#Local_News
Published_ 1st January 2023

 

(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များကို ယနေ့ ဇန်နဝါရီလ ၁ ရက်တွင် ချီးမြှင့်အပ်နှင်းခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားကာ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်အတွင်း ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ (၇၄၄) ဦးကို ပေးအပ်ချီးမြှင့်ရာတွင် ယနေ့ ပထမနေ့အခမ်းအနားတွင် အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့ရရှိသူ(၃)ဦး၊ သတိုးသီရိသုဓမ္မဘွဲ့ရရှိသူ (၁)ဦး၊ အဂ္ဂမဟာ သရေစည်သူဘွဲ့ရရှိသူ (၄)ဦး၊ သတိုးမဟာသရေစည်သူဘွဲ့ရရှိသူ (၂)ဦး၊ မဟာ သရေစည်သူဘွဲ့ရရှိသူ (၆)ဦး၊ သရေစည်သူဘွဲ့ရရှိသူ (၁၁)ဦး၊ စည်သူဘွဲ့ရရှိသူ (၇၈)ဦး၊ သီဟသူရဘွဲ့ရရှိသူ (၁) ဦး၊ သူရဘွဲ့ရရှိသူ (၄)ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ (၅၀)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (သံအမတ်ကြီးများ) (၂၈)ဦး၊ ဝဏ္ဏကျော်ထင် ဘွဲ့ရရှိသူ (အကြံပေးပုဂ္ဂိုလ်) (၈)ဦး၊ စုစုပေါင်း (၂၀၆)ဦးတို့ကို လက်ရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က အဂ္ဂမဟာသီရိသုဓမ္မဘွဲ့နှင့် အဂ္ဂမဟာ သရေ စည်သူဘွဲ့ရရှိကြသည့် နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း)ဦးနု(ကိုယ်စား)သမီး ဒေါ်သန်းသန်းနု အားလည်းကောင်း၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးစန်းယု (ကိုယ်စား) သမီး ဒေါ်လဲ့လဲ့ယု အားလည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီး စောမောင် (ကိုယ်စား) သား ဦးသီဟစောအားလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

 

ယင်းနောက် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် အဂ္ဂမဟာသရေစည်သူ ဘွဲ့ရရှိသည့် နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးနေဝင်း (ကိုယ်စား) သမီး ဒေါက်တာ ခင်စန္ဒာဝင်းအားလည်းကောင်း၊ သတိုးမဟာသရေစည်သူဘွဲ့ရရှိကြသည့် ကာကွယ်ရေး ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးသူရကျော်ထင် (ကိုယ်စား) ဦးသန့်ကျော်အားလည်းကောင်း၊ မဟာသရေစည်သူဘွဲ့ရရှိကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးဗဆွေ (ကိုယ်စား) သမီး ဒေါ်နေရည်ဗဆွေ၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) သူရ ဦးထွန်းတင် (ကိုယ်စား)သား ဦးရဲမြင့်ထွန်း၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး အေးကို(ငြိမ်း) (ကိုယ်စား) မြေး ဒေါ်မေသက်ကျော်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ(ငြိမ်း) (ကိုယ်စား) သား ဦးဇော်ထွန်းနှင့် ဒုတိယ ဝန်ကြီးချုပ်(ငြိမ်း) ဦးကျော်ငြိမ်း (ကိုယ်စား) သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ကို လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကာသရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သီဟသူရဘွဲ့၊ သူရဘွဲ့၊ ဇေယျ ကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိကြသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ဂုဏ်ပြုချီးမြှင့်ထိုက်သူအား ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းလည်းဖြစ်ပြီး တိုင်းပြည် အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအပေါ် ယခုကဲ့သို့ မှတ်တမ်းတင်ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသကဲ့သို့ အနာဂတ်ကာလတွင်လည်း နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ သားစဉ်မြေးဆက်များကိုပါ ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်းများ ပြကြပါဟုလည်း နစက ဥက္ကဌက အခမ်းအနားတွင် တိုက်တွန်းခဲ့သည်။

 

နိုင်ငံတော်အတွက် မိမိအသက်ခန္ဓာကို ပဓာနမထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက်သည့် စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့က ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်များကို ဖြည့်စွက်ပြဋ္ဌာန်းချက် များနှင့်အညီ စိစစ်ပြီးထောက်ခံတင်ပြချက်များအရ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_Group