Published 13 Dec 2022

စက်သုံးဆီတွေကို တတ်နိုင်သမျှချွေတာသုံးစွဲဖို့အတွက်  စက်ဘီးကဲ့သို့သော ယာဉ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုတယ်လို့ နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနှင့် တွေ့ဆုံရာမှာ ဗိုလ်ချူပ်မှူးကြီးက အဆိုပါအတိုင်းပြောဆိုခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“ စက်သုံးဆီတွေကိုပြည်ပမှနှစ်စဉ်တင်သွင်းနေရလို့ နိုင်ငံခြားငွေသုံးစွဲမှုတွေ များစွာကုန်ကျနေပါတယ်။ အဲဒါကြောင့် စက်သုံးဆီတွေကို တတ်နိုင်သမျှချွေတာသုံးစွဲကြဖို့လိုပါတယ်။ စက်သုံးဆီသုံးစွဲဖို့မလိုတဲ့ စက်ဘီးကဲ့သို့သော ယာဉ်တွေကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုပါတယ်။ စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာကို ပို့ဆောင်နိုင်တဲ့ ရထားဖြင့်သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရပါမယ်” လို့ နစက ဥက္ကဋ္ဌကပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့အရင်းအမြစ် မီဂါဝပ် ၄ သောင်းခန့်ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းတွေရပ်တန့်ခဲ့ရတယ်၊ ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်များစွာရှိပြီးဖြစ်လို့ အကျိုးရှိရှိအသုံးချစေလိုတယ်လို့ ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန်လက်ထက်မှာ ရပ်ခဲ့တဲ့ ကချင်ပြည်နယ်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုတော့ အမည်နာမရည်ညွှန်းပြောဆိုသွားခြင်းမရှိပါဘူး။

ကချင်ပြည်နယ်မှလုပ်ငန်းရှင်တွေက MSMEလုပ်ငန်းတွေအခက်အခဲကြုံတွေ့နေရမှုနှင့် အစိုးရမှလိုအပ်တာ တွေကူညီပေး ဖို့၊ ဒေသထွက်ကုန်ကြမ်းတွေကနေ ကုန်ချောတွေကို ပြည်ပသို့တင်ပို့ရာမှာ ကုန်သွယ်ခွန်နှုန်းထားလျှော့ချစေရေး သက်ဆိုင်ရာနိုင်ငံတွေနှင့် ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ အတိုးနှုန်းသက်သာသည့် ရင်းနှီးမတည်ချေးငွေများရယူလိုမှုနှင့် အခြားအချက်အလက်တွေကိုတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာထုတ်ကုန်တွေကို လုံလောက်စွာထုတ်လုပ်နိုင်လျှင် ကုန်ဈေးနှုန်းတွေကျဆင်းလာလိမ့်မယ်လို့ ဗိုလ်ချူပ်မှူး ကြီးက ပြန်လည်ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ဒေသထွက်ပစ္စည်းတွေကိုအခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ကာ ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်မည်ဆိုပါက အကျိုးရှိမယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက တိုက်တွန်းပြောဆို ပါတယ်။

နစက ဥက္ကဋ္ဌဟာ MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းဒေသကြီးနှင့်ပြည်နယ်တွေက လုပ်ငန်းရှင်တွေနှင့် တိုက်ရိုက် ထိတွေ့ဆွေးနွေးမှုတွေလုပ်ဆောင်နေရာမှာ ယခု ကချင်ပြည်နယ်မှာလည်း အလားတူတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီ့အပြင် နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချူပ်မှူးကြိး မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၁၃ရက် မနက်ပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုတွေကိုတွေ့ဆုံပြီး နိုင်ငံ့ သမိုင်း ကြောင်းဖြတ်သန်းခဲ့မှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေ၊ တပ်မတော်က ထိန်းသိမ်းဆောင်ရွက်နေရတဲ့  အခြေအနေတွေ၊ရှင်းလင်းပြောဆိုခဲ့တယ်လို့  သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

-ymg/knl

#Myanmar_Politics