#WorldHealth
Published - 22 March 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခြင်းဖြင့် ကလေးငယ်များမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာအန္တရာယ်ဖြစ်တဲ့ လည်ချောင်းရောင်ရမ်းခြင်းလက္ခဏာအဖြစ်များလာကြောင်း လေ့လာချက်အသစ်မှာဖော်ပြထားပါတယ်။

ဗိုင်းရပ်ကူးစက်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းလာပြီး အသက်ရှူရခက်ခဲတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ အဲဒီနောက်အသက်ရှူတဲ့အခါမှာ စူးရှရှအသံမျိုးထွက်လာပြီး ချောင်းဆိုးသံကျယ်လာတတ်ပါတယ်။

ဘော့စ်တွန်ကလေးဆေးရုံမှ အရေးပေါ်ဆရာဝန်တွေက ကပ်ရောဂါစတင်တဲ့အချိန်ကနေ ၂၀၂၂ ဇန်နဝါရီလလယ်မတိုင်ခင်အထိ လည်ချောင်းရောင်ရမ်းခြင်းဖြစ်ပွားခဲ့တဲ့ ကလေးငယ် ၇၅ ယောက်ကို ကုသပေးခဲ့ပါတယ်။

ဒီကလေးတွေထဲက ၈၀ ရာခိုင်နှုန်းဟာ ၂၀၂၁ ဒီဇင်ဘာလအတွင်း အိုမီခရွန်စတင်ပျံ့ပွားပြီးနောက်ပိုင်းမှာ ဖြစ်ပွားခဲ့ကြတာဖြစ်ကြောင်း ကလေးအထူးကုဌာနများထံ အကြောင်းကြားခဲ့ကြပါတယ်။

ကလေးအများစုကို စတီးရွိုက်များဖြင့်ကုသပေးခဲ့ပြီး အိမ်ပြန်လွှတ်ပေးခဲ့ပေမယ့် အချို့ကလေးတွေကိုတော့ ဆေးရုံတက်ကုသမှုပေးခဲ့ရပါတယ်။ ယေဘုယျ ခြုံကြည့်လိုက်ရင် အခြားဗိုင်းရပ်စ်ပိုးများကြောင့် လည်ချောင်းရောင်ရမ်းခြင်းထက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လည်ချောင်းရောင်ရမ်းရတဲ့ကလေးတွေကို ဆေးကုသမှုများပိုမိုဆောင်ရွက်ပေးခဲ့ရကြောင်း ဆရာဝန်များသိရှိခဲ့ရပါတယ်။

အိုမီခရွန်စတင်ပျံ့ပွားလာတဲ့အချိန်မှာ လည်ချောင်းရောင်ရမ်းခြင်းဖြစ်ပွားခဲ့တဲ့လူနာတွေ စတင်များပြားလာတာကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်လို့ ဦးဆောင်သုတေသနပြုလုပ်တဲ့ ဒေါက်တာ'ရိုင်ယန်ဘရူစတာ'က ဖော်ပြခဲ့ပါတယ်။

အခြားဗိုင်းရပ်စ်တွေကြောင့်လည်း လည်ချောင်းရောင်ရမ်းခြင်းဖြစ်တတ်ပေမယ့် ကလေးငယ်တွေမှာ အဲဒီလိုလက္ခဏာရှိပြီဆိုရင် ကိုဗစ်ရောဂါကူးစက်တာမျိုးဖြစ်နိုင်ချေရှိတာကို မိဘများသတိပြုမိဖို့ လိုအပ်ပြီး မိသားစုဝင်တွေလည်း ရောဂါပိုးစစ်ဆေးသင့်ပါတယ်လို့ သုတေသီများက အကြံပြုထားပါတယ်။

Source: Reuters