လတ်တလောစစ်တမ်းကောက်ယူကြည့်ရာမှာ တစ်ပတ်အတွင်း အိမ်သာတက်ချိန် ပျမ်းမျှအားဖြင့် ၃ နာရီခွဲရှိတာကို တွေ့ရှိရပါတယ်။

 

လူတစ်ယောက်ဟာ တစ်နေ့ကို အိမ်သာထဲသို ၄ ကြိမ်မှ ၇ ကြိမ်ခန့် ဝင်ရောက်လေ့ရှိပြီး အိမ်သာတစ်ခါတက်ရင် အချိန် ၅ မိနစ်ခန့်ကြာမြင့်ပါတယ်။

 

ဘာကြောင့် ဒီလိုအချိန်ကုန်နေရလဲဆိုရင် အိမ်သာတက်နေရင်း ဖုန်းအသုံးပြုခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ စာရိုက်ခြင်းတို့ ပြုလုပ်ကြတာကြောင့်လို့ သိရပါတယ်။

 

ဒီလိုမျိုး အိမ်သာအကြာကြီးတက်နေပြီး အောက်ပိုင်းမှာ ဖိအားများလာရင် လိပ်ခေါင်းဖြစ်တတ်ကြောင်း မိုင်ယိုဆေးခန်းက သတိပေးလိုက်ပါတယ်။

 

ကျန်းမာရေးကျွမ်းကျင်ပညာရှင်'စတက်ဖာနီတေလာ'က "အိမ်သာထဲထိုင်နေစဉ် သတင်းစာဖတ်တာတို့၊ ဖုန်းပွတ်နေတာတို့ ပြုလုပ်တတ်တယ်ဆိုရင် အူမကြီးနဲ့စအိုကို ထိခိုက်စေနိုင်ပါတယ်" လို့ ပြောပြပါတယ်။

 

"အိမ်သာမှာထိုင်နေစဉ် စအိုက အောက်ပိုင်းအခြားနေရာတွေနဲ့ အနိမ့်အမြင့်မတူညီဘဲ အူမကြီးအောက်ပိုင်းက သွေးကြောတွေမှာ ဖိအားများလာကာ တဖြည်းဖြည်းနဲ့ လိပ်ခေါင်းဖြစ်လာတတ်ပါတယ်၊ လိပ်ခေါင်းဖြစ်ပြီဆိုရင် မနေနိုင်မထိုင်နိုင်ဖြစ်ပြီး စအိုကနေ သွေးထွက်တတ်ပါတယ်" လို့ ပြောပြလိုက်ပါတယ်။

 

များသောအားဖြင့် လိပ်ခေါင်းအစုအပုံက အလိုလိုရှင်းသွားတတ်ပေမယ့် ရောဂါပိုးကူးစက်တာတို့ လိပ်ခေါင်းအလွန်စုပုံလာတာတို့ဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါပြီ။

 

စအိုအတွင်းပိုင်းက သွေးကြောတွေ ဖောင်းကားလာပြီး အဖုတွေဖြစ်လာတဲ့အခါ လိပ်ခေါင်းဖြစ်လာပါတယ်။

 

လေ့ကျင့်ခန်းမလုပ်သူတွေ၊ လေးလံလွန်းတဲ့ပစ္စည်းတွေကို သယ်မသူတွေ၊ ကိုယ်ဝန်သည်တွေနဲ့ ဝမ်းချုပ်တတ်သူတွေမှာ လိပ်ခေါင်းဖြစ်နိုင်ဖွယ်ရှိပါတယ်။

 

ဝမ်းညှစ်တဲ့အခါ အားသုံးပြီးညှစ်ရတဲ့သူတွေမှာလည်း လိပ်ခေါင်းဖြစ်တတ်ပါတယ်။

 

အားသုံးပြီးညှစ်တဲ့အခါ စအိုနားက နေရာမှာပြဲထွက်ပြီး ယားယံနာကျင်ကာ သွေးထွက်လာတတ်ပါတယ်။

 

ပိုဆိုးလာရင်တော့ အူမကြီးအောက်ပိုင်းက စအိုကိုကျွံထွက်လာတတ်ပါတယ်။

 

လိပ်ခေါင်းဖြစ်နိုင်တဲ့လက္ခဏာတွေက...

 

- အိမ်သာတက်တဲ့အခါ တင်ပါးတဝိုက် အဖုများထွက်လာခြင်း

 

- အလေးစွန့်တဲ့နေရာမှ နာကျင်ခြင်း

 

- အချွဲထွက်ခြင်း

 

- အလေးစွန့်ပြီးတာတောင် မကုန်သေးဘူးလို့ခံစားရခြင်း

 

- စအိုမှသွေးထွက်ခြင်း

 

- အောက်ပိုင်းယားယံခြင်း တို့ဖြစ်ပါတယ်။

 

လိပ်ခေါင်းမဖြစ်အောင် အမျှင်ဓာတ်ပါတဲ့အစားအစာစားပြီး ရေများများသောက်ပေးခြင်းဖြင့် ဝမ်းပျော့စေကာ ညှစ်တဲ့နေရာမှာ အားမသုံးရတော့ပါဘူး။

 

ဆေးဆိုင်မှ ဆေးတွေနဲ့မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

 

ဒီလိုမှမသက်သာဘူးဆိုရင်တော့ ဆေးရုံတက်ကုသဖို့ လိုလာပါပြီ။

 

"အိမ်သာတက်ရင် အကြာကြီးထိုင်မနေသင့်ပါဘူး၊ ဝမ်းသွားချင်စိတ်ရှိသလောက်ပဲ ထိုင်သင့်ပြီး မသွားတော့ဘူးဆိုတာနဲ့ ထသင့်ပါပြီ" လို့ 'စတက်ဖာနီ'က ပြောပြသွားပါတယ်။

 

Source: The Sun
#Yangon_Media_Group