#WorldNews
Published - 05 April 2022
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အနည်းဆုံး ၈၇ ကြိမ်ထိုးနှံခဲ့တယ်လို့ယူဆရတဲ့ ဂျာမနီလူမျိုးတစ်ဦးကို အာဏာပိုင်များကစုံစမ်းမေးမြန်းလျက်ရှိကြောင်း Freie Presse သတင်းစာမှာ သောကြာနေ့ကဖော်ပြခဲ့ပါတယ်။

အဆိုပါဖော်ပြချက်အရ အသက် ၆၁ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ဂျာမနီအရှေ့ပိုင်းဒေသများဖြစ်တဲ့ ဆက်ဆိုနီနဲ့ ဆက်ဆိုနီအန်ဟော့တို့ရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာအများအပြားကို သွားရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

ထိုလူက ကာကွယ်ဆေးစင်တာတွေမှာ တစ်နေ့ကို ၃ ကြိမ်ထိုးနှံခဲ့ပြီး ဆက်ဆိုနီပြည်နယ်တစ်ခုတည်းမှာတင် ကိုဗစ်ကာကွယ်ဆေး ၈၇ ကြိမ်ထိုးနှံခဲ့တယ်လို့ ယူဆရပါတယ်။

ဒရက်စ်ဒန်မြို့ ကာကွယ်ရေးစင်တာတစ်ခုမှဝန်ထမ်းတစ်ဦးက ထိုလူကိုမှတ်မိသွားခဲ့ပြီး စတင်သံသယဝင်ခဲ့တာဖြစ်ကြောင်း ဂျာမနီကြက်ခြေနီအဖွဲ့မှ 'ကိုင်ခရာနစ်ချ်'က သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
နောက်တစ်ကြိမ် လိုက်ပ်ဇစ်မြို့ပြင်အိုင်လင်ဘာ့ဂ်ရှိ ကာကွယ်ဆေးစင်တာတစ်ခုကို ဝင်သွားခဲ့ရာမှာတော့ ဝန်ထမ်းကရဲကိုအကြောင်းကြားခဲ့ကာ ဖမ်းဆီးထိန်းသိမ်းလိုက်ရပါတယ်။
ကာကွယ်ဆေးထိုးပြီးကြောင်းထောက်ခံစာတွေကို ရောင်းစားမှုမှာပါဝင်တယ်ဆိုပြီး ထိုလူကို ဂျာမနီကြက်ခြေနီအဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။
ဆက်ဆိုနီပြည်နယ်မှာ ရာဇဝတ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး အခြားပြည်နယ်များမှအာဏာပိုင်တွေကလည်း ထိုလူကိုစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
အဆိုပါဂျာမနီလူမျိုးဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဘယ်နှကြိမ်ထိုးခဲ့လဲဆိုတာကို အတိအကျမသိရသေးပေမယ့် အနည်းဆုံး ၈၇ ကြိမ်ထက်များမယ်လို့ ခန့်မှန်းရပါတယ်။

သတင်းတင်ပို့ချက်များအရ ထိုလူဟာ ကာကွယ်ဆေးထိုးနှံဖို့ဝင်ရောက်သွားတိုင်း ကာကွယ်ဆေးစာရွက်စာတမ်းအလွတ်ကို ယူဆောင်သွားကြောင်း၊ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်ဆေးအမှတ်စဉ်အကြောင်းအရာများပါဝင်တဲ့နေရာကို ဖျက်ပစ်ပြီး ကာကွယ်ဆေးမထိုးထားတဲ့သူတွေကို ရောင်းချခဲ့ကြောင်း သိရှိရပါတယ်။
ကာကွယ်ဆေးထိုးနှံဖို့စာရင်းသွင်းရာမှာ သူ့ရဲ့ကျန်းမာရေးအာမခံကတ်ကိုမပြသဘဲ နာမည်အစစ်နဲ့မွေးရက်အစစ်အတိုင်း စာရင်းပေးသွင်းခဲ့တာကြောင့် သူ့ရဲ့လုပ်ရပ်တွေ မကြာခင်မှာပဲပေါ်သွားခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်က ကျန်းမာရေးကဏ္ဍမှာ ဒီဂျစ်တယ်စနစ်အသုံးမပြုတဲ့ ဂျာမနီနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့လိုအပ်ချက်ကို ပေါ်လွင်စေခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုများပြားလျက်ရှိပြီး အခြားဥရောပနိုင်ငံတွေနဲ့ယှဉ်ရင် ကာကွယ်ဆေးထိုးနှံမှုနှုန်းနည်းပါးနေပါတယ်။
ထိုးနှံခွင့်ရှိတဲ့လူဦးရေ ၇၅ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးအပြည့်ထိုးနှံထားပြီး ၅၈ ရာခိုင်နှုန်းကတော့ အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံပြီးသားဖြစ်ပါတယ်။
ဂျာမနီအရှေ့ပိုင်းပြည်နယ်တွေမှာ ပိုမိုနည်းပါးလျက်ရှိပြီး ဆက်ဆိုနီပြည်နယ်မှာ ၆၄.၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအပြည့်ထိုးနှံရပါသေးတယ်။
Source: DW.