Published 16 Oct 2022
ခေတ်မီဆိုရှယ်လစ်တရုတ်နိုင်ငံကို ညီညွတ်မှုဖြင့်ကြိုးပမ်းတည်ထောင်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အောက်တိုဘာ ၁၆ ရက် ဘေဂျင်းမှာကျင်းပတဲ့ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ဖွင့်ပွဲမှာ ပြောကြားလိုက်ပါတယ်။

ပါတီတစ်ခုလုံးနှင့် တိုင်းရင်းသားအုပ်စုတွေအားလုံးရဲ့ တရုတ်ပြည်သူတွေဟာ ဒုတိယရာစုပန်းတိုင်ကို ရှေးရှုပြီး ခေတ်မီဆိုရှယ်လစ်နိုင်ငံတစ်နိုင်ငံကို လေးစားတန်ဖိုးထားမှုနှင့်ခေတ်မီတိုးတက်မှုတို့ဖြင့် တည်ဆောက်ဖို့ ခရီးအသစ်တစ်ခုစတင်တဲ့ အရေးကြီးတဲ့ အချိန်မှာ ယခု ကွန်ဂရက်ကို ကျင်းပတာဖြစ်တယ်လို့  ရှီက ပြောပါတယ်။

“ ဒီကွန်ဂရက်ရဲ့ အာဘော်က တရုတ်တို့ရဲ့ ပင်ကိုယ်လက္ခဏာတွေနှင့်အတူ ကြီးမြတ်တဲ့ ဆိုရှယ်လစ်ဝါဒ အောင်လံကြီးကို မြင့်မားစွာ စိုက်ထူခြင်းပဲဖြစ်ပါတယ်။ ခေတ်သစ်မှာ ဆိုရှယ်လစ်ဝါဒကို တရုတ်ရဲ့ ပင်ကိုယ်လက္ခဏာတွေနှင့် အပြည့်အဝ အကောင်အထည်ဖော်ဖို့ဖြစ်တယ်” လို့ ရှီကပြောပါတယ်။

လီကာရှင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အကြိမ်၂၀မြောက် အမျိုးသားကွန်ဂရက်ကိုဖွင့်လှစ်  ကြောင်းကြေညာပါတယ်။

ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကွန်ဂရက်ဟာ ခေါင်းဆောင်မှုအသစ်တွေကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။

ကွန်ဂရက်ရဲ့ အဓိကအစီအစဉ်တွေထဲမှာ  ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက တင်သွင်းတဲ့  အစီရင်ခံစာကို ကြားနာဆန်းစစ်ခြင်း၊ ၁၉ကြိမ်မြောက်စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ရဲ့အစီရင်ခံစာကို ဆန်းစစ်ခြင်း၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းပုံကိုပြင်ဆင်ခြင်းနှင့် ၂၀ကြိမ်မြောက် ဗဟိုကော်မတီနှင့် ၂၀ကြိမ်မြောက် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကို ရွေးချယ်တင်မြှောက်ခြင်းတို့ပါဝင်ပါတယ်။

ကွန်ဂရက်ကို ရွေးချယ်ခံ ကိုယ်စားလှယ်ပေါင်း ၂၂၉၆ ဦးတက်ရောက်နေပါတယ်။ သူတို့ကို တရုတ်ကွန်မြူနစ်ပါတီဝင် ၉၆သန်းကျော်နှင့် နိုင်ငံအနှံ့က အခြေခံအဆင့်ပါတီအဖွဲ့အစည်း ၄.၉သန်းကျော်၊အဲဒီအပြင် တိုင်းရင်းသားအဖွဲ့တွေအားလုံးရဲ့ မျှော်လင့်ချက်တွေ သယ်ဆောင်လာ ကြတယ်လို့ တရုတ်အစိုးရပိုင် CCTVက သတင်းဖော်ပြခဲ့ပါတယ်။

Source CCCTV+

#20th_CPC_National_Congress

#Xi_Jinping

#China_Politics