#World_Politics
Published 10 August 2022

 

တောင်ကိုရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အနေဖြင့် ပိုမိုရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်သွားရန်နဲ့ တရုတ်နဲ့ အမေရိကန်တို့ကြား ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့အချိန်မှာ စက်မှုယန္တရားကဏ္ဍ တည်ငြိမ်စွာဆက်လက်လည်ပတ်စေရန် ဆောင်ရွက်သွားကြဖို့ တောင်ကိုရီးယားနဲ့တရုတ်မှ ထိပ်သီးသံတမန်တို့က အင်္ဂါနေ့မှာ ကတိပြုခဲ့ကြပါတယ်။

 

အမေရိကန်နဲ့ မဟာမိတ်ဖြစ်လာတာ အချိန်အတော်ကြာနေပြီဖြစ်တဲ့ တောင်ကိုရီးယားအနေနဲ့ နိုင်ငံခြားရေးမူဝါဒတဖက်သတ်ဆန်လာတဲ့ တရုတ်အစိုးရနဲ့ အမေရိကန်တို့ကြား ညီတူမျှတူဆက်ဆံရေးဖော်ထုတ်ဖို့ ခက်ခဲနေပါတယ်။

 

ထိုင်ဝမ်အရေးနဲ့ပတ်သက်တဲ့ အမေရိကန်နှင့်တရုတ်ပဋိပက္ခကြောင့်လည်း အဆိုပါနှစ်နိုင်ငံစလုံးနဲ့သင့်မြတ်ချင်တဲ့ တောင်ကိုရီးယားအစိုးရလို လူမျိုးတွေအတွက် ပိုမိုရှုပ်ထွေးလာရပါတယ်။

 

တရုတ်အရှေ့ပိုင်းမြို့ချင်ဒေါင်မှာ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး'ပါ့ခ်ဂျင်'နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး'ဝမ်ယိ'တို တွေ့ဆုံဆွေးနွေးကြရာ ဆယ်စုနှစ် ၃ ခုကြာသက်တမ်းရှိ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးလမ်းကြောင်းအပေါ် အခြေခံပြီး နောက်ထပ်ရင်းနှီးဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်လာစေရန် ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

 

ကုန်သွယ်ထုတ်လုပ်မှုကွင်းဆက်ပြဿနာများနဲ့ ပတ်သက်တဲ့ ဆက်သွယ်ဖြေရှင်းရေးများ၊ ရာသီဥတုဖောက်ပြန်ခြင်းနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုအမွေအနှစ်လဲလှယ်ခြင်းများ စတဲ့ကိစ္စရပ်တွေမှာ အရှိန်မြှင့်လုပ်ဆောင်သွားရန် နှစ်နိုင်ငံသဘောတူညီခဲ့ကြကြောင်း တောင်ကိုရီးယားက ဆိုပါတယ်။

 

ဒါ့အပြင် ယခုနှစ်အတွင်း နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတိုမှ ဒုဝန်ကြီးအဆင့်အရာရှိများ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

 

ပြီးခဲ့တဲ့အပတ်က ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' လာရောက်လည်ပတ်ခြင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးတင်းမာလာခဲ့တဲ့အကြောင်းအရာတွေကိုတော့ 'ပါ့ခ်ဂျင်'နဲ့ 'ဝမ်ယိ'တို့ ထည့်သွင်းဆွေးနွေးခြင်းမရှိခဲ့ပါဘူး။

 

မတ်လကစပြီး တောင်ကိုရီးယားသမ္မတရာထူးကို တာဝန်ယူနေတဲ့ 'ယွန်ဆော့ယောလ်'က မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ဖို့အတွက် အမေရိကန်၊ ဂျပန်တို့နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့ အလိုရှိနေပါတယ်။

 

မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်က ဂျပန်ကို ပြိုင်ဘက်အဖြစ်ယူဆထားသလို တောင်ကိုရီးယားရဲ့ အကြီးမားဆုံးတင်ပို့ကုန်ဈေးကွက်လည်း ဖြစ်နေပါတယ်။

 

ပြီးခဲ့တဲ့ရက်သတ္တပတ်က 'ပယ်လိုစီ' တောင်ကိုရီးယားသို့ရောက်ရှိချိန်မှာ 'ယွန်ဆော့ယောလ်'က ခရီးထွက်နေခဲ့ပြီး 'ပယ်လိုစီ'ကို ဖုန်းဖြင့်သာ စကားပြောဆိုခဲ့ပါတယ်။

 

ဒါကြောင့် တရုတ်နဲ့ဆက်ဆံရေးကို ကာကွယ်ထိန်းသိမ်းချင်လို 'ပယ်လိုစီ'နဲ့ တွေ့ဆုံဖို့ရှောင်ခဲ့တယ်ဆိုပြီး 'ယွန်ဆော့ယောလ်'ကို ဝေဖန်နေကြပါတယ်။

 

တရုတ်နည်းပညာပေါ်လစီများနဲ့ အမေရိကန်လုံခြုံရေးထိန်းချုပ်မှုတို့ကြား ကမ္ဘာ့ဈေးကွက်ပြိုလဲပြီး စံသတ်မှတ်ချက်တွေနဲ့ ထုတ်ကုန်တွေ သဟဇာတဖြစ်မလာနိုင်တာမျိုးနဲ့ ကုန်ကျစရိတ်မြင့်တက်လာခြင်းမျိုး ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။

 

နိုင်ငံတကာတင်းမာမှုတွေကြား အပြောင်းအလဲများဖြစ်လာနိုင်ပြီး တွေ့ကြုံလာမယ့်အခက်အခဲများကို နှစ်နိုင်ငံစလုံးပူးပေါင်းကျော်လွှားကြဖို 'ပါ့ခ်ဂျင်'က မျှော်လင့်နေပါတယ်။

 

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြောက်ကိုရီးယားရဲ့ရန်စမှုများကို စည်းလုံးညီညွတ်စွာတုံ့ပြန်ရန်နဲ့ မြောက်ကိုရီးယားရဲ့ လက်နက်အင်အားတိုးချဲ့လာမှုအပေါ် တောင်ကိုရီးယားနဲ့ တရုတ်တို့ အနီးကပ်ညှိနှိုင်းဆွေးနွေးသွားရန် 'ပါ့ခ်ဂျင်'က တိုက်တွန်းလိုက်ပါတယ်။

 

နျူကလီးယားအရေးနဲ့ပတ်သက်ပြီး 'ဝမ်ယိ'က ပြောကြားခဲ့ခြင်းမရှိပေမယ့် ကိုရီးယားကျွန်းဆွယ်တဝိုက် ငြိမ်းချမ်းရေးတည်မြဲဖို့အတွက် တရုတ်အနေနဲ့ ဆက်လက်ကူညီသွားမယ်လို့ 'ဝမ်ယိ'က 'ပါ့ခ်ဂျင်'ကိုအသိပေးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

 

တရုတ်သမ္မတ'ရှီကျင့်ဖင်'အနေနဲ့လည်း တောင်ကိုရီးယားကို လာရောက်လည်ပတ်ဖို့ 'ပါ့ခ်ဂျင်'ကမျှော်လင့်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

Source: AP News
#Yangon_Media_Group