#WorldHealth
Published - 04 April 2022
ကိုဗစ်ရောဂါဖြစ်ပွားတဲ့လူအများစုဟာ ရောဂါမှပြန်လည်သက်သာလာပြီးနောက်ပိုင်း ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။

ဒီလက္ခဏာဝေဒနာတွေဟာ အချိန်ကြာလာတာနဲ့အမျှ သက်သာသွားတတ်ပေမယ့် ဆိုးရွားတဲ့ဝေဒနာတွေဆက်လက်ခံစားနေရပါက ကျွမ်းကျင်သူများနဲ့ တိုင်ပင်ကုသသင့်ကြောင်း အကြံပြုထားကြပါတယ်။

ကိုဗစ်နောက်ဆက်တွဲလက္ခဏာဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းက ကိုဗစ်ရောဂါပြင်းထန်စွာခံစားခဲ့ရတာကြောင့်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ အမျိုးသားကူးစက်ရောဂါစင်တာမှ ဒေါက်တာ'ဘာနာဘီယန်း'က ပြောကြားလိုက်ပါတယ်။

"အရေးကြီးဆုံးကတော့ ကာကွယ်ဆေးတွေ အားမြှင့်ကာကွယ်ဆေး(booster)တွေထိုးပြီး ကာကွယ်ဖို့ပါပဲ" လို့ ဆိုပါတယ်။ သူ့ရဲ့ပြောဆိုချက်ကို မောင့်အယ်လီဇဘက်ဆေးရုံရှိ နှလုံးနှင့်သွေးကြောဌာနမှ နှလုံးအထူးကုဆရာဝန်'အက်ဂါတေ'ကလည်း ထောက်ခံလိုက်ပါတယ်။

ကိုဗစ်နောက်ဆက်တွဲလက္ခဏာဖြစ်ပွားရခြင်း အကြောင်းအရင်းတွေထဲမှာ ရောဂါပြင်းထန်စွာခံစားခဲ့ရခြင်းအပြင် ကူးစက်စဉ်က ဗိုင်းရပ်စ်ပမာဏများပြားခြင်း၊ ဆီးချိုရောဂါအခံရှိခြင်း၊ ခုခံအားစနစ်မှအလိုအလျောက်ထွက်ရှိလာတဲ့ autoantibody များရှိခြင်း၊ ရေယုန်ဖြစ်ပွားနိုင်တဲ့ Epstein-Barr ဗိုင်းရပ်စ်ပြန်လည်ပွားများလာခြင်း တို့ကြောင်းလည်း ဖြစ်နိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးထားပေမယ့်လည်း နောက်ဆက်တွဲလက္ခဏာပေါ်ပေါက်ရခြင်းအကြောင်းကိုတော့ သေချာမသိရှိသေးပေမယ့် မျိုးရိုးဗီဇပေါင်းစပ်သွားခြင်း၊ ရောဂါကာကွယ်ရေးပိုးမွှားများနဲ့ ပတ်ဝန်းကျင်သက်ရောက်မှုတို့ကြောင့် ဖြစ်တတ်ပါတယ်လို့ ဒေါက်တာ'ယန်း'ကရှင်းပြထားပါတယ်။

ကိုဗစ်နောက်ဆက်တွဲဝေဒနာခံစားရသူအများစုဟာ ရောဂါကူးစက်ခံရပြီး ၄ ပတ်အတွင်း ပြန်လည်သက်သာသွားတတ်ကြပါတယ်။ အချို့လူတွေမှာ ၄ ပတ်မှ ၁၂ ပတ်အတွင်းကြာတတ်ပြီး လူအနည်းစုမှာဆိုရင် ဒီထက်မကကြာမြင့်စွာ ခံစားရတတ်ပါတယ်။

အိုမီခရွန်ကူးစက်မှုကာလအတွင်း နောက်ဆက်တွဲလက္ခဏာခံစားရသူအချိုးအစားနည်းသွားမယ်လို့ ဒေါက်တာ'ယန်'ကခန့်မှန်းလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကာလမှာ ကာကွယ်ဆေးထိုးပြီးမှ ရောဂါကူးစက်ကြသူတွေများပြီး အိုမီခရွန်ကိုယ်တိုင်ကလည်း ရောဂါဆိုးရွားမှုနည်းပါးတာကြောင့်ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူနာတွေအနေနဲ့ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အဖျားတာရှည်ခြင်းတို့ ကြုံတွေ့လာပြီဆိုရင်တော့ ဆေးကုသမှုခံယူသင့်ပါတယ်။
"ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေက သိပ်မသိသာတာကြောင့် ကိုယ့်ဘာသာကိုယ်ဂရုစိုက်လို့ရပါတယ်။ ဒါပေမဲ့အကယ်၍များ ဒီဝေဒနာတွေက ပုံမှန်နေ့စဉ်လှုပ်ရှားသွားလာမှုကို ထိခိုက်လာတာမျိုး၊ သက်သာခြင်းမရှိတာမျိုး၊ စိုးရိမ်ပူပန်နေရတာမျိုး ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်" လို့ 'ယန်း'က အကြံပြုလိုက်ပါတယ်။

ဒါ့အပြင်ဒေါက်တာ'တေ'ကလည်း နောက်ဆက်တွဲလက္ခဏာတာရှည်နေတဲ့သူတွေ၊ ပိုဆိုးရွားလာတဲ့သူတွေ၊ နေထိုင်မှုပုံစံကို ထိခိုက်လာတဲ့သူတွေ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ်ဖို့စီစဉ်ရင်း ရင်ဘတ်အောင့်ခြင်း အသက်ရှူကြပ်ခြင်း နှလုံးခုန်မြန်ခြင်း ခေါင်းကိုက်ခဲခြင်းတို့ခံစားရသူတွေအနေနဲ့ ဆေးကုသခံယူဖို့ တိုင်ပင်သင့်ကြောင်း ပြောကြားလိုက်ပါတယ်။
Source: The Straits Times