#WorldHealth
Published - 24 March 2022
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမခံရတဲ့သူတွေထက်စာရင် ကိုဗစ်ရောဂါဖြစ်ပွားခဲ့တဲ့သူတွေဟာ တစ်နှစ်အတွင်း ဆီးချိုရောဂါဒုတိယအမျိုးအစားဖြစ်ပွားလာနိုင်ချေများကြောင်း လူနာမှတ်တမ်းလေ့လာချက်များကို တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။

ကိုဗစ်ရောဂါပြင်းထန်ခြင်းမရှိခဲ့တဲ့သူတွေမှာတောင် ဆီးချိုရောဂါဖြစ်လာနိုင်ချေရှိနေပြီး ကိုဗစ်ရောဂါလက္ခဏာပြင်းထန်စွာခံစားခဲ့ရသူများကတော့ ဆီးချိုရောဂါစတင်ဖြစ်ပွားလာနိုင်ချေပိုများခဲ့ပါတယ်။

စစ်မှုထမ်းဟောင်းဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့တဲ့ လူနာ ၁၈၁,၀၀၀ ကျော်ကို ၂၀၂၀ မတ်လ ၁ ရက်နေ့မှ ၂၀၂၁ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း မှတ်တမ်းအချက်အလက်များလေ့လာခဲ့ကြပါတယ်။

ဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ သက်ရောက်မှုကို သက်သေမပြနိုင်ပေမယ့် ဒီရောဂါနှစ်ခုကြားဆက်စပ်မှုရှိတာကိုတော့ တွေ့ရှိခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာ ၄၆ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါဒုတိယအမျိုးအစား စတင်ဖြစ်ပွားခြင်း ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်ထိန်းသိမ်းဖို့ ကုသခြင်းများခံယူရတတ်ပါတယ်။

ဒီလေ့လာတွေ့ရှိမှုကို Lancet Diabetes & Endocrinology ဆေးပညာဂျာနယ်မှာ တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။ ဆီးချိုရောဂါဒုတိယအမျိုးအစားဆိုတာက သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်း မလုံမလောက်ဖြစ်တာကြောင့် သကြားဓာတ်ပမာဏမြင့်တက်လာတာဖြစ်ပါတယ်။

ဆီးချိုရောဂါဒုတိယအမျိုးအစားက ကျောက်ကပ်၊ အာရုံကြော၊ သွေးကြော၊ နှလုံးတို့ကို ထိခိုက်တတ်ပါတယ်။

ကပ်ရောဂါကာလအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူတွေထဲက လူပေါင်း ၄၇၁ သန်းလောက် ဆီးချိုရောဂါခံစားရနိုင်ချေရှိနေကာ အမေရိကန်မှာ သန်းပေါင်း ၈၀ နီးပါးလောက်ရှိနေပြီး အထူးသဖြင့် ကိုဗစ်နောက်ဆက်တွဲလက္ခဏာများခံစားရသူတွေဖြစ်ပါတယ်။

ကိုဗစ်ရောဂါဖြစ်ဖူးတယ်ဆိုရင် ကိုယ့်ရဲ့သွေးတွင်းသကြားဓာတ်ကို သတိထားစောင့်ကြည့်သင့်ကြောင်း စိန့်လူးဝစ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှ သုတေသနဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲ'ဇိုင်ယက်အယ်လ်အလီ'က ပြောကြားလိုက်ပါတယ်။

စစ်မှုထမ်းဟောင်းဌာနမှကိုဗစ်လူနာများဟာ သာမန်ထက်အသက်အရွယ်ကြီးသူတွေများပြီး လူဖြူများနဲ့ အမျိုးသားအရေအတွက်ပိုများပါတယ်။ ဒါပေမဲ့ဒီလေ့လာမှုမှာ လူအများအပြားပါဝင်တဲ့အတွက် တွေ့ရှိချက်တွေကယုံကြည်ရတဲ့အနေအထားဖြစ်ကြောင်း 'အယ်လ်အလီ'ကဆိုပါတယ်။

ဆီးချိုဖြစ်ပေါ်လာနိုင်တဲ့သူတွေထဲမှာ လူပေါင်းစုံပါဝင်နိုင်ပြီး အမျိုးသမီးများ၊ လူနည်းစုများ၊ အသက်ငယ်သူများ၊ ခန္ဓာကိုယ်အချိုးအစားမျိုးစုံတို့မှာလည်း ဖြစ်ပွားနိုင်ပါတယ်။
ဆီးချိုရောဂါပေါ်လာတဲ့သူတွေထဲမှာမှ ဒုတိယအမျိုးအစားဖြစ်ပွားသူ ၉၉ ရာခိုင်နှုန်းအထိရှိနေပါတယ်။
Source: The Washington Post.