Published 4 May 2022

တရုတ်နိုင်ငံ ရှန်ဟိုင်းမှာရှိတဲ့ ဘိုးဘွားရိပ်သာတစ်ခုမှာနေသူတစ်ဦးကို အသက်ရှင်နေလျက်နှင့် ရေခဲတိုက်ကို မှားပို့မိတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ ရှန်ဟိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုပျံ့နှံ့ပြီး ကာလကြာ လော့ခ်ဒေါင်းချထားနေရပြီး သက်ကြီးရွယ်အိုပြုစုရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ အပင်ပန်းဆုံးလုပ်ဆောင်နေရတဲ့အချိန်မှာ အဲဒီကိစ္စ ဖြစ်ပေါ်ခဲ့တာပါ။

မြူနီစပါယ်အစိုးရက ထိုကိစ္စဖြစ်ပွားခဲ့တာကို အတည်ပြုလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ဒေသဆိုင်ရာ မီဒီယာ တစ်ခုက သတင်းရေးသားပါတယ်။

အဲဒီဘိုးဘွားရိပ်သာက ဖြစ်ရပ်အတွက် တောင်းပန်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီမှားယွင်းမှုကြောင့်  တရုတ်ပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် စိတ်ဆိုးဒေါသဖြစ်မှုတွေနှင့် ရှုတ်ချအပြစ်တင်မှုတွေဖြစ်သွားစေတာကို ဆိုရှယ်မီဒီယာတွေမှာ ပြောဆိုသုံးသပ်နေတာတွေအရ သိရပါတယ်။

(အဲဒီဖြစ်ရပ်ကိုရိုက်ကူးထားပြီး ဆိုရှယ်မီဒီယာမှာပျံ့နှံ့ခဲ့တဲ့ရုပ်သံကို

https://t.me/yangonmediagroup/7464   မှာကြည့်ရှုနိုင်ပါတယ်)

အဲဒီအမှားကြောင့် လူလေးဦးကို ရာထူးမှထုတ်ပယ်လိုက်ပါတယ်။ အဲဒီသူတွေဟာ  ဘိုးဘွားရိပ်သာက ညွှန်ကြးရေးမှူးအဆင့် ရှိသူတစ်ဦးနှင့် ခရိုင်မြို့ပြရေးရာရုံးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးရုံးတွေက အရာရှိ(၃)ဦးတို့ဖြစ်ပါတယ်လို့ တရုတ်ဗဟိုရုပ်သံ အရ သိရပါတယ်။

ခရိုင်မြို့ပြရေးရာရုံး ညွှန်ကြားရေးမှူးကို ထပ်မံစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ထျင်းလို့အမည်ရတဲ့ ဆရာဝန်ရဲ့ ဆေးကုသခွင့် လိုင်စင်ကိုဖျက်သိမ်းပစ်လိုက်ပါတယ်။တစ်ဦးချင်းစီကို ပြည်သူ့လုံခြုံရေးကိစ္စနှင့် အမှုဖွင့်ထားပါတယ်။

ရှန်ဟိုင်းမြို့မှာ ငါးပတ်ဆက်တိုက်မြောက် လော့ခ်ဒေါင်းချထားခံရပြီးနောက် အဲဒီမှားယွင်းမှုဖြစ်ခဲ့တာပါ။ ကိုဗစ်ကူးစက်မှု အသစ်တွေဟာ နေ့စဦ်ထောင်ဂဏန်းရှိနေပါတယ်။ ကူးစက်မှုတွေနှင့်အနီးကပ်ထိတွေ့မှု  အားလုံးအပေါ် တင်းကြပ်တဲ့  ကန့်သတ်မှုတွေနှင့် မလုပ်မနေရ သီးသန့်ခွဲထားမှုတွေကြောင့် မြို့ရဲ့ ၂၅သန်းသော လူဦးရေအတွက် ဖရိုဖရဲဖြစ်နေစေပါတယ်။

ယခုနောက်ဆုံးကိုဗစ်လှိုင်းမှာသေဆုံးသူ ၄၀၀ကျော်ထဲက အများစုဟာ ရောဂါအခံရှိကြတဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။ အချို့ဘိုးဘွားရိပ်သာတွေက သေဆုံးတာတွေကို အကြောင်းမကြားကြဘူးလို့လည်း သတင်းတွေထွက်နေပါတယ်။ အခုဖြစ်ခဲ့တဲ့သူဟာ ကိုဗစ်ကူးစက်ခံထားရသူ ဒါမှမဟုတ် ကာကွယ်ဆေးထိုးထားပြီးသားသူလား ဆိုတာလည်း မသဲကွဲပါဘူး။

“ ဒါဟာလူသတ်မှုပဲ” လို့ စိတ်ဆိုးမာန်ဆိုးပို့စ်တွေကြားထဲမှာ ဝေးဘိုဆိုရှယ်ပလက်ဖောင်းသုံးသူတစ်ဦးက ပို့စ်ရေးသားပါတယ်။ “ မြို့ရဲ့လျှို့ဝှက်အကြပ်အတည်းက ပိုဆိုးလာနေပြီ” လို့သူကရေးပါတယ်။

အဲဒီရိပ်သာရှိတဲ့ ပူတူအိုမြို့ရဲ့ မြို့ပြရေးရာဌာနက ဒီဖြစ်ရပ်ကို အရေးတကြီးကိုင်တွယ်နေပြီး စစ်ဆေးမှုတွေပြီးရင် ထုတ်ဖော်ပြောကြားမယ်လို့ဆိုပါတယ်။

“ ဒါဟာ ရောဂါကပ်ဘေးနှင့်ဘာမှမဆိုင်သလို ဒါဟာ ပုံမှန်ဖြစ်နေက လျစ်လျူရှုမှုနှင့် တာဝန်ပေါ့ဆမှုလည်းမဟုတ်ဘူး။ ဒါဟာ သေစေနိုင်လောက်တဲ့ အကြီးအကျယ်တာဝန်ပျက်ကွက်မှုဖြစ်တယ်လို့ ဂလိုဗယ်တိုင်းမ်ရဲ့ အယ်ဒီတာချုပ်ဟောင်း မစ္စတာဟူရှီကျင်းက ဝေးဘိုမှာ ရေးသားထားပါတယ်။

 Source Straits Times