Published 8 Jan 2023

ဩစတြေလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်လ် Mr. Sean Turnell အပေါ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ပယ်ဖျက်လိုက်တယ်လို့ နစက အစိုးရက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ (၆)ရက်နေ့က အမိန့်ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရှိရပါတယ်။

အဆိုပါအမိန့်အမှတ် ၇၉/၂၀၂၂ ထဲမှာ ၂၀၂၂ခုနှစ်နိုဝင်ဘာလမှာ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့တဲ့ Mr. Sean Turnell ဟာ   ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီးနောက် ကျန်ရှိနေသည့် ပြစ်ဒဏ် ကာလမစေ့မီအတွင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာများတွင် လည်းကောင်း၊ သတင်းမီဒီယာများနှင့် ဆက်သွယ်ပြောကြားရာတွင်လည်းကောင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားဖော်ပြခြင်း၊ ပြောဆိုခြင်းများသည် ၎င်းအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးစဉ်က သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ရာရောက်ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြပါရှိပါတယ်။

နစက ဥက္ကဋ္ဌသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ပြစ်ဒဏ် ကျခံလျက်ရှိသော ဩစတြေးလျနိုင်ငံသား Mr. Sean Turnell အား နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုသော အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၇၄/၂၀၂၂ ဖြင့် နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျခံရန်ကျန်ရှိနေသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်တယ်လို့လည်း အဆိုပါ အမိန့် ၇၉/၂၀၂၂ က ဆိုပါတယ်။

အဲဒါကြောင့်  ဩစတြေးလျနိုင်ငံသား Mr. Sean Turnell အား နစကရဲ့ အမိန့်အမှတ် ၇၄/၂၀၂၂ ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၃) အရ ပယ်ဖျက်လိုက်တယ်လို့ အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးလုပ်ခဲ့တဲ့ ပါမောက္ခရှောင်တာနယ်ဟာ  နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနှင့် ပြစ်ဒဏ်စီရင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်၂၀၂၂ခုနှစ် နိုဝင်ဘာလမှာ အကျဉ်းထောင်ကနေ နစက ဥက္ကဋ္ဌရဲ့ လွတ်ငြိမ်းအမိန့်အရ ထောင်မှလွတ်မြောက်လာသူဖြစ်ပါတယ်။

ymg/knl

#Sean_Turnell

#Myanmar_Politics