#Local_News
Published_ 22 November 2022

 

မြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ သန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ဒီကနေ့တွင် ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

 

ဒေါက်တာသက်ခိုင်ဝင်းက အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၈) သန်းကျော်တန်ဖိုးရှိ အိမ်သုံးဆေးဝါးများ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ၊ ပဋိဇီဝဆေးများ၊ နာတာရှည် ရောဂါဆိုင်ရာဆေးဝါးများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများစသည်တို့ လှူဒါန်းရသည့် အကြောင်းအရင်းအား ရှင်းလင်း ပြောကြားပါတယ်။ စက်တင်ဘာ ၂ ရက်တွင်လည်း နစကဥက္ကဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁,၀၀၀) ကိုလည်းလွဲပြောင်းလှူဒါန်းခဲ့ ပါသေးတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးက ပြောကြားရာတွင် ၂၀၁၇ ခုနှစ် သီရိလင်္ကာနိုင်ငံတွင် ရေဘေးကြုံတွေ့ရသည့် အချိန်တွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန် တန် (၃၀၀) လှူဒါန်းပေးခဲ့ပါကြောင်း၊ ယခုနှစ် စက်တင်ဘာ ၂ ရက်ကလည်း ဆန်တန်ချိန် (၁,၀၀၀) လှူဒါန်းပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကူညီထောက်ပံ့ပေးမှုများသည် သီရိလင်္ကာနိုင်ငံ၏ ခက်ခဲသည့်အချိန်များတွင် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံပီသမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများအား အလေးထားကြောင်း ပြသရာရောက်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါတယ်။

 

သီရိလင်္ကာနိုင်ငံသို့ ယနေ့လှူဒါန်းသည့် ဆေးဝါးနှင့်ဆေးပစ္စည်းများသည် ကျန်းမာရေးဝန်ကြီးဌာနှင့် မြန်မာနိုင်ငံဆေးနှင့်ဆေး ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ပူးပေါင်းလှူဒါန်းခြင်းဖြစ်ပြီး တန်ဖိုးငွေအားဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၈ သန်း ကျော် တန်ဖိုးရှိကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. J.M.J.P Bandara၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။

 

#ygm_mnn
#Yangon_Media_Group