#WorldNews
Published 15 June 2022

အမေရိကန်ပြည်ထောင်စု မင်နီဆိုတာရှိစက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ဟာ တစ်နိုင်ငံလုံးဓာတ်ဆီဈေးနှုန်းမြင့်တက်လာတာကို စာနာနားလည်တဲ့အနေနဲ့ "ငါတို့လည်းဆီဈေးတက်လာတာကို သဘောမကျဘူး"ဆိုတဲ့ ဆိုင်းဘုတ်ကို ဆိုင်အပြင်မှာချိတ်ဆွဲထားပါတယ်။ ပြီးခဲ့တဲ့အပတ်က ဆီဈေးတစ်ဂါလံကို ၄.၇၂ ဒေါ်လာအထိမြင့်တက်လာခဲ့ကာ မာဖီကားပြုပြင်ရေးစင်တာရဲ့ပိုင်ရှင်များက စိန့်အန်သိုနီဓာတ်ဆီဆိုင်အပြင်ဘက်မှာ အဆိုပါ ဆိုင်းဘုတ်ကိုထောင်ထားလိုက်တာဖြစ်ပါတယ်။

 

ဓာတ်ဆီဆိုင်ပိုင်ရှင်'ချက်ခ်ဂရက်ဖ်'က ဆီဝယ်ယူသူတွေရဲ့ဒုက္ခကို သူတို့လည်းသိရှိနားလည်ကြောင်း ဖော်ပြထားတာဖြစ်တယ်လို မီဒီယာတစ်ခုကိုပြောပြခဲ့ပါတယ်။

 

အမေရိကန်မှာ ပြီးခဲ့တဲ့ ၁၃ ရက်စလုံး ဓာတ်ဆီဈေးစံချိန်တင်မြင့်တက်ခဲ့ရာ တစ်နိုင်ငံလုံးအနေနဲ့ တစ်ဂါလံကို ၅ ဒေါ်လာနီးပါးအထိရောက်ရှိခဲ့ပါတယ်။

 

ဝါရှင်တန်ဒီစီအပါအဝင် ပြည်နယ် ၂၁ ခုမှာ ခဲမပါတဲ့လောင်စာဆီတစ်ဂါလံကို ၅ ဒေါ်လာအထိရှိခဲ့ပါတယ်။

 

"အဲဒီအကြောင်းကို သည်းမခံနိုင်ဘူးဆိုရင်လည်း ထိုင်ငိုနေရုံသာရှိပါတယ်၊ သူတို့လည်းဘာမှမတတ်နိုင်ပါဘူး၊ တစ်ဂါလံအတွက် ၅ ဒေါ်လာပေးရမယ်ဆိုရင် အကုန်အကျများတယ်ဆိုပေမယ့် ပေးမှရမှာပဲလေ" လို့ ဆီဖြည့်သူတစ်ဦးက ပြောပြသွားပါတယ်။

 

နောက်ထပ်ဝယ်သူတစ်ဦးကလည်း ဆီဈေးမြင့်တက်လာတာကြောင့် သူ့ရဲ့ထရပ်ကားကြီးကို မမောင်းသာတော့ဘဲ ဆီဒန်ကားလေးကိုမောင်းနှင်နေရတယ်လို့ ဆိုလာပါတယ်။

 

"တခြားကားကိုမောင်းရင် ဆီအပြည့်ဖြည့်ဖို ဒေါ်လာ ၁၀၀ လောက်ကုန်ပါတယ်၊ ဒီကားလေဆိုရင်တော့ ၅၀ ဒေါ်လာလောက်ပဲကုန်ပါတယ်၊ ဆိုင်ကဒီလိုမျိုး ဆိုင်းဘုတ်လေးနဲ့ဖော်ပြထားတာကောင်းပါတယ်၊ ဘဝကအမြဲတမ်း ခက်ခဲနေတာပါပဲ၊ ဒါကြောင့် စိတ်အပန်းပြေစရာရဖို့လည်းလိုအပ်ပါတယ်" လို့ ပြောပြသွားပါတယ်။

 

Source: New York Post
#Yangon_Media_Group