Published: 6 August 2022

အမေရိကန်နိုင်ငံ အိမ်ဖြူတော်အနီးမှာ မိုးကြိုးပစ်ခံရလို့ လူနှစ်ဦးသေဆုံးပြီး ကျန်တဲ့ နှစ်ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ အမေရိကန် မြို့တော်ရဲတပ်ဖွဲ့ကပြောပါတယ်။  အိမ်ဖြူတော် လမ်းတစ်ဖက်က ပန်းခြံအသေးကလေးဖြစ်တဲ့ လာဖာယက်တီရင်ပြင်မှာ ကြာသပတေးနေ့ ည(၇)နာရီခန့်က မိုးတွေသည်းထန်စွာရွာပြီး မိုးကြိုပစ်ခဲ့ပါတယ်။

မိုးကြိုးပစ်ခံရလို့ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေနှင့် ချက်ခြင်းဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဝါရှင်တန် မီးသတ်နှင့်အရေးပေါ်ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလူနာလေးဦးထဲက အသက် ၇၅နှစ်အရွယ် ဒွန်နာမူလာနှင့် ၇၆နှစ်အရွယ် ဂျိမ်းစ်မူလာတို့နှစ်ဦးဟာ နောက်တစ်နေ့မနက်မှာ သေဆုံးခဲ့ရတယ်လို့ မြို့ပြရဲဌာနက အတည်ပြုသတင်းထုတ်ပြန်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ဝစ်ကွန်ဆင်ပြည်နယ် ဂျန်နက်ဗီလီက ဖြစ်ကြပါတယ်။ ကျန်နှစ်ဦးကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိပါတယ်။

ကြေကွဲစရာ အသက်ဆုံးရှုံးမှုတွေအတွက် ဘိုင်ဒင်အစိုးရက  စိတ်ထိခိုက်ရပါတယ်လို့  အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရင်းဂျိန်းပီယဲလ်က ပြောပါတယ်။ အသက်လုနေရတဲ့ နှစ်ဦးအတွက်လည်း ဆုတောင်းပေးနေပါတယ်လို့ သူမက ဆက်ပြောပါတယ်။

မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ဒေးဗစ်ရု(သ်)က ကြောက်စရာကောင်းတဲ့ ဝုန်းခနဲအသံကြီးကြားလိုက်ရတယ်” လို့ အင်န်ဘီစီ သတင်းဌာနကိုပြောပါတယ်။

မိုးကြိုးပစ်အပြီးမှာပဲ အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးတွေနှင့် ပန်းခြံရဲတွေဟာ အခင်းဖြစ်ပွားတဲ့နေရာ ရောက်လာကြတယ်လို့ မီးသတ်နှင့်အရေးပေါ်ဌာန ပြောရေးဆိုခွင့်ရသူ ဗစ်တို မက်ဂီအိုလိုကပြောပါတယ်။

“လျှပ်စီးတွေလက်နေရင် အိမ်တွင်းထဲ ဝင်သင့်တယ် ဒါမှမဟုတ် ဘေးကင်းတဲ့နေရာသွားသင့်တယ် သစ်ပင်တွေဟာ စိတ်ချလုံခြုံတဲ့နေရာမဟုတ်ဘူး။ လူတွေက သစ်ပင်အောက်မှာ ခိုနားဖို့လုပ်ရင် သိပ်ပြီး အန္တရာယ်ရှိတယ်” လို့ မက်ဂီအိုလိုက ဆက်ပြောပါတယ်။

သမ္မတဟောင်း အင်ဒရူးဂျက်ဆင်ရဲ့ရုပ်တုကနေ ပေ၁၀၀လောက်ကွာတဲ့နေရာမှာ လူလေးဦးလဲကျနေတာကိုတွေ့ရတယ်လို့  ဝါရှင်တန်ပို့စ်က သတင်းရေးသားပါတယ်။

ကြာသပတေးနေ့ညနေပိုင်းက ဝါရှင်တန်မှာ မိုးကြိုးမုန်တိုင်းတွေပြင်းပြင်းထန်ထန်ကျရောက်ခဲ့ပြီး မိုးကြိုးပစ်တာဟာ  မိုးကြိုး မုန်တိုင်းအတွင်းဖြစ်ပွားခဲ့တာပါ။

Source:AFP