Published= 2 Sept 2021
မြောက်ကိုးရီးယားက ဆိုင်နိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးသုံးသန်းခန့်ကို ငြင်းပယ်လိုက်ပါတယ်။ သူတို့နိင်ငံအစား အပြင်းအထန် ကိုဗစ်ကူးစက်ခံနေရတဲ့ နိုင်ငံတွေကို ပို့သင့်တယ်လို့ ညွှန်ကြားပြီး ငြင်းပယ်လိုက်တာဖြစ်တယ်လို့ ဝေါစထရိ ဂျာနယ်က ရေးသားလိုက်ပါတယ်။
 
အဲဒီကာကွယ်ဆေးတွေကို အနောက်နိုင်ငံအများစုက ငွေကြေးကမကထလုပ်ထားပြီး ဝင်ငွေနည်းပါးနိုင်ငံတွေကို ကာကွယ်ဆေးကူညီတဲ့ ကုလသမဂ္ဂရဲ့ ကိုဗစ်ဦးစီးဦးရွက်အစီအစဉ်အရ ပေးပို့ခဲ့တာဖြစ်ပါတယ်။
 
မြောက်ကိုးရီးယားရဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက တင်ပို့မှုကို ငြင်းပယ်လိုက်တာပါ။ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ကို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုမှာ အကန့်အသတ်ဖြစ်နေပြီး နေရာအနှံမှာ ကူးစက်မှုတွေမြင့်တက်နေလို့ ဆေးတွေကိုမယူတာ ဖြစ်တယ်လို့ ယူနီဆက်အဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောပါတယ်။
 
ကင်မ်ဂျုန်အန်ရဲ့ အစိုးရက မြောက်ကိုးရီးယားမှာ ကိုဗစ်-၁၉ ကူးစက်ခံရမှု သုည ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို သတင်းပို့ထားတာဖြစ်ပါတယ်။ သူ့နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ထားပြီး ကပ်ဘေးကာကွယ်ရေူလှုပ်ရှားမှုကြီးမှာ သတိဆက်လက်ထားရှိနေကြဖို့ နိုင်ငံပိုင်မီဒီယာက တိုက်တွန်းနှိုးဆော်ထားပါတယ်။ မစ္စတာကင်မ်က ဗိုင်းရပ်စ်ကူးစက်မှုကို ရှောင်လွှဲနိုင်ခြင်းဟာ အမျိုးသား ရှင်သန်ရပ်တည်ရေးအတွက် အရေးကြီးတယ်လို့ ပြောထားပါတယ်။
 
ဆင်းရဲတဲ့မြောက်ကိုးရီးယားနိုင်ငံဟာ ကာကွယ်ဆေးဝယ်ဖို့ ငွေကြေးချို့တဲ့တဲ့အတွက် ကိုဗစ်အစီအစဉ်ကနေ ထောက်ပံ့ဖို့ လျှောက်ထားခဲ့ပြီး မည်သည့်ကာကွယ်ဆေးမျှ ရထားခဲ့ခြင်းမရှိသေးတာဖြစ်ပါတယ်။
 
ဒီနှစ်ဆန်းပိုင်းမှာ ပေးမယ်လို့ ပြောထားတဲ့ အက်စထရာဇင်နီကာဆေးကလည်း ပေးပို့ဖို့ နောက်ကျနေပါတယ်။
 
ဆိုင်နိုဗက်ကို မငြင်းပယ်ခင် အက်စထရာဇင်နီကာ ကာကွယ်ဆေးကို မြောက်ကိုးရီးယားက ပစ်ပစ်ခါခါ ခေါင်းခါခဲ့ပါသေးတယ်။ အဲဒီကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအပေါ် သံသယရှိလို့ဖြစ်တယ်လို့ တောင်ကိုးရီးယား ထောက်လှမ်းရေးအေဂျင်စီနှင့်တွဲဖက်ထားတဲ့ တောင်ကိုးရီးယားဉာဏ်ကြီးရှင်အဖွဲ့တစ်ဖွဲ့ရဲ့ ဇူလိုင်အစီရင်ခံစာထဲမှာ ဖော်ပြထားတာတွေ့ရတယ်လို့ သတင်းကရေးသားပါတယ်။
 
အခြားနိုင်ငံတွေကလည်း အလားတူကြိုးစားကြပါသေးတယ်။ရုရှား နိုင်ငံခြားရေးဝန်ကြီးက သူတို့ရဲ့ကာကွယ်ဆေးကို မြောက်ကိုးရီးယားကို ပေးဖို့ ကြိမ်ဖန်များစွာ ကမ်းလှမ်းခဲ့ပေမယ့် အခုထက်ထိ သူတို့လက်ခံမှာလား လက်မခံဘူးလားဆိုတာ သေသေချာချာမသိရသေးဘူးလို့ သတင်းထောက်တွေကို ဇူလိုင်လတုန်းက ပြောခဲ့ပါတယ်။
Source:WSJ