Published 24 Nov 2022

အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ထပ်မံထူထောင်ပေးမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက် ကြာသပတေးနေ့ က နေပြည်တော်မှာကျင်းပတဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်ကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ နိုင်ငံတော်အနေနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကို ကျပ်ဘီလီယံ၄၀၀၀နှင့် မတည်ထူထောင်ပေးထားပြီးဖြစ်ပါတယ်။ မကြာမီကာလမှာ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကိုလည်း ထပ်မံထူထောင်ပေးဖို့ ဆောင်ရွက်လျက်ရှိပါတယ်” လို့  ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချူပ်မှူးကြီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲသလိုရန်ပုံငွေတွေမတည်ပေးနေတာဟာ ကိုဗစ်-၁၉ ကြောင့်ကျဆင်းခဲ့ရတဲ့ နိုင်ငံ့စီးပွားရေးပြန်လည်မြှင့်တင်ပေးဖို့ ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌကပြောပါတယ်။

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံကြီးတွေအကြား စစ်ရေး၊နိုင်ငံရေးအားပြိုင်မှုတွေ၊ကမ္ဘာ့ရွှေဈေး၊ရေနံဈေး မတည်ငြိမ်မှုတွေက တစ်ဆင့် အထွေထွေကုန်ဈေးနှုန်းတွေမြင့်တက်လာတာ။ငွေကြေးဖောင်းပွလာတာနှင့်အမေရိကန်ဒေါ်လာငွေကြေး တန်ဖိုးမြင့်တက်လာတာတွေကြောင့် အခြားနိုင်ငံတွေရဲ့ ပြည်တွင်သုံးငွေတန်ဖိုးကျဆင်းမှုတွေစတဲ့ အခြေအနေတွေအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေနှင့် ရင်ဆိုင်နေရတယ်လို့လည်း ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒါကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးတွေကို အားပေးမှာဖြစ်ပြီး အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးတွေတိုးတ်ကဖို့လည်းအားပေးသွားမယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။

ယခုအစည်းအဝေးမှာ  ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့် ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

-ymg/knl

#Myanmar_Finanace_Meeting