Published 2 December 2022

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀(စ) အရ  တို့တာဝန်အရေး(၃)ပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်မှာ အဓိကတာဝန်ရှိတဲ့အတွက် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ Guardian အဖြစ် အဆိုပါတာဝန်တွေကိုထမ်းဆောင်သွားမယ်လို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကပြောလိုက်ပါတယ်။

ဒီဇင်ဘာ ၂ရက် သောကြာနေ့(ယနေ့) နံနက်က ပြင်ဦးလွင်မြို့မှာကျင်းပတဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄) သင်တန်းဆင်းဂုဏ်ပြု အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးက ယင်းကဲ့သို့ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“မိမိတို့နိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ဟာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို  စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်။ ဒါကြောင့်တပ်မတော်အနေနှင့် နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင်ပြုလုပ်လာတဲ့ အပြူအမူမှန်သမျှကို ဥပဒေနှင့်အညီ ကာကွယ်တားဆီးခြင်းဟာ သမိုင်းပေးတာဝန်ထမ်းဆောင်ခြင်းသာဖြစ်တယ်” လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောဆိုပါတယ်။

၂၀၂၀ပြည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ဆိုးရွားလှတဲ့ မဲမသမာမှုများကိုဖန်တီးပြီး နိုင်ငံတော်အာဏာကို အတင်းရယူရန်ကြိုးပမ်းခဲ့သူတွေကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေပေါ်ပေါက်ပြီး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကိုရယူထိန်းသိမ်းခဲ့ရတာဖြစ်ကြောင်း သူကထပ်မံပြောဆိုပါတယ်။

အဲဒီအပြင် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုအဖြစ် တည်ဆောက်သွားမယ်လို့ လည်း ဗိုလ်ချူပ်မှူးကြီးက ကတိပေးပြောဆိုပါတယ်။

“ဖြတ်သန်းခဲ့တဲ့သမိုင်းအတွေ့အကြုံများအရ တို့နိုင်ငံကိုတည်ဆေက်ရာမှာ ပါတီစုံဒီမိုကရေစီ စနစ်တစ်ခုတည်းနှင့်မပြည့်စုံဘဲ တိုင်းရင်းသားအားလုံး ပေါင်းစည်းနေထိုင်ပြီး အခွင့်အရေးမျှဝေခံစားနိုင်တဲ့ ပြည်ထောင်စုစနစ်တည်ဆောက်သွားခြင်းဟာ တို့နိုင်ငံအတွက် အသင့်တော်ဆုံးဆိုတာ တွေ့ရှိရမှာဖြစ်တယ်ဒါကြောင့်နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားရမှာဖြစ်တယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေကို နိုင်ငံအနှံ့အကြားအလပ်မရှိ ကျင်းပပေးနိုင်ဖို့လိုအပ်တယ်လို့လည်း နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို  ဗိုလ်ချူပ်မှူးကြီးက ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

“စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေဖို့ အခြေခံဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပဲဖြစ်တယ် ဒါကြောင့်နောင်ပြုလုပ်မယ့်ရွေးကောက်တွေပွဲမှာ တိုင်းရင်းသားတွေ ဒေသတွေနှင့် နိုင်ငံအနှံ့ လူထူလူတန်းစားအလွှားအသီးသီးကို ကိုယ်စားပြူသူတွေ ဝင်ရောက် အရွေးချယ်ခံနိုင်ဖို့နှင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လိုအပ်တယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ယခုနှစ်ကစတင်ပြီး ခြေလှမ်းးသစ်များနှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ နိုင်ငံနှင့်ပြည်သူအတွက် ရလာဒ်ကောင်းတွေ ရရှိခဲ့တယ်လို့လည်း သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“တပ်မတော်အနေနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကိုချမှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံတဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ နိုင်ငံတော်အစိုးရ ပြည်သူတို့နှင့်အတူအားသွန်ခွန်စိုက်ကြိုးပမ်းနေခြင်းပဲဖြစ်တယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လက်တွေ့ကျကျတိုးတက်လာစေရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် တွေ့ဆုံမှုတွေပြုလုပ်လျက်ရှိရာမှာ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ဒေသနှင့်တိုင်းပြည်အတွက် ပကတိလိုအပ်ချက်တွေကို ညှိနှိုင်းဆွေးနွေးလျက်ရှိနေတယ်။ ဒီလိုဆွေးနွေးတဲ့နေရာမှာ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ရလာဒ်ကောင်းတွေ ရရှိခဲ့တယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ဗိုလ်လောင်းတွေကို အသိပေးမိန့်ကြားခဲ့ပါတယ်။

အဆိုပါ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ညိနှိုင်းကွပ်ကဲရေးမှူး(ကြည်းရေလေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချူပ်ကြီးမိုးအောင်၊ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချူပ်ကြီးထွန်းအောင်နှင့် တပ်မတော် အရာရှိကြီးတွေ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှုးတွေနှင့် အခြားဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

-ymg/knl

#Myanmar_Politics_Military

#DSA