#LocalNews
Published_27 November 2022

 

ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်သမားများကို လုံးဝခွင့်မပြုထားကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်- မြန်မာပူးပေါင်း၍ ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေကို အသုံးချ၍ အခြားနိုင်ငံအပေါ် ဆန့်ကျင်မည့် မည်သည့်အုပ်စုကိုမဆို ခွင့်ပြုသွားမည်မဟုတ်ဘဲ ရှာဖွေစုံစမ်းပိတ်ဆို့ တားဆီးနှိမ်နင်းမှု စတင်မည်ဖြစ်ကြောင်းသိရသည်။

 

နိုဝင်ဘာလ ၂၃ ရက်က ၂၅ ရက်ထိ ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေးတွင် အထက်ပါ အကြောင်းအရာ အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်မှုများဆောင်ရွက်ရန်၊ တပ်ရင်းမှူး အဆင့်၊ ဒေသ ကွပ်ကဲမှုအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးတို့ကို နှစ်ဘက်သဘော တူညီထားသည့်အတိုင်း လစဉ်၊ နှစ်စဉ်ကျင်းပပြုလုပ်ရန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများကို ကြိုတင်တားဆီး ကာကွယ်သွားရန်၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုသည် မူးယစ်ဆေးဝါးနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ခိုးဝင်မှုများ ဖြစ်ပေါ်စေသဖြင့် တားဆီးနှိမ်နင်းရေး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာရှိ ကြီးအဆင့် ဆက်သွယ်မှုများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်ကြရန်၊ ယုံကြည်မှု တည်ဆောက်ခြင်း တိုးမြှင့် နိုင်ရေးအတွက် အပြန်အလှန်လည်ပတ်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် တွေ့ဆုံဆွေးနွေး မှုများ အခါအားလျော်စွာ ကျင်းပသွားရန်တို့ကိုလည်း ဒီဇင်ဘာလတွင် စတင်အကောင် အထည်ဖော်ဆောင်ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

 

အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများကို ဘင်္ဂလားဒေ့ရှ်နယ်မြေတွင် လုံးဝအခြေပြုခိုအောင်းခွင့် ပြုမည်မဟုတ်ကြောင်း၊ တားဆီးနှိမ်နင်းရေးကို မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပိုမိုပူးပေါင်းဆောင်ရွက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်နိမိတ်မျဉ်းတစ်လျှောက် နှစ်ဘက် ညှိနှိုင်းကင်းလှည့်ခြင်း၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုကောင်းမွန်အောင် အပြန်အလှန် နားလည်ယုံကြည်မှုများ တည်ဆောက်ခြင်း ၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက် ကုန်းမြေနှင့်မြစ်ကြောင်းအတွင်း ပူးတွဲကင်းလှည့်မှုများ ပိုမိုဆောင်ရွက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်းဖက်မှုနှင့် အကြမ်းဖက်အုပ်စုများတိုက်ဖျက်ရေး၊ ရာဇဝတ်ဂိုဏ်းများ၏ နယ်စပ်ဖြတ်ကျော်သွားလာမှုများ ကြိုတင်ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ တရားမဝင် နယ်နိမိတ်ဖြတ်ကျော်ခိုးဝင်ခိုးထွက်မှုများ ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးစသည်တို့ကိုဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group