Published: 7 August 2022

မစ်စစ္စပီပြည်နယ်က လူတစ်ဦးရဲ့ အိမ်မွေးကြောင်မကလေး တစ်ကောင်ဟာ သူ့အိမ်ကို ဓားပြတိုက်မယ့် အန္တရာယ်မှ ဟန့်တားနိုင်ခဲ့ပြီး အဲဒီကာလီကိုကြောင်ကလေးဟာ သူ့အသက်ကိုတောင်ကယ်ခဲ့တာဖြစ်နိုင်တယ်လို အဲဒီပြည်နယ်သားက ချီးကျုးလိုက်ပါတယ်။

ဘန်ဒစ်လို့အမည်ပေးထားတဲ့ အဲဒီကြောင်မကလေးဟာ အလေးချိန်ပေါင် ၂၀ရှိပြီး သခင်ဖြစ်သူ အငြိမ်းစားအမျိုးသားကြီး ဖရက် အဲဗားရစ်နှင့်အတူ ဘဲလ်ဒင်မြို့ဆင်ခြေဖုံး တူပီလိုအရပ်မှာ နေထိုင်ကြပါတယ်။

ပြီးခဲ့တဲ့အပတ်က အနည်းဆုံးလူနှစ်ဦးဟာ သူတို့နေတဲ့ အိမ်ကို‌ ဖောက်ထွင်းဖို့ကြိုးစားခဲ့ကြပါတယ်။ ကြောင်မကလေးဟာ သူလုပ်နိုင်သမျှအားလုံးကို လုပ်ပေးခဲ့ရာမှာ  သခင်ဖြစ်သူအဲဗားရစ်ကို အန္တရာယ်ရှိနေတဲ့အကြောင်း သွားပြီး သတိပေးခဲ့ပါတယ်လို့ သူက အရှေ့မြောက်မစ်စစ္စပီဂျာနယ်က ပြောပါတယ်။

“ အိမ်စောင့်ခွေးတော့ ခင်ဗျာမကြာခဏ ကြားဖူမှာပဲ။ ဒါက အိမ်စောင့်ကြောင်ဗျ” လို့ အသက် ၆၈နှစ်အရွယ် အဲဗားရစ်က ပြောပါတယ်။

အဲဒီဓားပြတိုက်ဖို့ကြိုးစားမှုဟာ ဇူလိုင် ၂၅ ရက် မနက် ၂နာရီခွဲနှင့် ၃ နာရီအကြား မှာ ဖြစ်ပွားခဲ့တာပါလို့ အဲဗားရစ်က ပြောပါတယ်။သူဟာ မီးဖိုဆောင်ထဲက ဘန်ဒစ်ရဲ့ ညောင်လို့ အော်သံကြားလို့ ပထမဆုံလန့်နိုးလာတာပါ။ အဲဒီနောက် ကြောင်မကလေးဟာ အိပ်ခန်းထဲကို ပြေးဝင်လာပါတယ်။ အိပ်ရာပေါ်ခုန်တက်ပြီး သူ့စောင်တွေကို အတင်းဆွဲဖယ်ပါတယ်။ ပြီးတော့ သူ့လက်တွေကို ဆွဲကုတ်ပါတော့တယ်။ အဲဗားရစ်က တစ်ခုခုတော့ မှားယွင်းနေပြီလို့ ချက်ခြင်းသိလိုက်ပါတယ်။

သူကလေးက အရင်တစ်ခါမှ မလုပ်ဖူးဘူးလေလို့ အဲဗားရစ်ကပြောပါတယ်။

“ ကျွန်တော်အပြင်ထွက်လိုက်တယ်။ တစ်ခုခုများဖြစ်နေပြီလားပေါ့” လို့ သူကဆက်ပြောပါတယ်။

အဲဗားရစ်က အိပ်ရာကထပြီး စူးစမ်းကြည့်လိုက်တဲ့အခါ သူ့အိမ်နောက်ဘက်တံခါးအပြင်ဘက်မှာ လူနှစ်ယောက်ကို တွေ့လိုက်ရပါတယ်။တစ်ယောက်က လက်ထဲမှာ သေနတ်တိုတစ်လက်ကိုင်ထားတယ်။ နောက်တစ်ဦးကတော့ သံတူရွင်းနှင့် တံခါးကို ကြိုးစားဖွင့်နေတာတွေ့ရတယ်လို့ သူက ရှင်းပြပါတယ်။

သူက သူ့သေနတ်ကိုပြန်ထုတ််လိုက်ပြီး မီးဖိုဆောင်ပြန်လာတဲ့အချိန်မှာ ဖောက်ထွင်းသူနှစ်ဦးဟာ ထွက်ပြေးသွားကြပြီလို့ သူကပြောပါတယ်။ သူက ရဲကိုတော့မခေါ်တော့ဘူးလို့လည်း ဆက်ပြောပြပါတယ်။

ဘန်ဒစ်ကြောင်မလေးသာမရှိရင် အခြေအနေက တစ်မျိုးဖြစ်သွားမှာလို့လည်း သူကဆိုပါတယ်။

“ တော်သေးတာပေါ့။ ထိပ်တိုက်ရင်ဆိုင်မတွေ့လိုက်ရလို့။ ကြောင်မလေးကြောင့် ပေါ့”  သူကပြောပါတယ်။

အဲဗားရစ်ဟာ ဘန်ဒစ်ကို တူပီလိုလီဟူမင်းအဖွဲ့ Tupelo-Lee Humane ထံက လွန်ခဲ့တဲ့ လေးနှစ်က မွေးစားခဲ့တာ ဖြစ်ပါတယ်။

Source AP

#A- guard_cat_saves_robbery

#Mississippi_cat

#Everitt_Bandit