Published- 1 September 2021
အာဖဂန်နစ္စတန်ကနေ အမေရိကန်တွေ ရုတ်ရုတ်သဲသဲ ဆုတ်ခွာခဲ့ရတဲ့အပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေနှင့် ရင်ဆိုင်ရပြီးနောက် ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရှည်ကြာဆုံးစစ်ပွဲ နှင့် အခြားနိုင်ငံတွေကို စစ်အင်အားတွေကနေ တစ်ဆင့် ပြန်လည်တည်ဆောက်တဲ့ ဆယ်စုနှစ်များစွာကြာ အလဟဿ အားထုတ်မှု နှစ်ခုစလုံးကို အဆုံးသတ်ပစ်ဖို့ အကောင်းဆုံးရရှိတဲ့ ရွေးချယ်မှုဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
 
ဖရိုဖရဲ ထွက်ခွာရမှုကို ဘိုင်ဒင်က ထောက်ပံ့ပို့ဆောင်ရေးအရ အောင်မြင်တယ်လို့ ပုံဖော်ပါတယ်။ ရက်သတ္တပတ်များစွာ စောပြီးလုပ်ခဲ့ရင်လည်း ဒီလိုပဲ ရှုပ်ရှုပ်ပွပွဖြစ်မှာပဲဖြစ်ပြီး အာဖဂန်မှာ ဆက်နေမယ်ဆိုရင် အမေရိကန်တပ်တွေပိုလိုလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ ဒီစစ်ပွဲမှာ ဘယ်တော့မှ ကျွန်တော် ဆက်လုပ်မှာ မဟုတ်တော့ဘူး”လို့ သူက အိမ်ဖြူတော်ကနေ မိန့်ခွန်းပြောပါတယ်။
 
တာလီဘန်တွေဟာ ဩဂုတ် ၃၁ ရက်စောစောပိုင်းမှာ လေထဲကို သေနတ်တွေပစ်ဖောက်ပြီး အမေရိကန်နှင့် နေတိုးအဖွဲ့အလံ တွေကို ဖြုတ်ချကာ အောင်ပွဲခံခဲ့ကြပါတယ်။
အမေရိကန်တွေ ဆုတ်ခွာပြီးနောက် ပထမဆုံးပြောတဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ ဘိုင်ဒင်က အမေရိကန် ၅၅၀၀ဦးကို ကယ်ထုတ်ခဲ့ တယ်လို့ပြောပါတယ်။ ဝါရှင်တန်အနေနှင့် အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်တဲ့ စစ်သွေးကြွတွေကို ဆက်လက်ပစ်မှတ်ထားမှာဖြစ်တယ်လို့ဆက်ပြောပါတယ်။
 
ဒါပေမယ့် သူတို့မှာ တစ်ခါမျှ မရသေးတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းကို တည်ဆောက်နေရာချပေးဖို့ သူ့စစ်တပ်ကို ဘယ်တော့မှ အသုံးပြုလိမ့်မှာ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
 
“ အာဖဂန်နစ္စတန်ကိစ္စဆုံးဖြတ်လိုက်တာဟာ အာဖဂန်နစ္စတန်တစ်ခုတည်းအတွက် မဟုတ်ဘူး။ အခြားနိုင်ငံတွေ ပြန်လည်တည်ဆောက်ဖို့အတွက် စစ်ရေးအရ ကြီးမားတဲ့ လှုပ်ရှားလုပ်ဆောင်တဲ့ခေတ်ကို အဆုံးသတ်လိုက်တာလည်းဖြစ်တယ်” လို့သူက ပြောပါတယ်။
 
ကဘူးလ်လေဆိပ်ကနေ လူပေါင်း ၁၂၃၀၀၀ ကျော်ကို အမေရိကန်ပြည်ထောင်စုနှင့် သူ့ရဲ့ မဟာမိတ်တွေက အကြီးအကျယ် ကယ်ထုတ်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် စစ်ပွဲကာလအတွင်း အနောက်နိုင်ငံကို ကူညီခဲ့သူ အများအပြား ကျန်ရစ်နေခဲ့ကြပါတယ်လို့ ရိုက်တာက ရေးပါတယ်။
Source: Reuters