#World_Health
Published 14 August 2022

 

Johnson & Johnson ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကလေးပေါင်ဒါများကို ၂၀၂၃ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရောင်းချမှုရပ်ဆိုင်းတော့မှာဖြစ်ကြောင်း ကြာသပတေးနေ့က အသိပေးလိုက်ပါတယ်။

 

အမေရိကန်မှာတော့ သုံးစွဲသူထောင်ပေါင်းများစွာက အဆိုပါကလေးပေါင်ဒါသုံးစွဲခြင်းရဲ့ ဘေးကင်းစိတ်ချရမှုပြဿနာနဲ့ပတ်သက်ပြီး တရားစွဲဆိုခြင်းများရှိခဲ့ကာ ရောင်းချခြင်းကို ပိတ်ပင်ထားတာ ၂ နှစ်ကျော်ရှိခဲ့ပါပြီ။

 

တာလ်ကမ်အမှုန့်ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ ကမ္ဘာကျော်ကလေးပေါင်ဒါဟာ နိုင်ငံအနှံအပြားမှာ ရောင်းချခဲ့တာကြာပါပြီ။

 

ပေါင်ဒါမှုန့်ရဲ့ ဘေးကင်းစိတ်ချရမှုပြဿနာနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့် တရားစွဲဆိုခြင်းများခံခဲ့ရကာ ဝယ်လိုအားကျဆင်းသွားခဲ့ပြီး အမေရိကန်နဲ့ ကနေဒါတို့မှာ ၂၀၂၀ ကစပြီး တာလ်ကမ်ကလေးပေါင်ဒါများကို ရောင်းချမှုရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း J&J က ကြေညာခဲ့ပါတယ်။

 

ထိုပေါင်ဒါမှုန့်တွေမှာ ကင်ဆာဖြစ်ပေါ်စေနိုင်တဲ့ အက်စ်ဘတ်စ်တိုစ်သတ္တုဓာတ်တွေ ပါဝင်တယ်ဆိုပြီး သုံးစွဲသူတွေထံမှ တရားစွဲဆိုချက်ပေါင်း ၃၈,၀၀၀ လောက် ရှိခဲ့ပါတယ်။

 

J&J က ထိုကဲ့သို့စွပ်စွဲချက်တွေကို ငြင်းဆန်လိုက်ကာ ဆယ်စုနှစ်များတိုင်အောင် သိပ္ပံနည်းကျစမ်းသပ်မှုများနဲ့ တရားဝင်ခွင့်ပြုချက်များအရ တာလ်ကမ်က ဘေးကင်းစိတ်ချရပြီး အက်စ်ဘတ်စ်တိုစ် မပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

ကြာသပတေးနေ့ကလည်း ထိုကဲ့သို့ထပ်မံထုတ်ပြန်ခဲ့ကာ ပေါင်ဒါမှုန့်တွေကို ဆက်လက်မရောင်းချတော့ဘူးလို့ ကြေညာခဲ့ပါတယ်။

 

J&J က ယင်းတို့ရဲ့လုပ်ငန်းခွဲ LTL Management ကို ဖြုတ်ချကာ တာလ်ကမ်စွပ်စွဲချက်များနဲ့ပတ်သက်တဲ့ ကိစ္စရပ်များကို တာဝန်ပေးအပ်ခဲ့ပြီး ချက်ချင်းဒေဝါလီခံခဲ့ပါတယ်။

 

J&J အနေနဲ့ တရားစွဲဆိုချက်များကို ပြန်လည်ခုခံချေပသင့်ပြီး ဒါဟာ လျော်ကြေးအနေနဲ့ သင့်တော်တဲ့နည်းလမ်းဖြစ်ပါတယ်။

 

ဒေဝါလီမခံခင်က ကုမ္ပဏီဟာ စီရင်ချက်များနဲ့ တရားဖြေရှင်းချက်များနဲ့ပတ်သက်ပြီး ဒေါ်လာ ၃.၅ ဘီလီယံကုန်ကျကာ အမျိုးသမီး ၂၂ ဦးကို ဒေါ်လာ ၂ ဘီလီယံ ပေးအပ်ခဲ့တာလည်းပါဝင်ပါတယ်။

 

ဧပြီလက ရှယ်ယာရှင်တစ်ဦးက တစ်ကမ္ဘာလုံးမှာ ကလေးပေါင်ဒါရောင်းချခြင်းကို ရပ်ဆိုင်ဖို့တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

 

၂၀၁၈ ခုနှစ်က ရိုက်တာစုံစမ်းစစ်ဆေးချက်များအရ J&J ဟာ သူတို့ရဲ့ပေါင်ဒါထဲမှာ အက်စ်ဘတ်စ်တိုစ် ပါဝင်နေတာကို သိခဲ့ကြောင်း ဆိုပါတယ်။

 

ကုမ္ပဏီအတွင်းရေးမှတ်တမ်းများ၊ တရားရုံးထွက်ဆိုချက်များ၊ အခြားအထောက်အထားများအရ အနည်းဆုံး ၁၉၇၁ ခုနှစ်ကစတင်ကာ ၂၀၀၀ ခုနှစ်တွေအထိ J&J ရဲ့ တာလ်ကမ်ကုန်ကြမ်းနဲ့ ထုတ်လုပ်ပြီးတဲ့ပေါင်ဒါတို့မှာ တစ်ခါတရံ အက်စ်ဘတ်စ်တိုစ်အနည်းငယ်တွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။

ထိုအကြောင်းအရာတွေကို မီဒီယာတွေမှာ ဖော်ပြခဲ့ပြီးနောက် J&J က သူတို့ရဲ့ပေါင်ဒါမှုန့်ဟာ ဘေးကင်းပြီး ကင်ဆာမဖြစ်စေဘူးလို့ အကြိမ်ကြိမ်ထွက်ဆိုခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group