#LocalNews
Published_27 November 2022

 

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့အကြား မြေပြင်ပစ်ခတ်မှုများကို ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

"ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိပါတယ်။မြေပြင်မှာတော့ တိုက်ခိုက်မှုမရှိတာ လေးရက်လောက် ရှိပါပြီ"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က YMG ကို ပြောသည်။

 

AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခက်ရပ်စဲရေး အလွတ်သဘော သဘောတူညီမှုကို နိုဝင်ဘာလ ၂၆ ရက်က စတင်၍ ရယူထားကြောင်းလည်း မီဒီယာအချို့ကို ပြောထားသေးသည်။

 

ယင်းသို့ အပစ်ရပ်စဲရေးမှာ ယခင်က ပြုလုပ်သည့်အတိုင်း အလွတ်သဘော အပစ်ရပ်စဲရေးဖြစ်ကြောင်းနှင့် ကြားခံချိတ်ဆက်ဆောင်ရွက်ပေးသူများက တစ်ဆင့် ညှိနှိုင်းခဲ့ကြခြင်းဖြစ်ကြောင်း၊လက်ရှိတွင် ရောက်သည့်နေရာတွင် အပစ်ရပ်ခဲ့ကြခြင်းဖြစ်ကြောင်း၊သို့သော်လည်း ယင်းတို့အနေဖြင့် နိုင်ငံရေးရပ်တည်ချက်က မပြောင်းလဲကြောင်း ခိုင်သုခ ၏ ပြောကြားချက်အရ သိရသည်။

 

ရခိုင်ပြည်နယ်တွင် မူလအပစ်ရပ်ထားရာက ပြီးခဲ့သည့် ဇူလိုင်လကစ၍ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ နှစ်ဖက်အထိနာမှုများရှိခဲ့ကာ ဒေသခံ စစ်ရှောင်အရေအတွက်လည်း များလာခဲ့ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group