#Local_News
Published_21 November 2022

 

စီဘီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့၏ ရွှေဘုံသာဘဏ်ခွဲ​များတွင်လူပုဂ္ဂိုလ်ခုနစ်ဦးက ယင်းတို့၏ ဘဏ်ငွေစာရင်းမှ ငွေသားဖြင့်အပ်ငွေ အမြောက်အမြားကို ထုတ်ယူခဲ့သည့်အတွက် ကွင်းဆင်းစစ်ဆေးရန် ရွှေဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး ဆပ်ကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။

 

အဆိုပါလူပုဂ္ဂိုလ်ခုနစ်ဦးသည် ကျပ် ၄ ဒသမ ၉ ဘီလျံနီးပါးထုတ်ယူခဲ့ပြီးနောက် ယင်းတို့သည် ရွှေအရောင်း/အဝယ် ပြုလုပ်နေသူများဖြစ်သည့်အတွက် ငွေအမြောက်အများထုတ်ယူခြင်းနှင့် စပ်လျဉ်းပြီး ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

 

ဗဟိုဘဏ်က FATF ၏ အကြံပြုချက်ပါ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ (AML/CFT) စံသတ်မှတ်ချက်များအား လိုက်နာမှုရှိမရှိသည့်အတွက် အမည်ပျက်စာရင်းသွင်းခံရပြီး ယင်းမတိုင်မီ ပြည်တွင်းပုဂ္ဂလိက ဘဏ်ကိုးခုကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် မိုဘိုင်းလ်ငွေပေးချေမှုများအပေါ်ကိုလည်း တင်းကျပ်မှုများ ပြုလုပ်လာပြီး အကောင့်ဖွင့်ထားသူများသည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့် သုံးစွဲသူများ၏ အချက်အလက်များကို အတိအကျဖြည့်သွင်းပြင်ဆင်ရန် ညွှန်ကြားခဲ့ပြီး အချက်အလက် မပြည့်စုံသော အကောင့်များကိုလည်း ပိတ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ပြည်ပငွေလွှဲကုမ္ပဏီများကိုလည်း ဗဟိုဘဏ်က ထပ်မံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/STH
#Yangon_Media_Group