#LocalNews
Published _25 December 2022

 

ဒေသတွင်း အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများ ဆက်လက်တည်ဆောက်သွားရန် နစက ဥက္ကဌ က ဒီဇင်ဘာလ ၂၄ ရက်က ပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နေ့အထိမ်းအမှတ် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်း အခမ်းအနားတွင်ပြောကြားခဲ့သည်။

 

တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိ တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy)အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့်ဆက်စပ်ပင်လယ်ပြင်များသို့ အင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/ Regional Navy)အဖြစ် တည်ဆောက်လျက်ရှိကြောင်းနှင့် ရေရှည်တွင် အကျိုးစီးပွားများဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့်ရေတပ် (Blue Water Navy Ambition) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ယင်းကဆိုသည်။

 

မြန်မာ့ပင်လယ်ပြင်အကျယ်အဝန်း စတုရန်းရေမိုင် ၁၄၀၀၀၀ ကျော် ရှိပြီး ကမ်းရိုးတန်းအရှည် ရေမိုင် ၁၃၀၀ ခန့်ရှိသည့်အတွက် ဆိပ်ကမ်းကြီးများနှင့် ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်း (Sea Line of Communication) များကို အပြည့်အဝအသုံးချပြီး သမုဒ္ဒရာဖြတ်ကျော် ရေကြောင်းကုန်သွယ်မှုလုပ်ငန်း (Seaborne Trade)များကို ထိထိရောက်ရောက်ဖော်ဆောင်ရန် အခွင့်အလမ်းများရှိ ကြောင်း၊ မျက်မှောက်ခေတ် ကြုံတွေ့နေရသည့် စစ်ဆင်ရေး သဘောသဘာဝအရ တပ်မတော်(ရေ)အနေနဲ့ သမားရိုးကျစစ်ဆင်ရေးများအတွက် ပင်လယ်ပြင်တိုက်ပွဲဝင် နိုင်ရေး (Open Sea Battle) ကို ပြင်ဆင်နေရသကဲ့သို့ လက်ရှိလုံခြုံရေးအခြေအနေ များအရ မြစ်တွင်းစစ်ဆင်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လာရ ကြောင်း၊ တပ်တော်ဝင်သည့် ၂၃ မီတာ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်များကို မြန်မာ့ရေမြေ လိုအပ်ချက်အတိုင်း ဆန်းသစ်တီထွင်ကာ ပိုမိုတောင့်တင်းခိုင်မာသည့် Armor Plate များနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မြစ်တွင်းစစ်ဆင်ရေး၊ လုံခြုံရေးနှင့် တပ်ဖွဲ့တင် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အဓိကရည်ရွယ်ခြင်းဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။

 

ယခုစစ်ရေယာဉ်များပေါ်တွင် ခြေလျင်တပ်ဖွဲ့များတင်ဆောင်ပြီး ရေကြောင်း ပစ်ကူပေးနိုင်ရန်နှင့် ကမ်းထိုးကမ်းတက် စစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်ပေးခဲ့သည့်အပြင် စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ တင်ဆောင်ကာ ဘက်စုံသုံးတပ်ဖွဲ့တင် ကမ်းထိုးရေယာဉ်တာဝန်များကိုပါ ထမ်းဆောင် သွားနိုင်မည် ဖြစ်ကြောင်း၊ ဧရာဝတီ၊ ချင်းတွင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မြစ်ကြီးများအတွင်း ရေကြောင်းလုံခြုံရေးများ၊ စစ်ဆင်ရေးများ ထိ ရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေတိမ်မြစ်တွင်းသွား စစ်ရေယာဉ်များကိုလည်း တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း လည်း နစက ဥက္ကဌက ပြောသည်။

 

ဒီဇင်ဘာလ ၂၄ ရက်က တပ်တော်ဝင်ခဲ့သည့် Super Dvora အမြန်သွားကင်းလှည့် ရေယာဉ်များ ကို ပြည်ပမှနည်းပညာလွှဲပြောင်းရယူခဲ့ပြီး တပ်မတော်(ရေ) အင်ဂျင်နီယာပညာရှင်များ ကိုယ်တိုင် နည်းပညာမြင့်တည်ဆောက်နိုင်ခဲ့သည့် ရေယာဉ်များဖြစ်ကာ ရေမိုင် ၄၀ ကျော် မြန်နှုန်းမြင့်ခုတ်မောင်းနိုင်ကာ ရန်သူ့ရေတပ်ဖွဲ့ကို Swarming Tactics နှင့် ကြားဖြတ်တိုက်ခိုက်ရေး တာဝန်များကိုပါ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိသည့် ကမ်းရိုးတန်းရေပြင်တွင် မည်သည့် ကျူးကျော်မှုမျိုးကိုမဆို ကျွန်းကြိုကျွန်းကြားမှ စစ်နည်းဗျူဟာမြောက် မြန်နှုန်းမြင့် မောင်းနှင်ပြီး တားဆီးချေမှုန်းတိုက်ခိုက်နိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး Super Dvora တည်ဆောက်ခဲ့သည့် အတွေ့အကြုံ များစွာ ရှိပြီးဖြစ် သဖြင့် ယခုထက် အရွယ်ပမာဏပိုမိုကြီးမားပြီး စွမ်းဆောင်ရည်မြင့်သည့် သင်္ဘောမျိုး တည်ဆောက်နိုင်ရန်အတွက်လည်း ကြိုးပမ်းသွားရန်လိုကြောင်း၎င်းက ဆိုသည်။

 

တိုက်ပွဲဝင်စစ်ရေယာဉ်များတွင် တာဝန်ထမ်း ဆောင်မည့် စစ်သည်တော်များအား တစ်ဦးချင်းအရည်အချင်း တိုးတက်စေရန် ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံများအပါအဝင် နိုင်ငံအများအပြားသို့ စေလွှတ်တက်ရောက်စေခဲ့ပြီးဖြစ်သည့်အပြင်
၂၀၁၅ ခုနှစ်မှစတင်ပြီး ပြည်တွင်း၌လည်း Mobile Training Team နည်းပြများအား ခေါ်ယူလျက် အရာရှိ၊ စစ်သည်အများအပြားကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသားအရာရှိ၊ စစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည်များကိုပါ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကာ အမျိုးသမီး အရာရှိ၊ စစ်သည် များလည်း စစ်ရေယာဉ်များတွင် တာဝန်ပေးအပ်ပြီး ပင်လယ်ပြင်စစ်ဆင်ရေးနှင့် လေ့ကျင့် ရေး များတွင် လက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

 

တပ်မတော်(ရေ)ကို ယခင်ကစစ်ရေယာဉ်(မေယု)ဖြင့် စတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့ကာ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များမှတစ်ဆင့် ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲပြီး ကိုယ်တိုင်တည်ဆောက်နိုင်သည့် စစ်ရေယာဉ်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group