#Local _News
Published _ 5 December 2022

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်အဌားလိုင်းခန်း၏ အခန်းတွင်း၌ မနန်းအွန်ကျောက်(ခ)နန်းအွန်ပင်း အသက် (၁၇) နှစ်အား ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်မွန်းလွဲပိုင်းက သေဆုံးလျက်တွေ့ရှိခဲ့ရသည်ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

 

အဆိုပါ နေ့မွန်းလွဲ ၂ နာရီခန့်က ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်လိုင်းခန်းငှားတစ်ခု၏ အခန်းတွင်း၌ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

 

သေဆုံးသူသည် မိုင်းယောင်းမြို့နေ မနန်းအွန်ကျောက်(ခ)နန်းအွန်ပင်းဟု အမည်ရပြီး အသက် (၁၇)နှစ်ဖြစ်ကာ တာဝန်ရှိသူများ၏ စစ်ဆေးမှုများပြုလုပ်ပြီးနောက် သေဆုံးရသည့်အကြောင်းရင်းအား ရင်ခွဲစစ်ဆေးနိုင်ရန် ရုပ်အလောင်းကို တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

"ကလေးမလေးကို အခန်းထဲမှာ သေဆုံးလျှက်အနေအထားနဲ့တွေ့တယ်။ ရင်ခွဲ ဆရာဝန်တွေဆီပို့ပေးပြီးတဲ့နောက် ရလဒ်ထွက်တော့ သူက သမားရိုးကျသေဆုံးတာလို့ သိရပါတယ်" ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက ဆိုသည်။

 

ဆရာဝန်များ၏ ရင်ခွဲစစ်ဆေးမှုပြီးနောက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ရုပ်အလောင်းအား သဂြိုလ်နိုင်ရန် တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးမှတဆင့် မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိ ဘုန်းတော်ကြီးကျောင်း နာရေးဆောင်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရသည်။

#ymg/NN
#Yangon_Media_Group