#WorldHealth
Published - 05 March 2022
Johnson & Johnson (J&J) ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေရဲ့ ဆေးရုံတက်ကုသခံယူမှုနှုန်းဟာ ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေး ထိုးထားတဲ့သူတွေထက် ၅ ဆပိုများကြောင်း ပြင်သစ်မှလေ့လာမှုကြီးတစ်ခုမှာ ဖော်ပြထားပါတယ်။

အဆိုပါစမ်းသပ်မှုတွင် စမ်းသပ်ခံသူ ၇ သန်းနီးပါးပါဝင်ကာ လူတဝက်လောက်က ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားသူတွေဖြစ်ပြီး နောက်တဝက်ကတော့ တစ်ကြိမ်တည်းထိုးရတဲ့ J&J ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေဖြစ်ပြီး အားလုံးရဲ့ပျမ်းမျှအသက်က ၆၆ နှစ်ရှိပါတယ်။

စမ်းသပ်ခံသူတဝက်ခန့်က ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေအပြည့်ထိုးပြီးသည်မှာ အနည်းဆုံး ၆ ပတ်ရှိနေတဲ့အချိန်မှာ J&J ကာကွယ်ဆေးထိုးထားသူတွေထဲက ၁၂၉ ဦးက ဆေးရုံတက်ကုသခံယူခဲ့ရကာ ဖိုင်ဇာ-ဘိုင်အိုတက်ခ်ထိုးထားသူတွေထဲကတော့ ၂၃ ဦးသာ ဆေးရုံတက်ကုသခံယူခဲ့ရကြောင်း သုတေသီတွေက JAMA Network Open ဂျာနယ်မှာ ဗုဒ္ဓဟူးနေ့ကဖော်ပြခဲ့ပါတယ်။

ရရှိလာတဲ့အချက်အလက်တွေအရ ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေးရဲ့ ဆေးရုံတက်ကုသခံယူမှုကာကွယ်နိုင်စွမ်းက ၉၂ ရာခိုင်နှုန်းရှိပြီး J&J ကာကွယ်ဆေးကတော့ ၅၉ ရာခိုင်နှုန်းကာကွယ်ပေးနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

"ဒီတွေ့ရှိချက်တွေအရ J&J ကာကွယ်ဆေးအရင်ထိုးထားတဲ့သူတွေမှာ mRNA ကာကွယ်ဆေးတစ်မျိုးမျိုးကို အားမြှင့်ကာကွယ်ဆေး(booster)အဖြစ် ထိုးသင့်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေဖြစ်ပါတယ်" လို့ အဆုံးသတ်မှာဖော်ပြထားပါတယ်။