#Local_News
Published_ 25 November 2022

 

ရုရှားနိုင်ငံရှိ မော်စကို နိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်၊ ရုရှားပြည်သူ့ ချစ်ကြည်ရေးတက္ကသိုလ်၊ Pushkin ပြည်နယ်ရုရှား ဘာသာစကားအင်စတီကျု စသည့် တက္ကသိုလ်များမှ မြန်မာပညာတော်သင်များ ပိုမိုတိုးချဲ့ခေါ်ယူရေး၊ မြန်မာနိုင်ငံမှ အသိပညာရှင် Think Tanks အဖွဲအစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအကြားအပြန်အလှန်နားလည်မှု မြှင့်တင်ရေး ကိစ္စရပ်များကို နိုဝင်ဘာ ၂၄ ရက်တွင် ဆွေးနွေးခဲ့ပါတယ်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်း ဦးဆောင်သော ရုရှားဖက်ဒရေရှင်းနိုင်ငံမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

 

ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး မြှင့်တင်ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့မှုမြှင့်တင်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိုလည်း ဆွေးနွေးကြပါတယ်။

 

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုနိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်၊ ရုရှားပြည်သူ့ ချစ်ကြည်ရေး တက္ကသိုလ်တိုမှ ဒုတိယပါမောက္ခချုပ်များ၊ Pushkin ပြည်နယ် ရုရှားဘာသာစကားအင်စတီကျုမှ နိုင်ငံတကာရေးရာဌာနမှူးနှင့် The Alexander Gorchakov Public Diplomacy Fund မှ ဒုတိယအမှုဆောင်ဒါရိုက်တာတို့ တက်ရောက် ကြကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group