#Local_News
Published_ 12 February 2023

 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Fang Hong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၁၀ ရက်၊ နံနက်ပိုင်း တွင်နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။

 

တွေ့ဆုံစဉ် Ms. Fang Hong က အာဆီယံ-တရုတ် ဆွေးနွေးဘက်ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ် အထူးထိပ်သီးအစည်းအဝေး၌ အာဆီယံ-တရုတ် ဘက်စုံ မဟာ ဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တည်ထောင်နိုင်ခဲ့ခြင်းအပါအဝင် လွန်ခဲ့တဲ့နှစ်များအတွင်း အာဆီယံ-တရုတ် ဆွေးနွေးဘက်ဆက်ဆံရေး တိုးတက်စေရေး အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများကို ကျေးဇူးတင်ကြောင်း ပြောကြားပါတယ်။

 

ထို့နောက် အာဆီယံ-တရုတ် စိုက်ပျိုးရေးနှင့် အစားအစာဖူလုံရေး ပူးပေါင်း ဆောင်ရွက်မှု နှစ်အတွက် ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပြုလုပ်ရေးနှင့် (၂၉) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရေးတို့ အပေါ် ဆွေးနွေးခဲ့ ကြပါတယ်။

 

ဆက်လက်၍ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ်၏ တစ်ခုတည်း သောညှိနှိုင်းစာသားအား ဒုတိယအကြိမ်ဆွေးနွေးမှုအား ဆောလျင်စွာ အပြီးသတ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် နှစ်ဖက်စလုံးမှထပ်မံကတိပြုခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် နှစ်ဖက်အပြန်အလှန် စိတ်ဝင်စားမှုရှိတဲ့ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

 

ထို့နောက် အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်သီတာအေးသည် ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Fang Hong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံအပေါင်းသုံး ပူးပေါင်းဆောင်ရွက်ရေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံဒေသဆိုင်ရာဖိုရမ်ကဲ့သို့ အာဆီယံ ဦးဆောင်သည့် ယန္တရားများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အခွင့်အလမ်းများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အခြားအပြန်အလှန်စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group